ဂါမ၀ါသ ဂဏိတ ပိဋကတ်တိုက် ခေတ်ပြောင်း တော်လှန်ရေး – ကိုယ်အားကိုယ်ကိုး ရပ်ရွာအခြေပြု ဒစ်ဂျစ်တယ် စာပေသိုက် တည်ထောင်ခြင်း

Ancient_Library_in_Arakan_S

“ကျောက်သား၊ ရွှေ၊ ငွေ၊ သတ္ထု၊ ပေရွက်၊ ထန်းရွက်တို့ ထက်တွင် အက္ခရာတင်၍ ခရီးဆန့်ခဲ့သော မြန်မာစာပေ သတို့သမီးငယ်သည် ယခုအခါတွင် စက္ထူခေတ်ကို ကျော်လွှားပြီး သကာလ ဒစ်ဂျစ်တယ် နည်းပညာ လှိုင်းလုံးကြီးကို ခုန်စီး၍ ကူးမျောစ ပြုနေလေပြီ။ သို့ဖြစ်၍ စာပေ မြတ်နိုးသူတို့ အနေဖြင့် မြန်မာစာပေ ပြန့်ပွား တိုးတက် ထွန်းကားစေရန် မိမိတို့ စွမ်းသမျှ လုံ့လ အင်အား စိုက်ထုတ်၍ နည်းလမ်းများ စဉ်ဆက်မပြတ် ရှာဖွေပြီး ဒစ်ဂျစ်တယ် နည်းပညာ လှိုင်းလုံးကြီး၏ အရှိန်အဟုန်ကို ကောင်းမွန်စွာ အသုံးချနိုင်အောင် ဆောင်ရွက်ရမည် ဖြစ်ချေသည်။”

ပိဋကတ်တိုက် ယဉ်ကျေးမှု

ထူးထွေ မြားမြောင်လှသော မြန်မာ့ ယဉ်ကျေးမှု ထုံးတမ်း စဉ်လာများ အနက် စာရေးသူ အနှစ်ခြိုက်ဆုံး ဓလေ့မှာ စာပေ မြတ်နိုးခြင်း ပင် ဖြစ်ပါသည်။ စာတစ်လုံး၊ ဘုရားတစ်ဆူ ဟူသော ဆိုရိုးစကားဖြင့် ထုံမွှမ်းထားသော မြန်မာ စာပေ ယဉ်ကျေးမှု သမိုင်းကို ထိန်းသိမ်း မြှင့်တင်ရာတွင် ပဓာနကျသည့် ပိဋကတ်တိုက် ယဉ်ကျေးမှု စတင်ခဲ့သည်မှာ ပုဂံခေတ် ကတည်းက ဖြစ်သည်ကို ခရစ်နှစ် ၁၀၄၄ တွင် နန်းတက်သော အနော်ရထာမင်း ဆောက်လုပ် လှူဒါန်းခဲ့သည့် ပိဋကတ်တိုက်က သက်သေခံလျက် ရှိပါသည်။

ရှေး မြန်မာမင်းတို့  မြို့သစ် နန်းသစ် တည်ထောင်လျှင်  ပိဋကတ်တိုက်တော် အသစ် ဆောက်လုပ်ရမြဲ ဖြစ်သည်။ စင်စစ် ပိဋကတ်တိုက် ယဉ်ကျေးမှုသည် နန်းတွင်း၌ သာမက ကျေးလက် အထိပါ ပြန့်နှံ့ တည်ရှိခဲ့လေ၏။ မြန်မာ့ရိုးရာ ဓလေ့အရ ရွာရှိလျှင် ဘုရားရှိ၊ ဘုရားရှိလျှင် ကျောင်းရှိ၊ ကျောင်းရှိလျှင် ဇဒိုက် (စာတိုက်) ရှိမြဲ ဖြစ်ပါသည်။ ရှေးဘုန်းတော်ကြီးကျောင်းများတွင် ရှိနေသေးသော ဇဒိုက် (စာတိုက်) သေတ္တာကြီးများသည် မြန်မာ့ရိုးရာ ကျေးလက် စာကြည့်တိုက်များ ဖြစ်ပါ၏။ ဤသည်ကို ထောက်ချင့်လျှင် ပိဋကတ်တိုက် ယဉ်ကျေးမှုသည် မြန်မာဓလေ့ ထုံးတမ်းတွင် အစဉ်အလာ ကြီးမားခဲ့ကြောင်း အထင်းသား သိမြင်နိုင်မည် ဖြစ်သည်။

ပုဂံကျောက်စာခေတ်၊ ပင်းယခေတ်၊ အင်းဝခေတ်၊ တောင်ငူခေတ်၊ ညောင်ရမ်းခေတ်၊ ကုန်းဘောင်ခေတ် (ပထမပိုင်း)၊ ကုန်းဘောင်ခေတ် (ဒုတိယပိုင်း) ဟူသော မြန်မာ စာပေ ခေတ်ကြီး (၇) ခေတ် တလျှောက်တွင် ပိဋကတ်တိုက် ယဉ်ကျေးမှုသည် မှန်ကင်းတစ်လှည့်၊ ထင်းတစ်လှည့် ဆိုသည့် အတိုင်း မြင့်ကာ တစ်ချည်၊ နိမ့်ကာ တစ်လှည့် ဖြတ်သန်းရင်း ကြီးပြင်းခဲ့လေ၏။ ပုံနှိပ် ထုတ်ဝေရေး နည်းပညာ ထွန်းကားခြင်း မရှိသေးသော ရှေးခေတ်ဝယ် ရှေးသူဟောင်းတို့သည် ပေ၊ ပုရပိုက်ပေါင်း မြောက်မြားစွာကို လက်ဖြင့် ဆင့်ပွား ကူးယူ၍ စာပေယဉ်ကျေးမှုကို မြှင့်တင် ဖြန့်ချိခဲ့ကြောင်းကို ပေ၊ ပုရပိုက် သမိုင်းတွင် ထင်ရှားစွာ မြင်နိုင်ပါသည်။

