မြန်မာနိုင်ငံသည် သဘာဝ ဘေးအန္တရာယ် ထူပြောသည့် နိုင်ငံ ဖြစ်သော်လည်း ဘေးအန္တရာယ် ကာကွယ်ရေး လုပ်ငန်းများကို ထိရောက်စွာ ဆောင်ရွက်နိုင်ခြင်း မရှိသေးကြောင်းကို ၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်းတွင် ဆုံးရှုံးခဲ့ရသော အသက်အိုးအိမ် စည်းစိမ်ပေါင်း မြောက်မြားစွာတို့က သက်သေထူခဲ့ပြီး ဖြစ်ပါသည်။ အကြောင်းကြောင်းသော အကြောင်းတို့ကြောင့် နိုင်ငံတော်အဆင့် ဘေးအန္တရာယ် ကာကွယ်ရေးနှင့် ကယ်ဆယ်ရေး အဖွဲ့အစည်းများကို နာဂစ်မုန်တိုင်း တိုက်ခတ်ပြီး (၃) နှစ် နီးပါးခန့် ကြာမြင့်ပြီးမှ စတင် ဖွဲ့စည်းနိုင်ခဲ့ပါသည်။ ယခုအခါတွင် ထိုအဖွဲ့အစည်းများသည် ဘေးအန္တရာယ် ကာကွယ်ရေး လုပ်ငန်းများကို အာရှ-ပစိဖိတ် ဒေသ အတွင်းရှိ မိတ်ဘက် အဖွဲ့အစည်းများ၊ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ဆောင်ရွက်နေသော်လည်း မြန်မာနိုင်ငံ ဘေးအန္တရာယ် ကာကွယ်ရေး ကဏ္ဍတွင် စိန်ခေါ်မှုများ ရှိနေဆဲပင် ဖြစ်သည်။

အထူးသဖြင့် မြန်မာနိုင်ငံ ဘေးအန္တရာယ် ကာကွယ်ရေး ကဏ္ဍတွင် ကြိုတင် သတိပေးချက် ထုတ်ပြန်ရေးမှာ အားနည်းနေဆဲပင် ဖြစ်သည်။ ကြိုတင် သတိပေးချက် ထုတ်ပြန်ခြင်းနှင့် ကာကွယ် ပြင်ဆင်ရေး ဆိုင်ရာ အသိပညာ နည်းစနစ်များ ဖြန့်ဖြူးခြင်းသည် ဘေးအန္တရာယ် ကာကွယ်ရေး လုပ်ငန်းစဉ်တွင် အဓိက အကျဆုံးသော လုပ်ဆောင်ချက် ဖြစ်ပေသည်။ သို့ဖြစ်၍ နိုင်ငံတော် အစိုးရ အနေဖြင့် ပြည်သူတို့ထံသို့ သဘာဝ ဘေးအန္တရာယ် ကာကွယ်ရေးနှင့် ပက်သက်သော သတင်းအချက်အလက်များ အချိန်မီ ရောက်ရှိအောင် ဖြန့်ချိရေးကို အပူတပြင်း ဆောင်ရွက်သင့်ပါသည်။ ဤ လုပ်ငန်းစဉ်ကို ထိရောက်စွာ ဆောင်ရွက်နိုင်မှသာလျှင် နိုင်ငံသားတို့၏ အသက် အိုးအိမ် စည်းစိမ်များကို ကာကွယ် စောင့်ရှောက် နိုင်မည် ဖြစ်ပါသည်။ ထိုသို့ ဆောင်ရွက်ရာ၌ သမားရိုးကျ နည်းစနစ်များကို အသုံးပြုရုံမျှ သာမက တိုးတက် ပြောင်းလဲနေသော ဆက်သွယ်ရေး နည်းပညာများကိုပါ ပေါင်းစပ် ထည့်သွင်း၍ ထိရောက်စွာ အသုံးချရန် လိုအပ်နေပြီ ဖြစ်ကြောင်း ယူဆမိပါသည်။

