Untitled-1

မြန်မာနိုင်ငံမှာ အထွေထွေ ရွေးကောက်ပွဲကို ၂၀၁၅ ခုနှစ် နိုဝင်ဘာလ အတွင်း ကျင်းပဖို့ ပြင်ဆင်ထားပါတယ်။ လာမယ့် ရွေးကောက်ပွဲ ကျင်းပတဲ့ အခါ ၀င်ရောက် ယှဉ်ပြိုင်သူတွေ အနေနဲ့ လွတ်လပ်မှု၊ မျှတမှု ရှိရေးဟာ အရေးကြီးသလို၊ ဒီအချက်တွေဟာ မြန်မာနိုင်ငံရဲ့ အနာဂတ် နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး အခြေအနေကို အဆုံးအဖြတ် ပေးမှာ ဖြစ်ပါတယ်။

အခု လောလောဆယ် အခြေအနေမှာ နိုင်ငံတကာ ငြိမ်းချမ်းရေး သုတေသီတွေ၊ ရွေးကောက်ပွဲ စောင့်ကြည့်ရေး အဖွဲ့အစည်းတွေ အနေနဲ့ “မြန်မာနိုင်ငံမှာ ၂၀၁၅ ရွေးကောက်ပွဲ ကျင်းပရင် ရွေးကောက်ပွဲ ဆိုင်ရာ ပဋိပက္ခ၊ အဓိကရုဏ်း၊ ရုန်းရင်းဆန်ခတ် ဖြစ်ပွားမှုတွေ ပေါ်ပေါက်နိုင်တယ်” လို့ ထင်မြင်ကြပါတယ်။

လက်ရှိ နိုင်ငံရေး အခြေအနေ၊ ရွေးကောက်ပွဲ ဆိုင်ရာ ပဋိပက္ခ ဖြစ်တန်ခြေ အစရှိတဲ့ ကိစ္စတွေနဲ့ စပ်လျဉ်းပြီး University of Oslo မှာ နိုင်ငံရေးသိပ္ပံ ပါရဂူသင်တန်း တက်ရောက်နေတဲ့ ကိုစိုးမြင့်အောင်နဲ့ တွေ့ဆုံ မေးမြန်းထားပါတယ်။ ကိုစိုးမြင့်အောင်ဟာ တကောင်းနိုင်ငံရေးလေ့လာမှုအဖွဲ့ရဲ့ ဒါရိုက်တာဘုတ်အဖွဲ့ဝင် ဖြစ်ပါတယ်။

မောင်ကျပ်ခိုး – ပြီးခဲ့တဲ့ ရက်ပိုင်း အတွင်းမှာ အစိုးရ အနေနဲ့ ကျောင်းသား သပိတ်၊ အလုပ်သမား သပိတ်တွေကို အင်အားသုံး ဖြိုခွင်းခဲ့ပါတယ်။ ဒီလို ဖြိုခွင်းတဲ့ အခါမှာ စွမ်းအားရှင် လို့ ယူဆရတဲ့ အဖွဲ့တွေကို ထည့်သွင်း အသုံးချပြီး ဖြိုခွင်းခဲ့တာ တွေ့ရပါတယ်။ အစိုးရ အဖွဲ့ဝင်တွေ အနေနဲ့ ဒီအချက်ကို ငြင်းဆို ပေမယ့် ပြည်သူ အများစုကတော့ မယုံကြည်ကြပါဘူး။ အထူးသဖြင့် ပြည်သူ အချို့ အနေနဲ့ လာမယ့် ရွေးကောက်ပွဲမှာ လက်ရှိ အာဏာရ ပါတီ ဒါမှမဟုတ် အစိုးရ အဖွဲ့ဝင်တွေ အနေနဲ့ စွမ်းအားရှင် ဒါမှမဟုတ် အလားတူ အဖွဲ့အစည်းတွေကို အသုံးချပြီး ရွေးကောက်ပွဲ မသမာမှုတွေ ဆောင်ရွက်နိုင်တယ်လို့ ယူဆနေကြပါတယ်။ ဦးစိုးမြင့်အောင်ရဲ့ ထင်မြင် ယူဆချက်ကို သိပါရစေခင်ဗျ။