မင်းပြောင်းမင်းလွဲ

ကုန်းဘောင်ခေတ် နေ၀င်ချိန် သီပေါမင်း ပါတော်မူပြီးစ ကာလ၌ အင်္ဂလိပ် စစ်ဗာရီတို့၏ လက်ချက်ကြောင့် အသက် ထွက်လု နီးပါး ဖြစ်ခဲ့ရရှာသော မန္တလေး နန်းတွင်း ပိဋကတ်တိုက်သည် အင်္ဂလိပ် အမျိုးကောင်းသား အောက်ဗမာပြေ မဟာဝန်ရှင်တော်မင်းကြီး ဆာ ချားလ်စ် အက်ဒွက် ဘားနဒ်၏ ကျေးဇူးကြောင့် သေကံမပျောက် လွတ်မြောက်ခဲ့ရလေ၏။ မင်းကြီး ဘားနဒ်၊ တရားရေးဝန်ကြီး ဆာ ဂျွန် ဂျာဒင်း၊ ပါဠိပါရဂူ  ချေးလ်ဒါးစ် တို့၏ ကျေးဇူးကြောင့် ပိဋကတ်တိုက် ယဉ်ကျေးမှု အသက်ဆက်ခွင့် ရခဲ့၏။

တဖန် ကိုလိုနီခေတ် ၁၉၂၅ ခန့်တွင် သတိုးသီရိ သုဓမ္မဘွဲ့ရ ကြေးတိုင် မင်းကြီး ဖာနီဗယ် ဦးဆောင်၍ တည်ထောင်ခဲ့သော မြန်မာစာပေ ပြန့်ပွားရေး အသင်းကြီး၏ ကျေးဇူးကြောင့် ပိဋကတ်တိုက် ယဉ်ကျေးမှု သစ်လွင် လန်းဆန်းခဲ့လေ၏။ ယင်းနောက်တွင် မြန်မာစာပေ ပညာရှင်များ ဖြစ်ကြသည့် ဆရာကြီး ဦးဖေမောင်တင်၊ ဆရာဇော်ဂျီ၊ ပဲရော့ဦးဆန်နီ၊ လူထုဦးလှ စသူတို့၏ ကျေးဇူးကြောင့် ပိဋကတ်တိုက် ယဉ်ကျေးမှု တိုးတက် ထွန်းကားခဲ့လေ၏။ ပိဋကတ်တိုက် ယဉ်ကျေးမှု တိုးတက်ခြင်းကြောင့် စာပေ သမိုင်းတွင် အရေးပါသည့် အပြောင်းအလဲများ ပေါ်ထွန်းခဲ့လေ၏။

သူ့ကျွန်မခံ တော်လှန်ခဲ့သော မြန်မာ အမျိုးသားတို့ ကိုယ့် အချင်းချင်း ကျွန်ပြုကြသည့် ခေတ်ဦး ကာလတွင် ပိဋကတ်တိုက် ဟူသည့် ရှေးအမည် ပျောက်ကွယ်ပြီး စာကြည့်တိုက် ဟူသော နှောင်းအမည် ပေါ်ထွန်းခဲ့လေ၏။ မင်းပြောင်းမင်းလွှဲ ဖြစ်ချိန်တွင် မင်းပြောင်း ရုံတင် သာမက မင်းလွဲ ခဲ့ဟန် တူသည်။ ထိုမှ အစပြု၍ စာကြည့်တိုက် ယဉ်ကျေးမှု တစ်ဖြစ်လဲ ပိဋကတ်တိုက် ယဉ်ကျေးမှုသည် ရေသေတွင် တွေတွေကြီး တန့်သကဲ့သို့ ဖြစ်ကာ ဆန့်ငင် ဆန့်ငင်ဖြင့် ငြိုငြင်စွာ အသက်မွေးနေရလေ၏။  လောက ဓမ္မတာ အရ နိမ့်တုံ မြင့်တုံ ရှိသည်မှာ မဆန်းပေ။ သို့သော် ပိဋကတ်တိုက် ယဉ်ကျေးမှုသည် အိမ်နိမ့်စံ ကာလတွင် ဆင်းရဲ ငြိုငြင်စွာဖြင့် အဓွန့် ရှည်ကြာ တည့်တံ့ နေသည်မှာကား အတော်ပင် ၀မ်းနည်းဖွယ် ကောင်းလှပါသည်။