၂၀၁၃ နှစ် နှစ်လယ်တွင် မြန်မာ့ ဆက်သွယ်ရေး ကဏ္ဍသို့ နိုင်ငံတကာ ဆက်သွယ်ရေး ကုမ္ပဏီများ ဖြစ်သည့် တယ်လီနော (Telenor) နှင့် အော်ရီဒူး (Ooredoo) တို့ ၀င်ရောက် လာပြီးနောက် ဆက်သွယ်ရေး ကဏ္ဍတွင် အပြောင်းအလဲများ အတန်အသင့် ပေါ်ထွန်းလာသည်ကို တွေ့မြင်ရပါသည်။ ထိုကုမ္ပဏီများ၏ သတင်းထုတ်ပြန်ချက်အရ လာမည့် (၅) နှစ်တာ ကာလအတွင်း၌ မြန်မာနိုင်ငံ လူဦးရေ (၉၀) ရာခိုင်နှုန်းခန့်သည် တယ်လီဖုန်း ဆက်သွယ်ရေး ၀န်ဆောင်မှုကို အသုံးပြုနိုင်မည် ဖြစ်ကြောင်း သိရှိရပါသည်။ တစ်ချိန်တည်းမှာပင် မူလလက်ဟောင်း ခွေးတံဆိပ် ဓာတ်ပြားဟောင်း ဖြစ်သည့် နိုင်ငံတော်ပိုင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း အနေဖြင့်လည်း ၎င်း၏ အားနည်းချက်များကို ပြုပြင် ပြောင်းလဲရန် ကြိုးစားနေကြောင်း သိရှိရပြန်ပါသည်။ သို့ဖြစ်၍ မကြာမီ ကာလအတွင်း မြန်မာနိုင်ငံ၌ ဆက်သွယ်ရေး စနစ်များ ဖွံ့ဖြိုးလာပြီး ကျေးလက် ဒေသနေ ပြည်သူတို့ အနေဖြင့် တယ်လီဖုန်းများကို တွင်ကျယ်စွာ အသုံးပြုနိုင်ကြလိမ့်မည်ဟု မျှော်လင့်မိပါသည်။

အဆိုပါ ဆက်သွယ်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှု အပြောင်းအလဲများကို အခွင့်အလမ်းကောင်း အဖြစ် ဖန်တီးနိုင်လျှင် ဘေးအန္တရာယ် ကာကွယ်ရေး လုပ်ငန်းများကို ထိရောက်စွာ ဆောင်ရွက်နိုင်မည်ဟု ယူဆမိပါသည်။ မြန်မာနိုင်ငံ၏ ဘေးအန္တရာယ် ကာကွယ်ရေး၊ တုံ့ပြန်ရေး၊ ပြန်လည်နေရာချထားရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများတွင် ဖွံ့ဖြိုးစ ပြုလာသော ဆက်သွယ်ရေး နည်းပညာ တိုးတက်မှုကို ထိရောက်စွာ ထည့်သွင်း အသုံးပြုနိုင်လျှင် နိုင်ငံသားတို့၏ အသက် အိုးအိမ် စည်းစိမ်များနှင့် နိုင်ငံတော်၏ အရင်းအမြစ် သယံဇာတများကို ကာကွယ် စောင့်ရှောက်နိုင်မည် ဖြစ်ပါသည်။ သို့ဖြစ်၍ မြန်မာနိုင်ငံတော် အစိုးရအနေဖြင့် နိုင်ငံတော်ပိုင်၊ ပုဂ္ဂလိကပိုင် ဆက်သွယ်ရေး ကုမ္ပဏီများဖြင့် ညှိုနှိုင်း၍ မိုဘိုင်းလ်ဖုန်း အသုံးပြု ဘေးအန္တရာယ် ကြိုတင် သတိပေးချက် ထုတ်ပြန်ရေး စနစ် (Mobile Disaster Alerts System) ကို စတင် ဆောင်ရွက်သင့်ပြီး ဖြစ်ကြောင်း ထင်မြင်မိပါသည်။