ကိုစိုးမြင့်အောင်  – ဆန္ဒပြတာကို တုံ့ပြန်နိုင်တဲ့နည်း အမျိုးမျိုးရှိပါတယ်။ ဒီမိုကရေစီ လမ်းကြောင်းကို သွားနေတဲ့ နိုင်ငံတွေမှာ လူထုဆန္ဒပြတယ် ဆိုတာ ရှောင်လွှဲလို့ မရတဲ့ ကိစ္စပါပဲ။ လူထု အနေနဲ့ လိုအပ်ချက် ရှိလို့ လမ်းပေါ်ထွက်ပြီး ဆန္ဒပြကြရင် အစိုးရ အနေနဲ့ အတတ်နိုင်ဆုံး သိမ်မွေ့တဲ့ နည်းလမ်းတွေကို အသုံးပြုပြီး ဖြေရှင်းရမယ့် တာဝန် ရှိပါတယ်။

အထူးသဖြင့် နိုင်ငံရေး ပွင့်လင်းစ ပြုလာတဲ့ အချိန်မှာ နိုင်ငံတကာ အဖွဲ့အစည်းတွေက မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ကို စွမ်းရည် မြှင့်တင်ရေး သင်တန်းတွေ ပေးနေတာ ရှိနေပါပြီ။ ဒီသင်တန်းတွေမှာ ရဲအနေနဲ့ လုပ်သင့်တာ၊ မလုပ်သင့်တာတွေလဲ ပါမှာပဲ။ လူမြင်ကောင်းရုံ ဟန်ပြလောက်ပဲ လုပ်ပြတယ်ဆိုရင်တော့ ဘယ်ဟုတ်မလဲ။

နောက်ဆုံး ညှိနှိုင်းလို့ မရတော့တဲ့ အခြေအနေ ရောက်ပြီ ဆိုရင်တောင် အစိုးရ အနေနဲ့ ငြင်သာ သိမ်မွေ့စွာနဲ့ ဖြေရှင်းဖို့ သင့်ပါတယ်။ ဟောင်ကောင် ကျောင်းသား သပိတ်၊ Occupy Wall Street သပိတ်တွေမှာ ဆိုရင် သပိတ်သမားတွေ အနေနဲ့ မြို့တွင်း အချက်အခြာကျတဲ့ နေရာတွေ၊ စီးပွားရေး အဆောက်အအုံတွေ အနီးတစ်ဝိုက်မှာ ရက်ရှည် တပ်စွဲပြီး ဆန္ဒပြတာကို သက်ဆိုင်ရာ အစိုးရတွေအနေနဲ့ ဖြည်းဖြည်းချင်း ရုပ်ပျက် ဆင်းပျက် နည်းအောင် ဖြေရှင်းခဲ့တာကို တွေ့ရမှာပါပဲ။

လက်ပံတန်းမှာ တပ်စွဲနေတဲ့ ကျောင်းသားတွေကို နှိမ်နှင်းတဲ့ ကိစ္စကတော့ အဆုံးသတ်မှာ နှစ်ဦးနှစ်ဘက်လုံးကို အကျိုး မရှိစေတဲ့ လုပ်ရပ် ဖြစ်သွားတာပေါ့။ ဘာကြောင့်လဲ ဆိုတော့ လေးပွင့်ဆိုင် တွေ့ဆုံရေးမှာ ညှိုနှိုင်းခဲ့တဲ့ အချက်တွေ အောင်မြင်ပြီလား၊ မအောင်မြင်ဘူး ဆိုတာ ပြည်သူတွေ အနေနဲ့ မသိရတော့ဘူး။ အစိုးရ အနေနဲ့ ကတိက၀တ်ကို ဘယ်လောက် လိုက်လျောမယ် ဆိုတာ ပြည်သူ အနေနဲ့ မသိရတော့ဘူး။

တစ်ချိန်တည်းမှာပဲ ကျောင်းသား၊ ကျောင်းသူတွေကို ဖမ်းဆီး ချုပ်နှောင်ထားတဲ့ ကိစ္စ တစ်ခု ထပ်ပြီး တိုးလာပါတယ်။ ဒီလို အကြမ်းဖက် နည်းလမ်း သုံးပြီး ဖြေရှင်းတာ မှန်ကန်တဲ့ နည်းလမ်း မဟုတ်သလို ပြဿနာကို ပြေလည်အောင် ဖြေရှင်းပေးမှာလည်းမဟုတ်ဘူး။