ခေတ်ပြောင်းခေတ်လွဲ

အထက်တွင် ဆိုခဲ့သည့် ကျောက်သား၊ ရွှေ၊ ငွေ၊ သတ္ထု၊ ပေရွက်၊ ထန်းရွက်တို့ ထက်တွင် အက္ခရာတင်၍ ခရီးဆန့်ခဲ့သော မြန်မာစာပေ သတို့သမီးငယ်သည် ယခုအခါတွင် စက္ထူခေတ်ကို ကျော်လွှားပြီး သကာလ ဒစ်ဂျစ်တယ် နည်းပညာ လှိုင်းလုံးကြီးကို ခုန်စီး၍ ကူးမျောစ ပြုနေလေပြီ။ ခေတ်ပြောင်းချိန်တွင် ကြိုတင် ပြင်ဆင်ခြင်း မပြုပါက လွဲမှားသော ခေတ်လွဲကြီးဖြင့် ကြုံရပေလိမ့်မည်။ သို့ဖြစ်၍ စာပေ မြတ်နိုးသူတို့ အနေဖြင့် မြန်မာစာပေ စဉ်ဆက် မပြတ် ပြန့်ပွား တိုးတက် ထွန်းကားစေရန် မိမိတို့ စွမ်းသမျှ လုံ့လ အင်အား စိုက်ထုတ်၍ နည်းလမ်းများ စဉ်ဆက်မပြတ် ရှာဖွေပြီး ဒစ်ဂျစ်တယ် နည်းပညာ လှိုင်းလုံးကြီး၏ အရှိန်အဟုန်ကို ကောင်းမွန်စွာ အသုံးချနိုင်အောင် ဆောင်ရွက်ရမည် ဖြစ်သည်။

ဒစ်ဂျစ်တယ် နည်းပညာ ထွန်းကားသည့် မျက်မှောက်ခေတ်တွင် “လူငယ်များ စာ မဖတ်ကြတော့” ဟူသည့် စကားကို ကြိမ်ဖန် များစွာ ကြားရပါ၏။ မည်သည့် အချက်အလက်ကို အခြေခံ၍ ဤကောက်ချက်ကို ချပါသနည်း ဟု စောကြောဖွယ်ရာ အကြောင်း ရှိသည်။ စာရေးသူ အနေဖြင့်မူ လူငယ်များ အကြားတွင် စာဖတ်ခြင်း ဓလေ့ လျော့နည်းလာသည် ဟု မယူဆပါ။ စာပေ အမျိုးအစားနှင့် စာပေ ဖတ်ရှုခြင်း ကို ရှုမြင်ပုံ၊ အနက်ဖွင့်ဆိုချက် ကွဲလွဲခြင်းကြောင့်  လူငယ်များ စာ မဖတ်ကြတော့ ဟူသည့် စိုးရိမ် မကင်းသည့် ထင်မြင်ချက် ထွက်ပေါ်လာသည်ဟု ယူဆမိပါသည်။

ခေတ်ပြိုင် စာဖတ်ဓလေ့

စင်စစ် မြို့ပြနေ နည်းပညာ အသုံးပြုသူများ သာမက ကျေးလက်နေ လူငယ်များ အကြားတွင်ပါ စာဖတ်ခြင်း ဓလေ့ စွဲမြဲစွာ တည်ရှိနေဆဲပင် ဖြစ်ပါသည်။ မည်သည့် စာပေ အမျိုးအစားကို ဖတ်ရှုနေကြသနည်း ဟူသည့် အချက်ကို ဆန်းစစ် ကြည့်ရာ လက်လှမ်းမီရာ စာတိုပေစများကို ဖတ်ရှုနေကြကြောင်း တွေ့ရပါသည်။ ဤသို့ ဖြစ်ရသည်မှာ စာဖတ်သူတို့ အနေဖြင့် ရွေးချယ်ခွင့် နည်းပါးနေခြင်းကြောင့် ဖြစ်ပါသည်။

သို့ဖြစ်၍ တိုးတက်နေသော နည်းပညာ ပြောင်းလဲမှုများကို အသုံးပြု၍ စာပေ ဖတ်ရှုမှု အလေ့အထနှင့် စာပေ ပြန့်ပွားရေး လုပ်ငန်းများကို အရှိန်မြှင့်တင် ဆောင်ရွက်နိုင်သော နည်းလမ်းများ ရှာဖွေရန် အလောတကြီး လိုအပ်နေပြီ ဖြစ်သည်။ ထိုသို့ ဆောင်ရွက်ရာတွင် မြန်မာနိုင်ငံ၏ ခေတ်မီ နည်းပညာ အသုံးချနိုင်မှု၊ ဘဏ္ဍာရေး သုံးစွဲမှု အခြေအနေ စသည်တို့ကို ထည့်သွင်း စဉ်းစား၍ ရေရှည် တည်တံ့ ခိုင်မြဲပြီး၊ တိုးချဲ့ ပြင်ဆင်နိုင်စွမ်း ရှိစေမည့် စနစ် တစ်ရပ်ကို တီထွင် ဖော်ထုတ်ရမည် ဖြစ်ပါသည်။

