Picture credit to www.aliexpress.com

Picture credit to www.aliexpress.com

 

ခြေလှမ်းလိုက်တိုင်း နာကျင်မှုကို ခံစားရပေမယ့် အားတင်းပြီး တရွေ့ရွေ့ လျှောက်ခဲ့တယ်။ ၀င်ပေါက်နေရာ ရောက်တော့ နည်းနည်း မြင့်နေတာနဲ့ ရွေ့ရုံနဲ့ မရတော့။ ခြေထောက်တဖက်ကို မ ကြည့်တော့ အလွန်လေးလံပြီး ချုပ်ရိုးပတ်လည်က နာကျင်လာတယ်။ ၀င်ပေါက်တံခါး နံရံကို လက်တဖက်ကကိုင် အားယူပြီး ကိုယ်တခြမ်းရွေ့ဖို့ သူ ကြိုးစားတယ်။

‘ဟင် မခဲ ဘာလုပ်မလို့လဲ။ အိမ်သာဝင်ချင်တာလား။ ခေါ်လိုက်တာမဟုတ်ဘူး’

သူ့ညီမ အပြေးတပိုင်း ရောက်လာတယ်။ ချိုင်းက သူ့ကို မတယ်။ ညီမကို မှေးကာ မခဲ ခြေလှမ်းကြွလိုက်တယ်။ အသေးအဖွဲ အတားအဆီးလေး တခုကိုမှ မကျော်လွှားနိုင်သည့် အဖြစ်ပါလား။

‘တံခါး မပိတ်လိုက်နဲ့ မခဲ။ စေ့ရုံစေ့ထား။ ကျွန်မပါ ၀င်လိုက်ခဲ့ရမလား’

‘မလိုဘူး။ သွား သွား။ နင် လုပ်စရာရှိတာ သွားလုပ်’

နှင်လိုက်ပေမယ့် ညီမဖြစ်သူ ရပ်စောင့်နေတာ သူသိနေတယ်။ ဆေးရုံက ဆင်းလာတာ  သုံးရက်ရှိပြီ။ လူက ကောင်းကောင်း မလှုပ်ရှားနိုင်သေးဘူး။ ဆေးရုံတက်မယ်လို့ သိကတည်းက မပဲနဲ့ သူ့သမီးအငယ်မ ရောက်လာတယ်။ မလာနဲ့ ပြောလည်း မရဘူး။ နင်တယောက်တည်း ဘယ်ဖြစ်မလဲလို့သာ အထပ်ထပ် ပြောတယ်။

‘မခဲ။ ပြီးပြီလား’

သူ တိတ်ဆိတ်နေတော့ မပဲ စိုးရိမ်သံနဲ့ မေးတယ်။

‘အေး။ ငါ့ မျက်နှာသုတ်ပုဝါနဲ့ ထဘီ ယူပေးစမ်းပါ။ ဒီနေ့ ရေချိုးလို့ရပြီဆိုတော့ ချိုးချင်ပြီ’

‘ကျွန်မ ၀င်လိုက်ခဲ့မယ်။ နောက်ကျော ချေးတွန်းပေးမယ်’

သူတို့ညီအစ်မ ဒီလိုပူးပူးကပ်ကပ် မနေတာ ဘယ်လောက်ကြာခဲ့ပြီလဲ။ နှစ်ဆယ်ချီ ကြာပြီထင်တယ်။ ရေခွက်ကို လှမ်းကိုင်တော့ ပါးစပ်က အမှတ်မဲ့ စုတ်သပ်မိတယ်။ မပဲ ရေခွက်ကို လှမ်းယူပြီး သူ့ကို ရေလောင်းပေးတယ်။ မပဲက ကျောအပေါ်ပိုင်းကို တိုက်ပေးပြီး အောက်ဘက်ကို ရွေ့လာတော့ သူ့ထဘီရင်လျားကို နည်းနည်း လျော့ပေးလိုက်တယ်။

‘နည်းနည်း လျော့လိုက်ဦး မခဲ။ ခါးအထိ တိုက်ပေးမယ်။ မထူးပါဘူး။ အကုန် ချွတ်ထားလိုက်ပါတော့’