အဆိုးဆုံး အချက်ကတော့ သပိတ်ဖြိုခွင်းမှုတွေမှာ စွမ်းအားရှင်လို့ ယူဆရတဲ့ အဖွဲ့အစည်းတွေကို တရားဥပဒေအရလို့ အကြောင်းပြပြီး ထည့်သွင်း အသုံးပြုတာ၊ နောက်ပြီး လက်ပံတန်း ဖြိုခွင်းမှုမှာ ရဲတပ်ဖွဲ့ အင်အားကို အလွန်အမင်း သုံးစွဲခဲ့တာတွေပဲ ဖြစ်ပါတယ်။ တစ်ဘက်နဲ့ တစ်ဘက် ယုံကြည်မှု နည်းပါးတဲ့ အခြေအနေမှာ ဒီလို လုပ်ရပ်တွေကြောင့် အစိုးရနဲ့ ပြည်သူ၊ အစိုးရနဲ့ ကျောင်းသား၊ အစိုးရနဲ့ လူမျိုးစုအဖွဲ့ အစရှိတဲ့ အင်အားစုတွေ အကြား ယုံကြည်မှုကို ပိုပြီး လျော့နည်း သွားစေပါတယ်။ ဒါ့အပြင် အသွင် ကူးပြောင်းရေး လုပ်ငန်းစဉ်တွေကိုပါ အများကြီး အဟန့်အတား ဖြစ်စေနိုင်ပါတယ်။

ငြိမ်းချမ်းတဲ့ ရွေးကောက်ပွဲ ကျင်းပနိုင်ရေး အတွက်တော့ ဖြစ်စဉ်မှာ ပါဝင် ပတ်သက်သူတွေ အနေနဲ့ သတင်းစာ၊ လူမှု မီဒီယာတွေ ကနေ တစ်ဆင့် ပြဿနာ ဖြစ်ပွားစေမယ့်  ကိစ္စတွေ၊ လှုံ့ဆော် ဖြန့်ချိတာကို ဆင်ခြင်ရမှာ ဖြစ်ပါတယ်။ အထူးသဖြင့် အစိုးရ အနေနဲ့ ပိုပြီး တာဝန် ရှိပါတယ်။ မယုံတစ်ဝက်၊ ယုံတစ်ဝက်နဲ့ ခရီးဆက်နေရတဲ့ အချိန်မှာ အစိုးရ အနေနဲ့ အပြော တစ်မျိုး အလုပ် တစ်မျိုး မဖြစ်အောင် ပိုပြီး ဆင်ခြင်ရမယ့် တာဝန် ရှိပါတယ်။

မောင်ကျပ်ခိုး – အခု လောလောဆယ် အခြေအနေမှာ နိုင်ငံတကာ ငြိမ်းချမ်းရေး သုတေသီတွေ၊ ရွေးကောက်ပွဲ စောင့်ကြည့်ရေး အဖွဲ့အစည်းတွေ အနေနဲ့ “မြန်မာနိုင်ငံမှာ ၂၀၁၅ ရွေးကောက်ပွဲ ကျင်းပရင် ရွေးကောက်ပွဲ ဆိုင်ရာ ပဋိပက္ခ၊ အဓိကရုဏ်း၊ ရုန်းရင်းဆန်ခတ် ဖြစ်ပွားမှုတွေ ပေါ်ပေါက်နိုင်တယ်” လို့ ထင်မြင်ကြပါတယ်။ ကိုစိုးမြင့်အောင် အနေနဲ့ ဘယ်လို ထင်မြင် ယူဆပါသလဲ။

ကိုစိုးမြင့်အောင်  – ရွေးကောက်ပွဲ အကြမ်းဖက်မှု ဖြစ်ခြင်း၊ မဖြစ်ခြင်းဟာ ရွေးကောက်ပွဲ ဖြစ်စဉ်မှာ ပါဝင် ပတ်သက်တဲ့ လူပုဂ္ဂိုလ် အဖွဲ့အစည်းတွေ အပေါ်မှာ အများကြီး မူတည်ပါတယ်။ ရွေးကောက်ပွဲ ဖြစ်စဉ်မှာ ပါဝင်တဲ့ လူပုဂ္ဂိုလ် အဖွဲ့အစည်းတွေ အနေနဲ့ ပြဿနာ ပေါ်ပေါက်ခဲ့ရင် ဘယ်လို ဖြေရှင်းနည်းမျိုးနဲ့ ဖြေရှင်းကြသလဲ ဆိုတဲ့ အချက်က အရေးကြီးပါတယ်။ စေ့စပ်ညှိနှိုင်း ဆွေးနွေးပြီး ဖြေရှင်းမှာလား။ ဒါမှမဟုတ်ရင် အကြမ်းဖက် အင်အားသုံးပြီး ဖြေရှင်းသလား ဆိုတာပေါ့။ ဒီအပေါ်မှာ မူတည်ပါတယ်။