ဂါမ၀ါသ ဂဏိတ ပိဋကတ်တိုက် ခေတ်ပြောင်း တော်လှန်ရေး

ဒစ်ဂျစ်တစ် နည်းပညာ ထွန်းကားသည့်ခေတ်တွင် “ကိုယ်အားကိုယ်ကိုး ရပ်ရွာအခြေပြု ဒစ်ဂျစ်တယ် စာအုပ်သိုက်” (Community-driven Digital Book Repository) ဖန်တီးနိုင်လျှင် စာပေမြတ်နိုးသူတို့အတွက် ပိုမိုကောင်းမွန်သည့် ပတ်ဝန်းကျင်သစ်ကို ဖန်တီးနိုင်မည် ဖြစ်ပြီး၊ ရွေးချယ်ခွင့် ပိုမို များပြားလာမည် ဟု ယူဆမိပါသည်။ တိုးတက်နေသော နည်းပညာရပ်များကို လွယ်ကူ ရိုးစင်းအောင် ပြင်ဆင်လိုက်လျှင် နည်းပညာ အတန်အသင့် တတ်ကျွမ်းပြီး၊ စာပေ မြတ်နိုးသူတို့ အနေဖြင့် “ကိုယ်အားကိုယ်ကိုး ရပ်ရွာအခြေပြု ဒစ်ဂျစ်တယ် စာအုပ်သိုက်” လုပ်ငန်းကို အောင်မြင်စွာ ဆောင်ရွက်နိုင်မည် ဟု ယုံကြည်မိပါသည်။

ဒစ်ဂျစ်တယ် စာအုပ်သိုက် ဟု ဆိုလျှင် နက်နဲသည့် နည်းပညာရပ်ကို အသုံးချ၍ ခေတ်မီ အင်တာနက် စာကြည့်တိုက် ထူထောင်ခြင်း ဟု ထင်ကောင်း ထင်ကြပေလိမ့်မည်။ မဟုတ်ပါ။ နည်းပညာ ဖွံ့ဖြိုးမှု နည်းပါးသည့် ဒေသများမှ လူငယ်များ လွယ်လင့်တကူ အသုံးပြုနိုင်မည့် ကွန်ပြူတာ နည်းပညာသုံး စာအုပ်သိုက် သာ ဖြစ်ပါသည်။ ရိုးရှင်းသော နည်းပညာရပ်များ အသုံးပြု၍ အင်တာနက် ချိတ်ဆက်ရန် မလိုအပ်သော ပရ၀ုဏ် အတွင်း အသုံးပြုနိုင်မည့် ဒစ်ဂျစ်တယ် စာအုပ်သိုက် (On-campus Access to Digital Book Repository System) စနစ် တစ်ခုကို အချိန်တို အတွင်း တည်ထောင်ရန် နည်းလမ်းများ ရှိနှင့်ပြီး ဖြစ်ပါသည်။

ကာလံ၊ ဒေသံ၊ အဂ္ဂံ၊ ဓနံ

Internet Live Stats ၏ နောက်ဆုံး ထုတ်ပြန်ချက် အရ မြန်မာနိုင်ငံ ခန့်မှန်း လူဦးရေ ၅၃,၇၁၈,၉၅၈ ဦး အနက် အင်တာနက် အသုံးပြုသူ လူဦးရေ ၆၂၄,၉၉၁ ဦး (၁.၂ ရာခိုင်နှုန်း) သာ ရှိသည် ဟု သိရပါသည်။ ထို့ကြောင့် မြန်မာနိုင်ငံတွင် အင်တာနက် စာကြည့်တိုက် (Online Library) တည်ထောင်လျှင် လက်ငင်း အကျိုး သက်ရောက်မှု ရရှိမည် မဟုတ်ချေ။ ဥပမာ အနေဖြင့် ပြဆိုရလျှင် Beyond Access နှင့် Myanmar Book Aid and Preservation Foundation တို့ ပူးပေါင်း၍ ဆောင်ရွက်နေသည့်  Beyond Access Myanmar အင်တာနက် နည်းပညာ အသုံးပြု စာကြည့်တိုက် (၅၅) ခု ပြုပြင်ရေး စီမံချက်သည် အလွန် ကောင်းမွန်သည့် စီမံချက် ဖြစ်ပါသည်။ သို့သော် မြန်မာနိုင်ငံ၏ ကျေးလက်မြို့ပြ ကွာဟချက်နှင့် နိုင်ငံ တစ်ဝှမ်းလုံးတွင် အင်တာနက် အသုံးပြုနိုင်စွမ်းကို ထည့်သွင်း စဉ်းစားလျှင် ထိုစီမံချက်သည် မြန်မာနိုင်ငံ၏ လက်ရှိ အခြေအနေနှင့် ကိုက်ညီမှု နည်းပါးကြောင်း တွေ့ရှိရမည် ဖြစ်သည်။

သို့ဖြစ်၍ အင်တာနက် ချိတ်ဆက်ရန် မလိုအပ်သော ပရ၀ုဏ် အတွင်း အသုံးပြုနိုင်မည့် ဒစ်ဂျစ်တယ် စာအုပ်သိုက် (On-campus Access to Digital Book Repository System) တည်ထောင်ခြင်းကို လက်ရှိကာလတွင် ဦးစားပေး၍ ဆောင်ရွက်သင့်သည် ဟု ထင်မြင်မိပါသည်။ အင်တာနက် စာကြည့်တိုက် (Online Library) ကို လုံးလုံးလျားလျား ပစ်ပယ်ရမည် ဟု ဆိုလိုခြင်း မဟုတ်ပါ။ အင်တာနက် ချိတ်ဆက်ရန် မလိုအပ်သော ဒစ်ဂျစ်တယ် စာအုပ်သိုက် စနစ်ကို အခြေခံ ခိုင်မာအောင် ဆောင်ရွက်ပြီးမှ အင်တာနက် စာကြည့်တိုက် လုပ်ငန်းဖြင့် ချိတ်ဆက်ကာ လုပ်ငန်း နယ်ပယ် ချဲ့ထွင်သင့်သည်ဟု ဆိုလိုခြင်း ဖြစ်ပါသည်။ ထို့အပြင် အင်တာနက် ချိတ်ဆက်ရန် မလိုအပ်သော ပရ၀ုဏ် အတွင်း အသုံးပြုနိုင်မည့် ဒစ်ဂျစ်တယ် စာအုပ်သိုက် လုပ်ငန်းနှင့် အင်တာနက် စာကြည့်တိုက် လုပ်ငန်းကို တပြိုင်တည်း ပူးပေါင်း ဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများလည်း ရှိနေပါသည်။