တနှစ်ကျော်ကျော်သာ ကွာတဲ့ ညီအမ ဖြစ်ပေမယ့် သူတို့ အချင်းချင်း အလုံးစုံမမြင်ဖူးကြဘူး။ မခဲက အကြီးဖြစ်တော့ ပိုတောင် ထိန်းထိန်းသိမ်းသိမ်းနေဖြစ်တယ်။ မပဲငယ်ငယ်က ဖရိုဖရဲ နေထိုင်တတ်တော့ သူကပဲ ကြပ်ကြပ်ကြီး အုပ်ချုပ်လာခဲ့ရတာ။ ဆံပင်ဖြူတဲ့ အရွယ်ရောက်နေတာတောင် ညီမဖြစ်သူရှေ့မှာ ဗလာကျင်းကာ မရှိချင်။

သူ ထဘီရင်လျားကိုပဲ နည်းနည်း ထပ်လျော့လိုက်တော့ ကျောတပြင်လုံး ပေါ်လာတယ်။ မပဲက ဆပ်ပြာနဲ့ ပွတ်တိုက်ပေးတယ်။ ကျောလည်က ခပ်စွေစွေ ရှည်လျားလျား ဒဏ်ရာတခုဆီ အရောက် ခဏတန့်သွားတယ်။

‘မခဲ။ ဒါ ဘာဖြစ်တဲ့ ဒဏ်ရာလဲ။ အတော် ကြီးတာပဲ။ ငါ တခါမှ မမြင်မိဘူး’

ညီမ ဖြစ်သူ မေ့လျော့သွားတာကို သူ အစပြန်ဖော်ရမှာလား။ မေ့လက်စ ရှိစေလို့ ထားလိုက်ရင် ကောင်းမယ်လို့ တွေးရင်းကနေ နှုတ်ဖျားကတော့…

‘နင် လုပ်ထားတာလေ မိပဲ။ မေ့သွားပြီလား’

===

အဲဒီ အချိန်က သူ အသက်ခြောက်နှစ်ကျော်ပြီ။ မပဲက ငါးနှစ်ပြည့်ခါစလေး။ အမေ မြို့ကအပြန်  ဘိုမကော်ပတ်ရုပ်လေး တရုပ်စီဝယ်လာပေးခဲ့တယ်။ မပဲရဲ့အရုပ်က ဆော့ရင်းနဲ့ လက်တဘက် ဖြုတ်ထွက်သွားတော့ မခဲ အရုပ်ကို လာလုတယ်။ သူကလဲ သူအရုပ်ကို ပြန်ဆွဲရင်းနဲ့ သူတပြန် ကိုယ်တပြန် လုံးထွေး သတ်ပုတ်ကြနေကြရင်း မပဲ ဘာနဲ့ ကောက်ဆွဲခြစ်လိုက်လဲ သူမသိတော့။ သူ့ကျောပြင်မှာ သွေးချင်းချင်း နီနေတာကိုပဲ မှတ်မိတယ်။ ရွာက ဆရာမဒေါ်လှမြင့် ချုပ်ပေးတာကိုလည်း မှတ်မိနေတယ်။  ဆရာမက အစိမ်းချုပ် ချုပ်လို့  နာလိုက်တာ။ အငယ်ကို အလျော့မပေးလို့ အမေဆူတာပါ ခံရသေးတော့ စိတ်ရောရုပ်ပါ နာခဲ့ရတယ်။ မြင်နိုင်တဲ့ ဒီဒဏ်ရာသာမက မမြင်နိုင်တဲ့ စိတ်တွင်းအနာများလဲ မနည်းလှပါဘူး။ သူ ပြုသမျှ ကံ ကံ၏အကျိုးကြောင့် ဖြစ်ခဲ့တယ်ဆိုပေမယ့် ဟိုတုန်းကတော့ မပဲ ပယောဂပါတယ်လို့ တိတ်တိတ် ယိုးစွပ်ခဲ့မိတယ်။