မောင်ကျပ်ခိုး – လာမယ့် ရွေးကောက်ပွဲကြောင့် လက်ရှိ အခြေအနေဟာ ပိုပြီး ဆိုးရွားသွားနိုင်သလို ပိုပြီး ကောင်းလာတာလည်း ရှိနိုင်ပါတယ်။ ဒီလို အကျပ်အတည်း ကာလမှာ မြန်မာ ပြည်သူလူထု အနေနဲ့ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် ဘယ်လိုများ ပါဝင် ပံ့ပိုးနိုင်မလဲ။ ပြည်သူလူထု အနေနဲ့ လာမယ့် ရွေးကောက်ပွဲ လွတ်လပ်မှု၊ မျှတမှု ရှိရေးအတွက် ဘယ်လိုများ ပါဝင် ဆောင်ရွက်နိုင်မလဲ။ ရပ်ရွာ အခြေပြု ရွေးကောက်ပွဲ စောင့်ကြည့်ရေး ဆိုင်ရာ ဘက်မလိုက် အဖွဲ့အစည်းတွေ အနေနဲ့ ရွေးကောက်ပွဲ လွတ်လပ်မှု၊ မျှတမှု ရှိရေးနဲ့ ကြံ့ခိုင်တဲ့ ဒီမိုကရေစီ စနစ် ထွန်းကားရေးမှာ ဘယ်လို ဆောင်ရွက်နိုင်မလဲ ဆိုတာကို သိပါရစေ ခင်ဗျ။

ကိုစိုးမြင့်အောင် – မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ အခြေအနေက ပြည်သူတွေ အနေနဲ့ နိုင်ငံရေး ဖြစ်စဉ်မှာ ပါဝင်လာဖို့ ကန့်သတ်ချက်တွေ ရှိနေပါတယ်။ နိုင်ငံရေး ဖြစ်စဉ်နဲ့ ပြည်သူတွေနဲ့ နိစ္စဓူဝ ရှင်သန် လှုပ်ရှားမှုတွေ ဆက်စပ်မှု အားနည်းနေပါတယ်။ ဒါ့အပြင် နိုင်ငံရေး ပါတီတွေ အနေနဲ့လည်း လူမှုအဖွဲ့အစည်းတွေ၊ ပြည်သူတွေနဲ့ ထိတွေ့ ဆက်ဆံမှု အပိုင်းမှာ အဆက်ပြတ်နေသလို ဖြစ်နေပါတယ်။ လူထုကို လိုရင်ခေါ်လိုက်မယ်ဆိုပြီး သုံးတာမျိုးတွေပဲ ဖြစ်နေတယ်။

ဒီလိုပဲ အစိုးရ ယန္တရား အနေနဲ့ကလည်း ပြည်သူ အများစုနဲ့ ထိတွေ့ ဆက်ဆံမှု နည်းပါးနေတယ်။ လက်ရှိ နိုင်ငံရေး ဆွေးနွေးမှု၊ မူဝါဒ ချမှတ်မှု အစရှိတဲ့ ကိစ္စတွေဟာ အထက်တန်းလွှာ လူတန်းစား အတွင်းမှာပဲ ဆောင်ရွက်နေသလို ဖြစ်နေပြီး ပြည်သူ အများစုနဲ့ အလှမ်း ကွာဝေး နေပါတယ်။ တတိယလှိုင်းပြုပြင်ပြောင်းလဲရေးတို့ ဘာတို့ဆိုတာ သိမှ မသိကြတာ။ စိတ်ဝင်စားကြတာလဲ မတွေ့ရဘူး။

နိုင်ငံရေး ဖြစ်စဉ်မှာ နိုင်ငံသား အားလုံး တက်တက် ကြွကြွနဲ့ ပါဝင်ရေး အတွက် နိုင်ငံသား အားလုံး ဆောင်ရွက်ရမယ့် တာဝန် ရှိပါတယ်။ အထူးသဖြင့် မြန်မာနိုင်ငံရဲ့ အမျိုးသား တိုင်းပြည် တည်ဆောက်ရေး (Nation Building) မှာ ပြဿနာ ရှိနေပါတယ်။

နောက်ဆုံး ကျင်းပခဲ့တဲ့ စည်ပင် ရွေးကောက်ပွဲကို ပြန်ကြည့်ရင်တော့ အားရစရာ မကောင်းလှဘူး။ တချို့  ဆိုရင် စည်ပင် ရွေးကောက်ပွဲ ရှိမှန်းတောင် မသိတာ တွေ့ရပါတယ်။ ရွေးကောက်ပွဲ အသိပေး လှုပ်ရှားမှုတွေ  ဆောင်ရွက်တာလည်း နည်းပါတယ်။ ဒီတော့ကာ ၂၀၁၅ ရွေးကောက်ပွဲမှာ ပြည်သူတွေ အနေနဲ့ ဘယ်လောက် အတိုင်းအတာ အထိ စိတ်ဝင်စားကြမလဲ၊ မဲ ပေးကြမလဲ ဆိုတာ အရေးကြီးပါတယ်။