မျက်မှောက် ကာလတွင် မြန်မာနိုင်ငံ၌ စမတ်ဖုန်း (Smart Phone)၊ တက်ဘလက် (Tablet)၊ လပ်တော့ကွန်ပြူတာ (Laptop) အသုံးပြုသူ ဦးရေ တိုးတက်လာပြီ ဖြစ်ပါသည်။ သို့သော်လည်း ထို ခေတ်ပေါ် ဆက်သွယ်ရေး ကိရိယာ အသုံးပြုသူတိုင်း အနေဖြင့် အင်တာနက် ချိတ်ဆက် အသုံးပြုနိုင်ခြင်း မရှိသေးပါ။ သို့ဖြစ်၍ အင်တာနက် ချိတ်ဆက်ရန် မလိုအပ်သော ဒစ်ဂျစ်တယ် စာအုပ်သိုက် လုပ်ငန်းကို ဆောင်ရွက်မှသာလျှင် အဆင်ပြေနိုင်မည် ဟု ထင်မြင် မိပါသည်။ အထူးသဖြင့် အင်တာနက် ချိတ်ဆက်ရန် မလိုအပ်သော ပရ၀ုဏ် အတွင်း အသုံးပြုနိုင်မည့် ဒစ်ဂျစ်တယ် စာအုပ်သိုက် စနစ် သည် အင်တာနက် မရရှိသော မြို့ငယ်များမှ စာဖတ်သူတို့ အတွက် သင့်လျော်မည့် နည်းစနစ် ဖြစ်ပါသည်။

ရရာလက်နက် မိုးကြိုးစက်

အင်တာနက် ချိတ်ဆက်ရန် မလိုအပ်သော ပရ၀ုဏ် အတွင်း အသုံးပြုနိုင်မည့် ဒစ်ဂျစ်တယ် စာအုပ်သိုက် တည်တောင်ရန် အရင်းအနှီး၊ နည်းပညာ များစွာ မလိုအပ်ပါ။ ၀ိုင်ယာလက် (Wireless) စနစ် ပါရှိသော ကွန်ပြူတာ တစ်လုံး၊ Digitized လုပ်ပြီးသား စာအုပ်များ၊ စာကြည့်တိုက် ဆော့ဖ်ဝဲ (Library Management Application)၊ ကွန်ပြူတာ နည်းပညာ အတန်အသင့် ကျွမ်းကျင်သူ၊ စာကြည့်တိုက် စီမံခန့်ခွဲရေး နည်းပညာ အခြခံ တတ်မြောက်သူ၊ လျှပ်စစ်မီး (Electricity) ရှိလျှင် အင်တာနက် ချိတ်ဆက်ရန် မလိုအပ်သော ကိုယ်အားကိုယ်ကိုး ရပ်ရွာအခြေပြု ဒစ်ဂျစ်တယ် စာအုပ်သိုက် ကို စတင် လည်ပတ် နိုင်မည် ဖြစ်ပါသည်။

လွတ်လပ် နည်းပညာ (Open Source Technology) ၏ အကျိုးကျေးဇူးကြောင့် စာကြည့်တိုက် ဆော့ဖ်ဝဲ (Library Management Application) များစွာကို အခမဲ့ ရယူ သုံးစွဲနိုင်ခြင်းသည် ဒစ်ဂျစ်တယ် စာပေ ထွန်းကားရေးတွင် ကြီးမားသော ပြောင်းလဲမှု ဖြစ်သည်။ ဒစ်ဂျစ်တယ် စာအုပ်သိုက် လုပ်ငန်းတွင် D Space (http://www.dspace.org) ၊ Calibre (http://www.calibre-ebook.com) အစရှိသည့် အခမဲ့ လွတ်လပ်စွာ အသုံးပြုနိုင်သော Application များကို အသုံးပြု၍ အင်တာနက် ချိတ်ဆက်ရန် မလိုအပ်သော ပရ၀ုဏ် အတွင်း အသုံးပြုနိုင်မည့် ဒစ်ဂျစ်တယ် စာအုပ်သိုက် ကို အသုံးပြုနိုင်ပါသည်။ (စကားချပ် – D Space နှင့် Calibre မှာ စာရေးသူ အသုံးပြုဖူးသည့် Application များ ဖြစ်သဖြင့် ဤစာတမ်းတွင် ဥပမာ အနေဖြင့် ပြဆိုခြင်း ဖြစ်ပါသည်။ ထို့ထက် ပို၍ ကောင်းမွန်သော Application များ ရှိပါလိမ့်မည်။ နည်းပညာ Tutorial စာတမ်း မဟုတ်သဖြင့် Software အသုံးပြုခြင်းကို အသေးစိတ်ကို ရေးသားမည် မဟုတ်ပါ။)