သူတို့ညီအမ အရွယ်ရောက်တော့ မိဘတွေက ကြွယ်ပိုးကြွယ်ဝရှိပြီး ဆွေကောင်းမျိုးကောင်းလည်း ဖြစ်တော့ တာစားတဲ့ အပျိုတွေပေါ့။ မခဲက အကြီးဆိုတော့ အရင်အိမ်ထောင်ကျတယ်။ အမိအဘများက သင့်တော်သူဆိုတဲ့ သတို့သားနဲ့ ထိမ်းမြားချိန်အထိ သူ့ဘ၀မှာ ကြောင့်ကြစရာလို့ မရှိခဲ့။ သူရတဲ့ ယောက်ျားက ကြင်နာတတ်သူဖြစ်ရာ လင်ရကံကောင်းတယ်လို့ ဆိုရမှာပါပဲ။

မပဲ သူ့ စိတ်နှလုံးမှာ ပထမဆုံး လာထွင်းတဲ့ ဒဏ်ရာကိုတော့ နောက်ဆုံးထွက်သက်တိုင် မေ့ပျောက်မှာမဟုတ်။

‘မခဲ။ နင် ကွင်းစပ်ရွာက မခင်အေးကို သိလား’

‘မသိဘူး။ ဘာဖြစ်လို့လဲ။ ကွင်းစပ်ကိုတော့ တခါလားပဲ ရောက်ဖူးတယ်။ အိမ်ကလူကတော့ လှည်းတိုက် ခဏခဏ သွားတယ်’

‘အင်း သွားမှာပေါ့။ သွားစရာ ရှိတာကိုး’

မပဲ စကား မရှင်းကြောင်း သူ ခံစားမိလာတယ်။

‘ဘာ သွားစရာလဲ။ မပဲ ရှင်းရှင်းပြောစမ်းပါ။ နင် ဘာပြောချင်တာ ဘာလဲ’

‘အဲဒီကွင်းစပ်က မခင်အေးဆိုတာ အကိုကျော်ညွှန့် ရည်းစားဟောင်းတဲ့။ နင်နဲ့ မယူခင်တရက်အထိ သူ့အိမ် အ၀င်အထွက် ရှိနေတုန်းဆိုပဲ။ မယူခင်ညက မခင်အေးက ပုဆိုးစ အတင်းဆွဲထားလို့ နင့်ယောက်ျား ပုဆိုးချွတ်ပြီး ပြေးလာခဲ့ရတာတဲ့။ ဟိုမိန်းမက အဲဒီ ပုဆိုးကို အိမ်မှာခြေသုတ်အ၀တ် လုပ်ထားတာတဲ့’

မပဲ စကားကြောင့် မှင်သက်မိကာ ထပ်ပြောနေသည့် စကားများကို မကြားမိတော့။

‘မခင်အေး စရိုက်နဲ့ မျိုးရိုးကို နင့်ယောက္ခမတွေက မကြိုက်ကြဘူးတဲ့။ ဒါကြောင့် နင်နဲ့ လာစပ်ပေးစားတာ နေမှာပေါ့’

ရွှင်ရွှင်ပျပျ နေတတ်ကာ သဘောမနောကောင်းတဲ့ ခင်ပွန်းသည်ရဲ့ မျက်နှာကို ပြန်မြင်ယောင်မိပြီး မပဲ ပြောစကားကို မယုံမကြည် စိတ်ကအရင်ဝင်တယ်။ မပဲ မျက်နှာကိုကြည့်မိတော့ သူ့စကားအမှန်လို့ သိလိုက်ရကာ စိတ်လက် ခါးသီးလိုက်သည်မှာ ဆိုဘွယ်ပင် မရှိတော့။ ရင်ညွန့်မှာ စူးစူးနင့်နင့် အောင့်လာပြီး အသက်ရှူမ၀တော့။

‘နေပါဦး။ နင့်ကို ဘယ်သူပြောလဲ’

‘လင်းအောင် ပြောတာ။ သူ အမေက ကွင်းစပ်သူလေ’

‘မခဲ။ ငါကတော့ ငါ့ကို မချစ်တဲ့လူကို ဘယ်တော့မှမယူဘူး သိလား။ အတင်း လာပေးစားလို့ကတော့ ငါ့အကြောင်း သိသွားမယ်’