စင်စစ် ဖွံ့ဖြိုးပြီး နိုင်ငံများတွင် သာမက ဖွံ့ဖြိုးဆဲ နိုင်ငံများတွင်ပါ တိုးတက် ပြောင်းလဲနေသော ဆက်သွယ်ရေး နည်းပညာများကို အသုံးပြု၍  ဘေးအန္တရာယ် ကာကွယ်ရေး လုပ်ငန်းများကို ဆောင်ရွက်နေသည်မှာ ကာလ အတန်ငယ် ကြာမြင့်နေပြီ ဖြစ်ပါသည်။ စစ်တမ်းတစ်ခု၏ လေ့လာတွေ့ရှိချက်များ အရ သဘာဝ ဘေးအန္တရာယ် သတင်း ထုတ်ပြန်ချက်များကို ရေဒီယို၊ ရုပ်မြင်သံကြား၊ FM ရေဒီယို၊ တယ်လီဖုန်း၊ မိုဘိုင်းလ်တယ်လီဖုန်း၊ SMS စာတိုစနစ်၊ ၀က်ဘ်နည်းပညာ (Web) ၊ အီးမေးလ် အစရှိသည် နည်းစနစ်များကို အသုံးပြု၍ ဖြန့်ချိ နေကြသော်လည်း SMS စာတိုစနစ်နှင့် မိုဘိုင်းလ် တယ်လီဖုန်း အသုံးပြု သတင်း ထုတ်ပြန် ကြေညာချက်များသည် ထိရောက်မှု အရှိဆုံး ဖြစ်ကြောင်း သိရှိရပါသည်။ ထို့အပြင် ၂၀၀၈ ခုနှစ် သြဂုတ်လ မဲခေါင်မြစ်ရေလွှမ်းမိုးမှုတွင် ဗီယက်နမ် အစိုးရ အနေဖြင့် ကျေးလက် ဒေသများတွင် မိုဘိုင်းဖုန်း (Mobile Phone) များကို အသုံးပြု၍ ဘေးအန္တရာယ် ကာကွယ်ရေး လုပ်ငန်းများကို ထိရောက်စွာ ဆောင်ရွက်နိုင်ရန် စီမံပေးခဲ့ခြင်းကြောင့် ပျက်စီးဆုံးရှုံးမှုကို လျှော့ချနိုင်ခဲ့ကြောင်း သိရှိရပါသည်။

စာတိုစနစ်သုံး ဘေးအန္တရာယ် ကြိုတင် သတိပေးချက် ထုတ်ပြန်ရေး (SMS Disaster Alerts System) စနစ်၏ အားသာချက်မှာ သတိပေးချက်များကို အသုံးပြုသူ မြောက်မြားစွာထံသို့ တစ်ပြိုက်နက်တည်း ပေးပို့နိုင်ခြင်းသဖြင့် ဘေးအန္တရာယ်နှင့် ပက်သက်သည့် တိကျသော သတင်း အချက်အလက်များကို ပြည်သူတို့ အချိန်နှင့် တစ်ပြေးတည်း အခမဲ့ ရရှိနိုင်ခြင်း ဖြစ်ပါသည်။ ဤစနစ်ကို ကယ်ဆယ်ရေး လုပ်ငန်းများတွင်လည်း ထည့်သွင်း အသုံးချနိုင်ခြင်းကြောင့်၂၀၀၈ ခုနှစ် အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ် ရေကြီးလွှမ်းမိုးမှုကြောင့် ပျက်စီးဆုံးရှုံးမှုကို လျှော့ချနိုင်ခဲ့ပါသည်။ အာဆီယံ အဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံ ဖြစ်သော ဖိလစ်ပိုင်နိုင်ငံတွင်လည်း မိုဘိုင်းလ်ဖုန်း အသုံးပြု ဘေးအန္တရာယ် ကြိုတင် သတိပေးချက် အခမဲ့ ထုတ်ပြန်ရေး ဥပဒေ (The Free Mobile Disaster Alerts Act) ကို မကြာမီက ပြဌာန်း၍ အလားတူ စနစ်ကို စတင် ဆောင်ရွက်လျက် ရှိပါသည်။

မြန်မာနိုင်ငံတွင် နိုင်ငံတော် အစိုးရ အနေဖြင့် နိုင်ငံတော်ပိုင်နှင့် ပုဂ္ဂလိကပိုင် ဆက်သွယ်ရေး ကုမ္ပဏီများဖြင့် ညှိနှိုင်း၍ မိုဘိုင်းလ်ဖုန်း အသုံးပြု ဘေးအန္တရာယ် ကြိုတင် သတိပေးချက် ထုတ်ပြန်ရေး စနစ်ကို ၎င်းတို့၏ လူမှုရေး ၀တ္တရား (Corporate Social Responsibility) တစ်ရပ် အနေဖြင့် ပြည်သူများကို အခမဲ့ ၀န်ဆောင်မှု ပေးနိုင်ရန် ဥပဒေ လုပ်ထုံးနည်းနာများ ထုတ်ပြန်၍ ဆောင်ရွက်သင့်သည်ဟု ယူဆမိပါသည်။ ဤစနစ်ကို ဆောင်ရွက်နိုင်ပါက ပြည်သူတို့ အတွက် အထူးပင် အကျိုး ရှိမည်မှာ မုချပင် ဖြစ်ပါသည်။ ထို့အပြင် နိုင်ငံတော် အနေဖြင့်လည်း နိုင်ငံသူ နိုင်ငံသားတို့၏ လုံခြုံရေးကို ကောင်းမွန်စွာ ကာကွယ်နိုင်မည် ဖြစ်ပါသည်။