စိတ်ကူးကို မီးညှိခြင်း

အင်တာနက် ချိတ်ဆက်ရန် မလိုအပ်သော ပရ၀ုဏ် အတွင်း အသုံးပြုနိုင်မည့် ဒစ်ဂျစ်တယ် စာအုပ်သိုက် လုပ်ငန်းကို စာပေမြတ်နိုးသူတို့ စုပေါင်း၍ စမ်းသပ် စီမံချက် အနေဖြင့် စတင် ဆောင်ရွက်ကြည့်လျှင် သင့်လျော်ပါလိမ့်မည်။ ရှေးဦးစွာ လက်လှမ်းမီရာ မြန်မာစာအုပ် (eBooks) များကို စုစည်း၍ မျိုးတူစု ခွဲခြားခြင်း၊ စာရင်း ရေးသွင်းခြင်း စသည့် အခြေခံ စာကြည့်တိုက် စီမံခန့်ခွဲရေး လုပ်ငန်းများကို ဆောင်ရွက်ရမည် ဖြစ်ပါသည်။

ထို့နောက်တွင် D Space သို့မဟုတ် Calibre အစရှိသည့် Library Software များ အနက်မှ အကောင်းဆုံး ဖြစ်မည်ဟု ယူဆရသော Application ကို ၀ိုင်ယာလက် (Wireless) စနစ် ပါရှိသော ကွန်ပြူတာတွင် ထည့်သွင်းရမည် ဖြစ်သည်။ ကွန်ပြူတာတွင် ထည့်သွင်းပြီး ဖြစ်သည့် စာကြည့်တိုက်သုံး ဆော့ဖ်ဝဲလ်ကို အသုံးပြု၍ eBook များကို စနစ်တကျ ဖြည့်သွင်းရမည် ဖြစ်ပါသည်။ ထို့နောက်တွင် ကွန်ပြူတာတွင် ထည့်သွင်းထားသည့် Local Web Server ကို အသုံးပြု၍ Wireless စနစ်ဖြင့် ပရ၀ုဏ် အတွင်း အသုံးပြုနိုင်မည့် ဒစ်ဂျစ်တယ် စာအုပ်သိုက်ကို အများသူငါ သုံးစွဲနိုင်စေရန် စတင် ထုတ်လွှင့် လည်ပတ်နိုင်ပြီ ဖြစ်ပါသည်။

ဆာဗာ အဖြစ် အသုံးပြုထားသော ကွန်ပြူတာဖြင့် Wireless Sharing ထုတ်လွှင့် ပေးထားသမျှ ကာလပတ်လုံး စာဖတ်သူတို့ အနေဖြင့် ဖတ်ရှုလိုသည့် စာအုပ်ကို စမတ်ဖုန်း (Smart Phone)၊ တက်ဘလက် (Tablet)၊ လပ်တော့ကွန်ပြူတာ (Laptop) အစရှိသည့် ခေတ်မီ ဆက်သွယ်ရေး ကိရိယာများ အသုံးပြု၍ လွယ်လင့်တကူ ရှာဖွေနိုင်၊ ဖတ်ရှုနိုင်၊ သိမ်းဆည်း နိုင်မည် ဖြစ်ပါသည်။

အင်တာနက် စာကြည့်တိုက် မဟုတ်သဖြင့် အထက်ဖော်ပြပါ ပရ၀ုဏ် အတွင်း အသုံးပြုနိုင်မည့် ဒစ်ဂျစ်တယ် စာအုပ်သိုက်မှ စာအုပ်များ အချက်အလက်များကို Wireless ထုတ်လွှင့်မှု နယ်နိမိတ် ပြင်ပတွင် အသုံးပြုနိုင်မည် မဟုတ်ပါ။ သို့သော် Wireless ထုတ်လွှင့်မှု နယ်နိမိတ် အတွင်းတွင်မူ အသုံးပြုသူများ အနေဖြင့် အီလက်ထရေနစ် စာအုပ်များ (eBooks) ကို လွယ်လင့်တကူ ဖတ်ရှုလေ့လာနိုင်မည် ဖြစ်ပါသည်။ အကယ်၍ စာပေသိုက် အသုံးပြုမှု ဆိုင်ရာ အချက်အလက်များကို ကောက်ယူလိုလျှင် သို့မဟုတ် အသုံးပြုမှု ပမာဏကို ကန့်သတ်လိုလျှင် မှတ်ပုံတင် (Registration) သို့မဟုတ် Password Protection စနစ်ကို အသုံးပြု၍ သင့်လျော်သလို စီမံနိုင်ပါသည်။

အကယ်၍ ဆန္ဒတူ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်း တစ်ဦးတစ်ရပ်က အင်တာနက် ချိတ်ဆက်ရန် မလိုအပ်သော ပရ၀ုဏ် အတွင်း အသုံးပြုနိုင်မည့် ဒစ်ဂျစ်တယ် စာအုပ်သိုက် စနစ်နှင့် ဖြည့်သွင်းထားသော အချက်အလက်များကို ဆင့်ပွား၍ အသုံးပြုလိုလျှင် ဆာဗာတွင် သိမ်းဆည်းထားသည့် စာအုပ်များနှင့် အချက်အလက်များကို Export လုပ်ပြီး လွယ်လင့်တကူ မျှဝေနိုင်မည် ဖြစ်ပါသည်။ ထို့သို့ ဆောင်ရွက်ရန် အလားတူ ပစ္စည်း ကိရိယာများ လိုအပ်လိမ့်မည် ဖြစ်ပါသည်။ သို့သော် စာအုပ် စာရင်းသွင်းခြင်းကို ထပ်မံ လုပ်ဆောင်ရန် လိုအပ်တော့မည် မဟုတ်ပါ။ ထို့ကြောင့် လူ့စွမ်းအင်နှင့် အချိန်ကို အကျိုးရှိစွာဖြင့် အသုံးချနိုင်မည် ဖြစ်ပြီး စာပေ ဖြန့်ချိရေး လုပ်ငန်းကို ထိရောက်စွာ ဆောင်ရွက်နိုင်မည် ဖြစ်ပါသည်။