သူတို့အရပ် ဓလေ့အရ ငယ်ရွယ်သူများ ချစ်ကြိုက်ကြပေမယ့် အချိန်တန်က မိဘပေးစားတာ ယူမြဲဖြစ်လို့ မထူးဆန်းတဲ့ကိစ္စမို့ အိမ်ကလူကို အလွန်အကျွံ စိတ်မကွက်မိ။ သူ ပြင်းစွာစိတ်ဆိုးတာက ပုဆိုးကို ခြေသုတ်ဝတ်လုပ်တဲ့ မိန်းမနဲ့ မပဲတို့ကိုပဲ။  ကွင်းစပ်ရွာသို့သွားကာ အဲဒီပုဆိုးကို ပြန်ယူချင်တဲ့ စိတ်ဆန္ဒ တဖွားဖွားထတယ်။ ထိန်းချုပ်ရ ခက်လိုက်သည်ဖြစ်ခြင်း။ ညတိုင်း တလူးလူးတလှိမ့်လှိမ့် ဖြစ်နေရာ ခင်ပွန်းသည်က သတိပြုမိပြီး မေးတဲ့အထိပင်။ သူ့နှုတ်ခမ်းဝမှာ ပလုံစီထနေတဲ့ မေးခွန်းတွေကို နှုတ်ခမ်း အသာကိုက်ကာ မျိုချရတယ်။ တသက်လုံးမမေးဘူး။ ဒီကိစ္စကို တသက်လုံးမမေးဘူးလို့ မခဲ ဆုံးဖြတ်လိုက်တယ်။ မေးလိုက်လို့ရလာမယ့် အဖြေကို သူကြိုက်ရင်တော်သေး။ မကြိုက်ရင် နှစ်ခါ နာကျင်စိတ်ဝင်မယ်။

စိတ်ကွက်သူ နှစ်ဦးအနက် အနားမှာရှိတဲ့ တယောက်ကို ပိုမဲမိတယ်။ ညီမဖြစ်သူနဲ့ မျက်နှာချင်းမဆိုင်ချင်။ ဆိုင်မိပါက နင့်ယောက်ျား ဘယ်ကဲ့သို့ ဘယ်ချမ်းသာ ပြောဆိုလာတာကို မကြားချင်။ တနှစ်တန်သည် နှစ်နှစ်တန်သည် မိဘနဲ့အတူနေမယ့် အစီအစဉ်ကိုရပ်ကာ ခြံဝင်းတခု သတ်သတ်ယူပြီး အိမ်သီးသန့် ဆောက်တော့တယ်။

မိဘ ယောက္ခမ ခွဲပေးတဲ့ လယ်မြေ ဥယျာဉ်တွေကို ခင်ပွန်းဖြစ်သူက ကြိုးကြိုးကုပ်ကုပ် လုပ်တယ်။ သူ့ကိုလည်း အလေးထား နေရာပေး ဆက်ဆံမြဲဖြစ်တော့ ညတွင် လူးလှိမ့်ခြင်းမျိုး ကျဲလာတယ်။ မိသားစုဘ၀ ရှိလာရင် အစစ မေ့လျောသွားနိုင်ပြီလို့ သူမျှော်လင့်ခဲ့တယ်။

သူပြီးလို့ မပဲအလှည့်ရောက်တော့ ပြောစကားနဲ့အညီ မိဘများစီမံတဲ့ သတို့သားကို မပဲ ခါးခါးသီးသီး ငြင်းဆန်တယ်။ သူ့ချစ်သူ လင်းအောင်နဲ့ မပဲ လိုက်ပြေးသွားတယ်။ ပထမ သူလန့်သွားတယ်။ နောက်တော့ ကျေနပ်စိတ် ၀င်လာတယ်။ မပဲတယောက် မိဘမျက်နှာကို အိုးမဲသုတ်သူအဖြစ် ရောက်နေချိန်မှာ သူက အမိအဘကို ဒုက္ခမပေးသူ ဖြစ်နေခဲ့တာကို ကျေနပ်တယ်။

တကယ်တမ်း သူ့ညီမတယောက် ဆင်းဆင်းရဲရဲ အသက်မွေးနေရတာကိုလည်း သူကြည့်မနေနိုင်။ စိတ်ဆိုးနေတဲ့ မိဘများနောက်ကွယ် ညီမဖြစ်သူကို လုံလောက်အောင် ထောက်ပံ့ပြန်တယ်။ မိဘများက စိတ်ပြေကြလို့ မပဲ အိမ်ပေါ် ပြန်ရောက်လာတော့လည်း သူ ၀မ်းမြောက်စိတ်ဖြစ်တာပါပဲ။ တခုသော ညနေခင်းအထိပေါ့။