ပြည်သူတွေ အနေနဲ့ မဲဆန္ဒပြုရေး ထွန်းကားစေဖို့ ဆိုတာကလည်း လက်ရှိ နိုင်ငံရေး ဖြစ်စဉ် အပေါ် ယုံကြည်မှုနဲ့ ဆက်စပ် နေပါတယ်။ Formal Institution လို့ခေါ်တဲ့ အသွင်သဏ္ဍာန် အဖွဲ့အစည်းတွေ တည်ဆောက်ရုံနဲ့ ယုံကြည်မှု တိုးတက်လာအောင် လုပ်လို့  မရနိုင်ပါဘူး။ လူထုအနေနဲ့ နိုင်ငံရေး ဖြစ်စဉ်မှာ ဘယ်လောက် အတိုင်းအတာ အထိ စီးမျော ပါဝင်တယ် ဆိုတာက အရေးကြီးပါတယ်။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် အနေနဲ့ မကြာခင်ကပဲ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေးနဲ့ ပက်သက်တဲ့ ကျင့်ဝတ်တွေ ထုတ်ပြန်လိုက်တာ တွေ့ရပါတယ်။ လာမယ့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမှာ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူတွေရဲ့ အခန်းကဏ္ဍက အင်မတန် အရေးကြီးပါတယ်။ ပြီးခဲ့တဲ့ ရွေးကောက်ပွဲတွေမှာ သူတို့ အနေနဲ့ ပါဝင်ခဲ့ပေမယ့် လှုပ်ရှားခွင့်ရတဲ့ အခြေအနေက ကန့်သတ်ချက် အတော်များများရှိခဲ့ပါတယ်။

၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမှာ Free and Fair လွတ်လပ်ပြီး မျှတရေး ဆိုတာထက် Credible ယုံကြည်လက်ခံနိုင်တဲ့ရွေးကောက်ပွဲ ဖြစ်ရေးကို ပိုပြီး အလေးပေး ဆောင်ရွက်ကြမယ်လို့ ယူဆပါတယ်။ ရွေးကောက်ပွဲဟာ ယုံကြည်စိတ်ချရတဲ့ စံနှုန်းတွေနဲ့ ဘယ်လောက် ကိုက်ညီမှုရှိသလဲ ဆိုတာမျိုးပေါ့။

ပြည်တွင်းရွေးကောက်ပွဲ စောင့်ကြည့် လေ့လာသူတွေ အနေနဲ့ စနစ်တကျ စောင့်ကြည့်လေ့လာခွင့်ရလာတဲ့နည်းတူ စောင့်ကြည့်လေ့လာရာမှာ ပါတီစွဲ၊ ပုဂ္ဂိုလ်စွဲကင်းရမယ်။ ဘက်လိုက်မှုမရှိရဘူးဆိုတာလဲပါလာပြီ။ ၂၀၁၅ ရွေးကောက်ပွဲကတော့ ရွေးကောက်ပွဲကြီးလဲဖြစ်တယ်။ ထောင်နဲ့ချီတဲ့နေရာတွေ၊ မဲဆန္ဒနယ်တွေအတွက် ယှဉ်ပြိုင်ကြမှာဖြစ်တဲ့အတွက် သူတို့ရဲ့အခန်းကဏ္ဍဟာ အရင်ကထက် အရေးပါလာမှာပါ။

မောင်ကျပ်ခိုး – ရွေးကောက်ပွဲ ကနေ အပြု သဘော ဆောင်တဲ့ ရလဒ်တွေ ပေါ်ထွန်းရေးနဲ့ အနိဌ သဘောဆောင်တဲ့ ရလဒ်တွေ ဖြစ်တဲ့ ရွေးကောက်ပွဲ ဆိုင်ရာ ပဋိပက္ခ၊ အဓိကရုဏ်း၊ ရုန်းရင်းဆန်ခတ် ဖြစ်တန်ခြေနဲ့ ပက်သက်ပြီး ကိုစိုးမြင့်အောင်ရဲ့ အမြင်ကို သိပါရစေခင်ဗျ။

ကိုစိုးမြင့်အောင် – ပြီးခဲ့တဲ့ ရွေးကောက်ပွဲတွေမှာတော့ ရွေးကောက်ပွဲ ဆိုင်ရာ အကြမ်းဖက် ပဋိပက္ခ ဖြစ်တာ နည်းပါး ပါတယ်။ လာမယ့် ရွေးကောက်ပွဲမှာလည်း ပြည်တွင်း၊ ပြည်ပ ရွေးကောက်ပွဲ စောင့်ကြည့်သူတွေ ပါဝင်ကြမှာပါပဲ။ ရွေးကောက်ပွဲ ဆိုင်ရာ အကြမ်းဖက် ပဋိပက္ခ ဖြစ်တန်ခြေထက် စာရင်း ရွေးကောက်ပွဲ ဆိုင်ရာ မသမာမှု ဖြစ်ပွားမှုက ပိုပြီး အလေးထား စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