ကောင်းကျိုး ဆိုးပြစ်

စာရေးသူ အနေဖြင့် ဤ အင်တာနက် ချိတ်ဆက်ရန် မလိုအပ်သော ပရ၀ုဏ် အတွင်း အသုံးပြုနိုင်မည့် ဒစ်ဂျစ်တယ် စာအုပ်သိုက် လုပ်ငန်းကို လူငယ်များ အနေဖြင့် ဦးစီး၍ တက္ကသိုလ်ကျောင်းများ၊ အထက်တန်းကျောင်းများတွင် ဆောင်ရွက်စေလိုပါသည်။ မြို့နယ်အသီးသီးမှ လူငယ်အဖွဲ့အစည်းများ ပေါင်းစည်း၍ ချိတ်ဆက် ဆောင်ရွက်နိုင်လျှင် အကျိုးများပေလိမ့်မည်။ အထူးသဖြင့် အင်တာနက် စာကြည့်တိုက် လုပ်ငန်းများနှင့် ပူးပေါင်း၍ အချက်အလက် မျှဝေခြင်းကို ဆောင်ရွက်နိုင်လျှင်မူ အကောင်းဆုံး ဖြစ်ပေလိမ့်မည်။

အင်တာနက် ချိတ်ဆက်ရန် မလိုအပ်သော ပရ၀ုဏ် အတွင်း အသုံးပြုနိုင်မည့် ဒစ်ဂျစ်တယ် စာအုပ်သိုက် စနစ်တွင် အားသာချက်များ ရှိသကဲ့သို့ အားနည်းချက်များလည်း ရှိနိုင်ပါသည်။

အားသာချက်များမှာ
(၁) ရှားပါးစာအုပ်များကို လွယ်လင့်တကူ သိမ်းဆည်း ဖြန့်ဝေနိုင်ခြင်း၊
(၂) ငွေကုန်ကြေးကျ သက်သာခြင်း၊
(၃) ပရိဘောဂ၊ နေရာဌာန မလိုအပ်ခြင်း၊
(၄) လွယ်လင့်တကူ ပြောင်းရွှေ့နိုင်ခြင်း၊
(၅) ရှားပါးစာအုပ်များကို ရေရှည် ထိန်းသိမ်းနိုင်ခြင်း၊
(၆) အချက်အလက်များကို လွယ်လင့်တကူ ရှာဖွေနိုင်ခြင်း၊
(၇) အလှည့်ကျ စောင့်ဆိုင်းရမှု ကင်းဝေးခြင်း၊
(၈) သဘာဝ ပတ်ဝန်းကျင်နှင့် စက္ကူ အသုံးပြုမှုကို လျှော့ချနိုင်ခြင်း၊
(၉) အချက်အလက် မြောက်မြားစွာကို ကျစ်လစ်စွာ သိုမှီးနိုင်ခြင်း စသည်တို့ ဖြစ်ပါသည်။

အားနည်းချက်များမှာ
(၁) ကနဦး ရင်းနှီး မြုပ်နှံမှုနှင့် အသုံးပြု ရမည့် အီလက်ထရွန်းနစ် ဆက်သွယ်ရေး ကိရိယာ ဈေးနှုန်း ကြီးမြင့်ခြင်း၊
(၂) ဖွံ့ဖြိုးမှု နည်းပါးပြီး ခေတ်မီ ဆက်သွယ်ရေး ကိရိယာများ သုံးစွဲနိုင်ခြင်း မရှိသော ဒေသများတွင် ဆောင်ရွက်နိုင်မှု မရှိခြင်း၊
(၃) စာအုပ်စာတမ်း မူပိုင်ခွင့်၊ ဆက်သွယ်ရေး ဥပဒေများနှင့် ငြိစွန်းနေခြင်း၊
(၄) အခြေခံ ကွန်ပြူတာ အသုံးပြုနိုင်စွမ်း ရှိသူတို့သာ အသုံးပြုနိုင်ခြင်း စသည်တို့ ဖြစ်ပါသည်။

အင်တာနက် ချိတ်ဆက်ရန် မလိုအပ်သော ပရ၀ုဏ် အတွင်း အသုံးပြုနိုင်မည့် ဒစ်ဂျစ်တယ် စာအုပ်သိုက် လုပ်ငန်းကို လက်တွေ့ ဆောင်ရွက်ကြည့်ပါမှ အားနည်းချက်၊ အားသာချက်များကို ထပ်မံ သိရှိရမည် ဖြစ်ပါသည်။ တွေ့ရှိချက်များကို အခြေခံ၍ မြန်မာနိုင်ငံ စာကြည့်တိုက်များ ဖောင်ဒေရှင်း၊ သက်ဆိုင်ရာ အဖွဲ့အစည်းများဖြင့် ပူးပေါင်း ဆောင်ရွက်နိုင်လျှင် ရလဒ်ကောင်းများ ထွက်ပေါ်လာမည်မှာ မြေကြီးလက်ခတ် မလွဲပင် ဖြစ်ပါသည်။