မိုဘိုင်းလ်ဖုန်း အသုံးပြု ဘေးအန္တရာယ် ကြိုတင် သတိပေးချက် ထုတ်ပြန်ရေး စနစ် ကို ဆောင်ရွက်ရာ၌ သဘာဝ ဘေးအန္တရာယ် ကာကွယ်ရေးနှင့် ကယ်ဆယ်ရေး အဖွဲ့အစည်းများ၊ နိုင်ငံတော်ပိုင်နှင့် ပုဂ္ဂလိကပိုင် ဆက်သွယ်ရေး ကုမ္ပဏီများ၊ မိုးလေ၀သနှင့် ဇလဗေဒ ညွန်ကြားမှု ဦးစီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာ ချထားရေး ၀န်ကြီးဌာန၊ ကာကွယ်ရေး ၀န်ကြီးဌာန အစရှိသည့် တာဝန်ရှိ အဖွဲ့အစည်းများ ပူးပေါင်း၍ ဆောင်ရွက်နိုင်လျှင် ဘေးအန္တရာယ် ကာကွယ်ရေး လုပ်ငန်းများ သာမက အခြား အရေးပေါ် အခြေအနေများတွင်လည်း ထိရောက်စွာ စီမံခန့်ခွဲနိုင်မည် ဖြစ်သည်။ အထူးသဖြင့် သဘာဝ ဘေးအန္တရာယ်နှင့် ရောဂါကပ်ဆိုးများ ဖြစ်ပေါ်မှု ပိုမို များပြားလာသည့် ခေတ်ကာလတွင် ဤကဲ့သို့သော စနစ်ကို ကျင့်သုံး ဆောင်ရွက်နိုင်မှ နိုင်ငံသူ နိုင်ငံသားတို့နှင့် နိုင်ငံတော်၏ အကျိုး စီးပွားကို ကာကွယ် စောင့်ရှောက်နိုင်မည် ဖြစ်ပါသည်။

ဤစနစ်ကို မြန်မာနိုင်ငံတွင် ဆောင်ရွက်ရန် အခွင့်အလမ်းများ ရှိနေသကဲ့သို့ စိန်ခေါ်မှု ကန့်သတ်မှုများလည်း ရှိလိမ့်မည် မလွဲပင် ဖြစ်၏။ အထူးသဖြင့် နည်းပညာ အခက်အခဲများ ဖြစ်လိမ့်မည် ဟု မှန်းဆ မိပါသည်။ မိုဘိုင်းလ်ဖုန်း အသုံးပြု ဘေးအန္တရာယ် ကြိုတင် သတိပေးချက် ထုတ်ပြန်ရေး စနစ်တွင် အခရာကျသည်မှာ ဆက်သွယ်ရေး ကုမ္ပဏီများ မဟုတ်ချေ။ သတင်း အချက်အလက် ပြုစု ထုတ်ပြန်ရမည့် သုတေသန အဖွဲ့အစည်း ဖြစ်ပါသည်။ ထို့ကြောင့် နိုင်ငံတော် အနေဖြင့် ဘေးအန္တရာယ် ကာကွယ်ရေးနှင့် ကယ်ဆယ်ရေး အဖွဲ့အစည်းများ၏ လုပ်ငန်း ဆောင်ရွက်မှု စွမ်းရည်ကို မြှင့်တင်ခြင်း၊ လုပ်ပိုင်ခွင့်များ တိုးမြှင့်ပေးခြင်းတို့ကို မလွဲမသွေ ဆောင်ရွက်ရမည် ဖြစ်သည်။

အထူးသဖြင့် သတင်း အချက်အလက်များ စုဆောင်း၍ စိစစ် ထုတ်ပြန်ခြင်း၊ အချိန်မီ ဖြန့်ဖြူးခြင်း၊ လူထု၏ တုံ့ပြန်မှုကို ဆန်းစစ်ခြင်း စသည့် လုပ်ငန်းစဉ်များကို ဆောင်ရွက်ရန် ကျွမ်းကျင်သူများ၊ နည်းပညာရှင်များ လိုအပ်မည် ဖြစ်သဖြင့် နိုင်ငံတော် အစိုးရအနေဖြင့် ကုလသမဂ္ဂ အဖွဲ့အစည်းများ၊ နိုင်ငံတကာ အဖွဲ့အစည်းများ၏ ကူညီမှုကို ရယူပြီး ဆောင်ရွက်ရန် လိုအပ်ပါသည်။ ထို့အပြင် အရပ်ဘက် အဖွဲ့အစည်းများ၊ အပျော်တမ်း မိုးလေ၀သ ကျွမ်းကျင် ပညာရှင်များ၏ အကူအညီကိုလည်း ရယူရန်လည်း အရေးကြီးလှပါသည်။ မှန်ကန် တိကျသော ဘေးအန္တရာယ် ကာကွယ်ရေး သတင်း အချက်အလက်များကို ပြည်သူတို့ထံသို့ ပေးပို့နိုင်မှသာ ခြိမ်းခြောက်မှုများကို ရင်ဆိုင် ကာကွယ်နိုင်မည် ဖြစ်ပါသည်။