မောင်ကျပ်ခိုး  – လက်ရှိ အာဏာရ ပါတီ အတွင်းမှာလည်း အာဏာ လက်မလွှတ်လိုတဲ့ လူပုဂ္ဂိုလ်တွေ ရှိပါတယ်။ ဒီ အာဏာ လက်မလွှတ်လိုသူတွေ အနေနဲ့ ရွေးကောက်ပွဲဟာ သူတို့ရဲ့ အာဏာ စည်းစိမ်ကို ခြိမ်းခြောက်နေပြီလို့ တွေးမြင်တာ ရှိနိုင်ပါတယ်။ ဒီကိစ္စနဲ့ စပ်လျဉ်းပြီး ဆွေးနွေး ပေးပါဦးခင်ဗျ။

ကိုစိုးမြင့်အောင် – ဖွဲ့စည်းပုံ  အခြေခံ ဥပဒေ အရ လွှတ်တော် အတွင်းမှာ တပ်မတော်သား ကိုယ်စားလှယ် (၂၅) ရာခိုင်နှုန်း ရှိနေတဲ့ အတွက်ကြောင့် လာမယ့် ရွေးကောက်ပွဲ ရလဒ်ဟာ လက်ရှိ အာဏာ တည်ရှိပုံကို အပြောင်းအလဲ ကြီးကြီးမားမား ဖြစ်စေနိုင်မှာ မဟုတ်ဘူးလို့ ယူဆပါတယ်။ လက်ရှိ အာဏာရ ပါတီရဲ့ အနေနဲ့ လာမယ့် ရွေးကောက်ပွဲဟာ စိုးရိမ်စရာ ကောင်းလောက်တဲ့ အနေအထားတော့ မဟုတ်ပါဘူး။ ပါတီတစ်ခုတည်းရဲ့ အာဏာကို တစ်နေရာထဲမှာ ကွက်မကြည့်ရင် ပြောတာပါ။ အာဏာရ အသိုင်းအ၀ိုင်း အနေနဲ့ သူတို့ရဲ့ နိုင်ငံရေး အင်အား အပေါ်မှာ ယုံကြည်မှု ရှိရင်၊ လာမယ့် ရွေးကောက်ပွဲမှာ အပြတ်အသတ် ရှုံးနိမ့်စရာ အကြောင်း မရှိဘူးလို့ ယူဆထားရင် မသမာမှုတွေ ဖြစ်ပွားဖို့အခြေအနေ နည်းပါး ပါတယ်။

မောင်ကျပ်ခိုး – လာမယ့် ရွေးကောက်ပွဲ ကနေ ထွက်ပေါ်လာမယ့် အကောင်းဆုံး ရလဒ်တွေကို မျှော်လင့်ထားရမှာ ဖြစ်သလို အဆိုးဆုံး ရလဒ်တွေ ကြုံလာခဲ့ရင် ဖြေရှင်းဖို့ရာ အခုအချိန်က စပြီး တွေးထားသင့်တယ်ပါတယ်။ အဆိုးဆုံး အခြေအနေနဲ့ ကြုံရရင် ပြည်သူလူထုနဲ့ ဒီမိုကရေစီ အရေး လှုပ်ရှား ဆောင်ရွက်သူတွေ အနေနဲ့ ပဋိပက္ခတွေကို ဘယ်လို ဖြေရှင်းသင့်ပါသလဲ။

ကိုစိုးမြင့်အောင် – တချို့ နိုင်ငံတွေမှာ တရားစီရင်ရေးဘက်က တရားခုံရုံးက ရွေးကောက်ပွဲ ကော်မရှင်အနေနဲ့ ရပ်တည်တာ ရှိပါတယ်။ မြန်မာနိုင်ငံ ရွေးကောက်ပွဲ ကော်မရှင်နဲ့တော့ ကွာခြားတဲ့ အချက် ရှိပါတယ်။ မြန်မာနိုင်ငံမှာက ပြဿနာ ဖြစ်ခဲ့ရင် ရွေးကောက်ပွဲ ကော်မရှင်ကို တိုင်ကြားပြီးမှ ခုံရုံး ထပ်ပြီး ဖွဲ့ရတယ်။ ဒါ့အပြင် ပြည်သူတွေ အနေနဲ့ ရွေးကောက်ပွဲ ကော်မရှင် အပေါ်မှာ ယုံကြည်မှု နည်းပါးတာလည်း ရှိနေတယ်။