မပဲ သူ့အသည်းကို နောက်ထပ်လာထွင်းတဲ့ ဒဏ်ရာကပိုနက်တယ်။ အဲဒီညနေခင်းမှာ ကိုကျော်ညွှန့်နဲ့သူ အမေတို့ အိမ်ရောက်နေချိန်မှာ မပဲတို့မရှိကြဘူး။

‘အမေ ပဲမတယောက် မတွေ့ပါလား’

‘သြော် ဆရာမအိမ်ကို ခဏသွားကြတယ်’

‘ဟင် ဘာဖြစ်လို့တုန်း အမေ’

‘ဘာမှမဖြစ်ပါဘူး’

အမေ့ မျက်နှာကြည့်ရတာ တမျိုးပဲ။ အမေ မဖြေခင်မှာ မပဲတို့ ပြန်ရောက်လာကြတယ်။ မပဲ လှေခါး တက်လာတာကို လင်းအောင်က ဖေးဖေးမမ တွဲရက်သား။ မပဲကို အလွန်အမင်း ဂရုစိုက်နေပုံနဲ့။ သူ စိတ်ထဲမှာ တခုခု သိလိုက်တယ်။

‘အမေ ကျွန်မ ပြန်တော့မယ်။ ကိုကျော်ညွှန့် ပြန်ကြစို့’

‘အေး အေး သမီး။ မှောင်တောင် မှောင်လာပြီ။ ပြန်ကြ။ ပြန်ကြ’

ထပြန်လာတဲ့အထိ မပဲကိုကော မတ်ဖြစ်သူကိုပါ သူ နှုတ်မဆက်ခဲ့မိဘူး။

===

ညနေရောက်တိုင်း အမေတို့ ရေတွင်းမှာ သူတို့ရေသွားချိုးကြတယ်။ ကိုကျော်ညွှန့်က သူ့အတွက် ရေငင်ပေးတယ်။ ပြီးတော့ မပဲ ကလေးတွေကိုပါ ခေါ်ပြီး ရေချိုးပေးကြတယ်။ တူ၊တူမကလေးတွေကလည်း ညနေတိုင်း သူတို့ ဦးလေးကြီးကို မျှော်ကြတယ်။ ကလေးတွေနဲ့ ရယ်မောရွှင်ပျနေတဲ့ ခင်ပွန်းကို မြင်တိုင်း ရင်နင့်စိတ်နဲ့ လှိုက်တယ်။

နေ့လယ် တရေးနိုးချိန်ဆိုလည်း မုန့်ပဲသရေစာများ ၀ယ်ထားပြီး ကလေးတွေကို သွား သွား ခေါ်လာတတ်တယ်။ ကိုယ့်သွေးချင်းတွေကို သူ ချစ်ခင်နှစ်လိုတာကိုတော့ ကြိုက်ပါရဲ့။ မကြိုက်တာက အားတိုင်းယားတိုင်း မွေးနေတဲ့ မပဲကိုပဲ။ ဆရာမနဲ့ ဆေးထိုးထားပါလို့ အကြံပေးလည်းမရ။ စီးပွားကဖြင့် ကုံလုံတာ မဟုတ်ဘဲ မိဘနဲ့ အမကို ဒုက္ခပေးဖို့ သက်သက်လုပ်နေသလို။ ကိုယ်ပြည့်လက်ပြည့်နဲ့ မပဲကိုမြင်တိုင်း စိတ်ထဲ တစစ်စစ်ယားယံရတာကို ထုတ်ဖော်မပြောနိုင်။ အမေကတော့ ရိပ်မိတယ် ထင်ပါရဲ့။ မပဲတောင် တပြွတ်ပြွတ် ဖြစ်နေမှတော့ သူ့ဆီကော တကောင်တမြီး လာဖို့မသင့်ဘူးလား။ သားဖွားဆရာမကို မေးကြည့်တော့ မြို့ပေါ်က ဆရာဝန်ဆီမှာ နှစ်ယောက်စလုံး သွားပြပါလို့ အကြံပေးတယ်။ သူ့ဘာသာဆို တယောက်တည်း ကျိတ်သွားမိမှာပဲ။ ကိုကျော်ညွန့်ကို ဘယ်လိုပြောရမလဲ။ သူ ပြောမထွက်နိုင်ဘူး။