လျှောက်ရမည့် ခရီး၊ ထမ်းရမည့် တာဝန်

ဤ အင်တာနက် ချိတ်ဆက်ရန် မလိုအပ်သော ပရ၀ုဏ် အတွင်း အသုံးပြုနိုင်မည့် ဒစ်ဂျစ်တယ် စာအုပ်သိုက် လုပ်ငန်းကို ရေရှည် တည်တံ့အောင် ဆောင်ရွက်နိုင်ပါက တိမ်မြုပ် ပျောက်ကွယ်နေသော စာပေ စာတမ်းများကို ကျွဲကူးရေပါ ဆိုသလို ရှာဖွေ ဖော်ထုတ်၍ အများပြည်သူ ဖတ်ရှုနိုင်အောင် စီမံနိုင်မည့် အခွင့်အလမ်းများလည်း ထွက်ပေါ်လာနိုင်ပါသည်။ ထို့သို့ ဆောင်ရွက်ရန် လိုအပ်သော DIY (Do-it-yourself) Digitizer များကို လွယ်လင့်တကူ ရရှိနိုင်သည့် ပစ္စည်းများ ဖြစ်သော လက်ကိုင်ဖုန်း ကင်မရာ၊ အိမ်သုံး လျှပ်စစ်မီးသီး အစရှိသည့် ပစ္စည်းများဖြင့်ပင် ဖန်တီးနိုင်ပါသည်။

အထူးသဖြင့် ဒစ်ဂျစ်တယ် စာပေသိုက် လုပ်ဆောင်ခြင်းဖြင့် ပိဋကတ်တိုက် ယဉ်ကျေးမှုကို ကောင်းမွန်စွာ စောင့်ရှောက်နိုင်ရုံမျှ သာမက ခေတ်နှင့် အံဝင် ခွင်ကျ ဖြစ်အောင် ပြုပြင် ပြောင်းလဲ နိုင်မည် ဖြစ်ပါသည်။ ထို့အပြင် သုတေသနနှင့် အချက်အလက် စုဆောင်းမှု လုပ်ငန်းများကို နိုင်ငံတော် အဆင့်တွင် သာမက ရပ်ရွာ အဆင့်တွင်ပါ လူထု ပူးပေါင်း ပါဝင်မှုဖြင့် ကျယ်ပြန့်စွာ ဆောင်ရွက်နိုင်မည့် အခွင့်အရေးကောင်းများလည်း ပေါ်ထွက်လာနိုင်ပါသည်။

အပိုအဖျင်း မပါ လိုရင်းကိုသာ ဆိုရလျှင် ပိဋကတ်တိုက် ယဉ်ကျေးမှု တိုးတက်စေရန် ရှေးသူဟောင်းတို့ နည်းလမ်း ကြံဆ၍ ကိုယ်ထူ ကိုယ်ထ ဆောင်ရွက်ခဲ့သည့် လုပ်ထုံး နည်းရပ်များကို ပြန်ပြောင်း ဆင်ခြင်၍ ကိုယ်စွမ်း ညဏ်စွမ်း ရှိသရွေ့ ဆောင်ရွက်ရန် တာဝန်သည် ကျွန်ုပ်တို့၏ ပုခုံးထက်သို့ တည့်တည့်ကြီး ကျရောက်နေလေပြီ။ တာဝန်ကို ထမ်းရန် အချိန်လည်း သင့်ချေပြီ။ မဟုတ်လျှင် မြန်မာစာပေ အတွက် ပူဆာ နောင်တ ရကြရပေလိမ့်မည်။ ကျွန်ုပ်တို့ ညံ့လျှင် နှောင်းလူတို့၏ အနာဂတ် လှမည် မဟုတ်ချေ။

ကျွန်ုပ်တို့ သွားရမည့် ခရီးကား ဝေး၏။ လမ်းပန်း မသာ၊ ကြမ်းလည်း ကြမ်းပေစွ။ ကျွန်ုပ်တို့တွင် ဉာဏ်သာလျှင် ယာဉ်အဖြစ် ရှိကုန်၏။ သို့သော် ပန်းတိုင်ကို အာရုံပြု၍ မဆုတ်မနစ် လျှောက်လျှင်မူ မချွတ်ဧကန် ရောက်ရမည် ဖြစ်ပေသည်။

မောင်ကျပ်ခိုး
မြန်မာသက္ကရာဇ် ၁၃၇၆ ခုနှစ်၊ နတ်တော်လဆန်း ၁၄ ရက်၊ သောကြာနေ့။ ခရစ်နှစ် ၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာ ၅ ရက်။

ကိုးကား

၁။ ဦးဖေမောင်တင်၊ မြန်မာစာပေသမိုင်း။
၂။ မောင်စွမ်းရည်၊ စာကြည့်တိုက် မရှိတော့တဲ့ ရန်ကုန်။
၃။ ဝေဿန္တရာဇာတ်တော်ကြီး။
၎။ ဇာတာတော်ပုံ ရာဇ၀င်
၅။ အမျိုးသားစာကြည့်တိုက် – http://www.nlm.gov.mm
၆။ Beyond Access – http://beyondaccess.net/projects/myanmar/
၇။ Internet Live Stats – http://www.internetlivestats.com