အဆိုးဆုံး အခြေအနေနဲ့ ကြုံခဲ့မယ်၊ ရွေးကောက်ပွဲ ဆိုင်ရာ အကြမ်းဖက် ပဋိပက္ခတွေ ဖြစ်ခဲ့မယ် ဆိုရင်လည်း တရား ဥပဒေ အရ ဖြေရှင်းရမှာပဲ ဖြစ်ပါတယ်။ ရွေးကောက်ပွဲ ဆိုင်ရာ ဥပဒေတွေ၊ နည်းဥပဒေတွေ၊ လုပ်ထုံးလုပ်နည်းတွေရှိတယ်ဆိုတော့ ပြဿနာ ဖြစ်ခဲ့ရင် ဥပဒေလမ်းကြောင်းအရ ပြောဆို ရှင်းလင်းရမယ့် အနေအထားပါ။

မောင်ကျပ်ခိုး – လက်ရှိ အင်အားကြီး ပါတီနှစ်ခု ဖြစ်တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ ကြံ့ခိုင်ရေးပါတီရဲ့ နိုင်ငံရေး လှုပ်ရှားမှု အခြေအနေကို ကိုစိုးမြင့်အောင် အနေနဲ့ ဘယ်လို မြင်ပါသလဲ ခင်ဗျ။

ကိုစိုးမြင့်အောင် – နိုင်ငံရေးပါတီတွေ အနေနဲ့ ပြည်သူ လူထုနဲ့ ထိတွေ့ ဆက်ဆံမှုမှာ အားနည်းနေတာ တွေ့ရပါတယ်။ နိုင်ငံရေး ပါတီတွေ အနေနဲ့ သူတို့ရဲ့ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး မူဝါဒတွေကို လူထု သိရှိအောင် ချပြရမယ့် တာဝန် ရှိသလို ပြည်သူလူထုရဲ့ လိုအပ်ချက်ကို တစိုက်မတ်မတ် နားစွင့်ပြီး တာဝန်ယူ ဖြေရှင်းရမယ့် တာဝန် ရှိပါတယ်။

အတိုက်အခံ ပါတီကြီး ဖြစ်တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အနေနဲ့ ပြည်သူနဲ့ ထိတွေ့တဲ့ အပိုင်းမှာ အားနည်းချက် ရှိနေတာ တွေ့ရပါတယ်။ ကြံ့ခိုင်ရေးပါတီ အနေနဲ့တော့ မဲဆွယ်စည်းရုံးရေးနဲ့ ပတ်သက်တဲ့ကိစ္စတွေမှာ နည်းနည်းလေး ပိုပြီး သိနေတယ်လို့ ကျွန်တော် သုံးသပ်မိပါတယ်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အနေနဲ့တော့ ပါတီ ခေါင်းဆောင် ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အရှိန်အ၀ါ အပေါ်မှာ အထူးပဲ မှီခို နေရတာပေါ့။ မြန်မာနိုင်ငံ နိုင်ငံရေး ပါတီတွေ အနေနဲ့  မူဝါဒနဲ့ ပတ်သက်တဲ့ ကိစ္စတွေကို ပြည်သူ လူထု သိရှိအောင် ချပြတဲ့ အပိုင်းမှာ အားနည်းချက် ရှိနေပါတယ်။

မောင်ကျပ်ခိုး – နိုင်ငံရေးပါတီ အများစုမှာ ဘဏ္ဍာရေး အခက်အခဲ ရှိနေပါတယ်။ ဘဏ္ဍာရေး အခက်အခဲကြောင့် မဲဆွယ်စည်းရုံးရေး၊ ပြည်သူနဲ့ဆက်ဆံရေးမှာ အားနည်းတာ ရှိနေပါတယ်။ နိုင်ငံတော် အနေနဲ့ ပါတီတွေ လည်ပတ် လှုပ်ရှားဖို့ မတည် ရန်ပုံငွေ ချထားပေးဖို့ လိုမယ် ထင်ပါသလား။ ဒီကိစ္စနဲ့ ပက်သက်ပြီး ဆွေးနွေးပေးပါဦး။