တဖြည်းဖြည်းနဲ့ မပဲကလေးတွေတောင် သူတို့ဘာသာ ရေခပ်နိုင်လာပြီ။ တခါတခါ ကိုကျော်ညွှန့်ကိုတောင် ရေပြန်ခပ်ပေးနေကြသေးတယ်။ ခုထိ ဆရာဝန်ဆီကို မသွားနိုင်သေး။ စကားလည်း မဟနိုင်သေးဘူး။

ညနေရီရီတခုမှာ ခါတိုင်းလိုပဲ ကိုကျော်ညွန့် ရေချိုးဖို့ အမေတို့ခြံကို ထွက်သွားတယ်။ နွေဝင်လာတော့ ရာသီကလည်း အိုက်စပ် ပူလောင်နေတယ်။ သူ နောက်က လိုက်သွားဖို့ အိမ်ပေါ်က ဆင်းလာချိန် မပဲ မောကြီးပန်းကြီးနဲ့ ရောက်လာတယ်။

‘မခဲ… မခဲရေ…မခဲ’

‘ဟဲ့ အမောတကောနဲ့ ဘာဖြစ်လာတာတုန်း’

‘အကို.. အကိုကျော်ညွှန့်… မခဲ အမြန်လာပါ။ အမြန်’

‘ဟဲ့ ဘာဖြစ်တာလဲ မပဲ။ အသေအချာ ပြောစမ်းပါ’

သုတ်ခြေတင်သွားတဲ့ မပဲ နောက်အပြေးလိုက်ရင်း ရင်တွေတဒိတ်ဒိတ် ဖြစ်လာတယ်။ အမေတို့ ခြံဝင်းကထဲရောက်တော့ အနောက်ဘက် ခြံစည်းရိုးဆီ မပဲ လက်ညိုးထိုးတယ်။ ခြံကျယ်တော့ ခြံအနောက်ဘက် ရောက်နေရင် အိမ်ဘက်ကနေ ချက်ချင်းမမြင်ရဘူး။

အနောက်ဘက် ခြံစည်းရိုးဘေးမှာ ခွေခွေလေးလဲနေတဲ့ ကိုကျော်ညွှန့်ကို မြင်လိုက်တော့ သူလန့်သွားတယ်။ ဘေးနားမှာ လင်းအောင်နဲ့ ကလေးတွေ ၀ိုင်းနေကြတယ်။ ကိုကျော်ညွှန့် ၀တ်ထားတဲ့ ပုဆိုးက ပြေနေပြီး သွေးတွေ စိုရွဲနေတယ်။ အောင်မယ်လေး ဘာဖြစ်တာလဲ။

ခုနက ကလေးတွေနဲ့ ရယ်ရယ်မောမော စကားပြောနေသေးတယ်။ ရေချိုးသံလဲ မကြားရ။ ပြန်တာလဲ ပြောမသွားလို့ ကလေးတွေကို မေးနေသေးတယ်။ ခုနက အိမ်သာဘက် ဆင်းလာရင် ညည်းသံ ကြားလို့ လာကြည့်လိုက်တာ။  မြို့ဆေးရုံကို ပို့မှ ဖြစ်မယ်။ သွေးထွက်များတယ်။

တူကလေး လက်ထဲမှာသွေးစွန်းနေတဲ့ ကွမ်းညှပ်တလက်ကို တွေ့တယ်။ ကွမ်းညှပ်က ဒီကို ဘယ်လိုလုပ်ရောက်နေလဲ။  သူ ဘာမှမတွေးတတ်အောင် ထူပူနေပြီ။

မိုးစုတ်စုတ်ချုပ်မှ ဆေးရုံကိုရောက်တယ်။ ဆေးရုံအရေးပေါ်ကလဲ ထူးဆန်းတဲ့ ကိစ္စဖြစ်လို့  ဆူညံကုန်တယ်။