ဘေးအန္တရာယ် ကြိုတင် သတိပေးချက် ထုတ်ပြန်ရေး အခမဲ့ ၀န်ဆောင်မှု စနစ်ကို မြန်မာနိုင်ငံတွင် ဆောင်ရွက်နိုင်ပါက ဆက်သွယ်ရေး ကုမ္ပဏီများ အနေဖြင့် အခပေး မိုးလေ၀သ ခန့်မှန်းချက် စနစ်များ (Mobile Weather Application) ထုတ်လုပ် ရောင်းချခြင်း၊ မိုးလေ၀သ ခန့်မှန်းချက် လမ်းညွန် မြေပုံစနစ်များ၊ မိုးလေ၀သနှင့် ဇလဗေဒ အချက်အလက်များ ရောင်းချခြင်း စသည့် လုပ်ငန်းများကို ထပ်မံ ချဲ့ထွင်ပြီး ဆောင်ရွက်နိုင်မည့် အလားအလာများ ရှိနေကြောင်း တွေ့ရှိရပါသည်။ ထို့ကြောင့် မိုဘိုင်းလ်ဖုန်း အသုံးပြု ဘေးအန္တရာယ် ကြိုတင် သတိပေးချက် ထုတ်ပြန်ရေး စနစ်သည် အတ္တဟိတ၊ ပရဟိတ အကျိုး နှစ်ဖြာ ဖြစ်ထွန်းစေနိုင်မည့် စနစ်ကောင်း တစ်ခု ဖြစ်လာပြီး ပြည်တွင်း နည်းပညာ ကျွမ်းကျင်သူတို့ အတွက် အလုပ်အကိုင် အခွင့်အလမ်းများနှင့် တီထွင် ဆန်းသစ်မှု အခွင့်အရေးများ ဖန်တီးပေးနိုင်လိမ့်မည် ဟုလည်း ယူဆမိပါသည်။

အချုပ်အားဖြင့် ဆိုရလျှင် ဘေးအန္တရာယ် ကြိုတင် သတိပေးချက် ထုတ်ပြန်ရေး စနစ်သည် နိုင်ငံသူ နိုင်ငံသားတို့နှင့် နိုင်ငံတော်၏ အကျိုးစီးပွားကို ကာကွယ်ရာတွင် အရေးပါသည့် ဘေးအန္တရာယ် လျော့ပါးရေး လုပ်ငန်းများကို ဆောင်ရွက်ရာ၌ များစွာ အထောက်အကူ ပြုလိမ့်မည် ဟု ယူဆမိပါသည်။ သို့ဖြစ်၍ ကျွမ်းကျင်ပညာရှင်များ၊ တာဝန်ရှိပုဂ္ဂိုလ်များ အနေဖြင့် ဘေးအန္တရာယ် ကြိုတင် သတိပေးချက် ထုတ်ပြန်ရေး စနစ် ဖြစ်မြောက်ရေး အတွက် ၀ိုင်းဝန်း ဆောင်ရွက်ရန် အချိန်အခါ ကျရောက်ပြီ ဖြစ်သည်ဟု ထင်မြင် ယူဆမိပါသည်။

မောင်ကျပ်ခိုး
၁၃၇၆ ခုနှစ် ၀ါခေါင်လဆန်း ၁၀ ရက် အင်္ဂါနေ့၊ ခရစ်နှစ် ၂၀၁၄ ခုနှစ် ဇွန် ၅ ရက်။

References
၁။ Disaster Management, Developing Country Communities & Climate Change: The Role of ICTs, NONITA T. YAP
၂။ Myanmar Action Plan on Disaster Risk Reduction (MAPDRR) 2012, Ministry of Social Welfare, Relief and Resettlement
၃။ Republic Act No. 10639, Senate of the Philippines, 16th Congress
၎။ http://www.ooredoo.com.mm/
၅။ http://www.telenor.com.mm/

စက်တင်ဘာလထုတ် မော်ကွန်းမဂ္ဂဇင်းတွင် ဖော်ပြပြီး ဖြစ်ပါသည်။