ကိုစိုးမြင့်အောင် – တချို့နိုင်ငံတွေမှာတော့ နိုင်ငံရေးပါတီတွေ မဲဆွယ်စည်းရုံးတဲ့ အခါမှာ အဆင်ပြေအောင်၊ တန်းတူရည်တူ ပါဝင် ယှဉ်ပြိုင်နိုင်အောင် နိုင်ငံတော်က ဘဏ္ဍာရေး ရန်ပုံငွေ ချပေးတာ၊ ရွေးကောက်ပွဲ အသုံးစရိတ်နဲ့ ပက်သက်ပြီး စည်းမျဉ်းကန့်သတ်တာ ရှိပါတယ်။ မြန်မာနိုင်ငံမှာတော့ မဲဆွယ်စည်းရုံးရေး အတွက် နိုင်ငံတော် ဘဏ္ဍာငွေ ချပေးမှု မရှိသေးပါဘူး။ ဒီလို လုပ်မယ် ဆိုရင် လွှတ်တော် အတွင်း ဆုံးဖြတ်ရမှာ၊ အုပ်ချုပ်ရေး ယန္တရားတွေမှာ ပြင်ဆင်ရမယ့် ကိစ္စတွေ အများကြီး ရှိတာကြောင့် ချက်ချင်း ဖြစ်လာမှာ မဟုတ်ဘူးထင်ပါတယ်။ လက်ရှိအခြေအနေမှာတော့ နိုင်ငံတော်ဘဏ္ဍာနဲ့ အရင်းအမြစ်တွေကို တစ်ဖက်လှည့်နည်းနဲ့ အလွဲသုံးတာမျိုးတွေကို စောင့်ကြည့် ထောက်ပြကြဖို့လိုပါတယ်။

မောင်ကျပ်ခိုး – ဟုတ်ကဲ့ခင်ဗျ။ ဒီလို မဲဆွယ် စည်းရုံးရေးမှာ ဘဏ္ဍာရေး အခက်အခဲ ရှိတာကြောင့် နိုင်ငံရေး ပါတီတွေ အနေနဲ့ စီးပွားရေး လုပ်ငန်းရှင်တွေနဲ့ ဆက်သွယ်တာ၊ တစ်နည်း ပြောရရင် စီးပွားရေး လုပ်ငန်းရှင်တွေ အနေနဲ့ နိုင်ငံရေးသမားတွေကို အသုံးပြုပြီး စီးပွားရေး သြဇာ ချဲ့ထွင်တဲ့ ကိစ္စမျိုးတွေ လုပ်လာတာမျိုး ဖြစ်နိုင်မလား ခင်ဗျ။ ဒီလို ဖြစ်ခဲ့ရင် ဘယ်လို နည်းလမ်းတွေ အသုံးပြုပြီး တန်ပြန် ဖြေရှင်းနိုင်မလဲ ဆိုတာ သိပါရစေ ခင်ဗျ။

ကိုစိုးမြင့်အောင် – ဒီလို ဖြစ်လာခဲ့ရင် ဖြေရှင်းရမယ့် အပိုင်းနှစ်ပိုင်း ရှိပါတယ်။ တစ်ခုကတော့ ဥပဒေ စည်းမျဉ်း စည်းကမ်း ပြဌာန်းတဲ့ အပိုင်းပေါ့။ နောက်တစ်ပိုင်းကတော့ စည်းမျဉ်း စည်းကမ်းတွေ အသက်ဝင်အောင် ဆောင်ရွက်တဲ့ ကဏ္ဍပေါ့။ မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲတွေ ပြန်လည် ကျင်းပ ဖြစ်တာ သိပ်မကြာသေးပါဘူး။

၂၀၁၀ ရွေးကောက်ပွဲ၊ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲမှာလည်း နိုင်ငံရေး ပါတီတွေအများစုက မယုံမရဲ ၀င်ပါခဲ့ရတာပဲ။ ဒီတော့ အခု လာမယ့် ရွေးကောက်ပွဲ အခြေအနေကို စောင့်ကြည့်ပြီး ပြင်ဆင်စရာ ရှိတဲ့ ကိစ္စတွေကို ပြင်ဆင်သွားရမှာပါပဲ။ ဒီလို ဥပဒေတွေ၊ လုပ်ထုံးတွေ ဖြစ်ပေါ်ဖို့ ဆိုတာက ရွေးကောက်ပွဲ လည်ပတ်မှု အနည်းဆုံး နှစ်ကြိမ် သုံးကြိမ် ဆောင်ရွက်ပြီးမှ လုပ်လို့ ရမှာ ဖြစ်ပါတယ်။

မောင်ကျပ်ခိုး
မြန်မာသက္ကရာဇ် ၁၃၇၆ တန်ခူးလဆန်း (၁၁) ရက်၊ တနင်္ဂလာနေ့။ ခရစ်နှစ် ၂၀၁၅ ခုနှစ်၊ မတ် ၃၀။