‘ဖြတ်လိုက်တဲ့ ကွမ်းညှပ်ဆိုတာက ဘယ်မှာလဲ။  ကြံကြံဖန်ဖန်နော်။ ဖြတ်စရာ ရှားလို့အေ။ မိုးချုပ်မှ တယ်ဒုက္ခပေးကြတာပဲ’

သူနာပြု ဆရာမကြီး မေးလိုက်တာကို သူ ဘာ ပြန်ပြောရမှန်း မသိဘူး။ လင်းအောင် သွား ရှင်းပြနေတာကို မြင်တယ်။ ခွဲစိတ်ခန်းထဲ ကိုကျော်ညွှန့် ၀င်သွားတဲ့အချိန်မှာ မပဲက သူ့လက်ကို လာကိုင်တယ်။ ဒီကောင်မလေး လက်ကလည်း အေးလိုက်တာ။

ခွဲခန်းထဲက မသေမပျောက် ပြန်ထွက်လာလို့ စိတ်အေးရပေမဲ့ ဆေးရုံတခုလုံးက အထူးအဆန်းဖြစ်ပြီး ပြူတစ် ပြူတစ် လာ လာကြည့်ကြတာကိုတော့ သူ အတော် စိတ်ပျက်မိတယ်။  အုတ်အော်သောင်းတင်း ဖြစ်ကုန်တာကို အံ့လည်းသြ စိတ်လည်း ပျက်မိတယ်။ သူတို့ကို လာကြည့်တဲ့ မျက်လုံးတွေကို မခဲမုန်းတယ်။

ဆေးရုံက ဆင်းလာပြီးနောက် ကိုကျော်ညွှန့်ဟာ အိမ်ထဲအိမ်ပြင် မထွက်တော့ဘူး။ အမြဲလိုလို  အိပ်ရာထဲ လှဲနေတော့တယ်။ တသက်လုံး ရွှင်ရွှင်ပျပျနေလာခဲ့သူ ဒီလို ရုတ်ချည်းပြောင်းသွားတာ မယုံနိုင်လောက်အောင် ဖြစ်ရတယ်။ မပဲကလေးတွေ လာကြည့်တာလည်း လုံးဝ မတွေ့မခံတော့ဘူး။

အိမ်ကိစ္စတွေကိုပါ တခုမှမလုပ်တော့ဘူး။ ခင်ပွန်း မဦးစီးမှတော့ သူရှေ့ထွက်ရတယ်။  အိမ်မှာ ချန်ထားရစ်ခဲ့တဲ့ လူကိုလည်း စိတ်မချ၊ အလုပ်ကိုလည်း မျက်နှာလွဲခဲပစ် လုပ်မရနဲ့ ဗျာပါများလှတယ်။ တူကလေးတယောက် အိမ်မှာ လာ လာစောင့် ပေးဖော်ရလို့တော်သေး။ ပြန်လာလို့ မေးလိုက်ရင် အဖြေကတခုတည်း။

‘ဦးကြီးက အစားကောင်းကောင်း မစားဘူး ကြီးကြီး။ ကျွန်တော့်မျက်နှာကိုလဲ မကြည့်ဘူး။’

မိုးဦးကျချိန်မှာ သူရင်ငှားကိစ္စ မျိုးစပါးမလောက်ငမှု ဓာတ်မြေသြဇာခွဲတမ်း အမှုကိစ္စပေါင်းစုံနဲ့ မခဲ ပြေးလွှားနေတာ မြင်ပေမယ့် ကိုကျော်ညွှန့် အိပ်ယာထဲလှဲမြဲ။  စပါးစိုက် ပျိုးနုတ်ဖို့ လူရှာရကိစ္စနဲ့ ကွင်းစပ်တောင် ရောက်တယ်။ ဗျာပါတွေ များရတဲ့အထဲ ခြေသုတ်ခုံ လုပ်ထားတယ်ဆိုတဲ့ ဟိုမိန်းမရဲ့ အိမ်ကို တစေ့တစောင်း သွားကြည့်ချင်စိတ် သူ့မှာ ၀င်လာသေးတယ်။ ကိုကျော်ညွှန့်သတင်းကို ကြားတော့ အဲဒီမိန်းမဟာ ၀မ်းသာအားရ ဖြစ်နေမလား။

မိုးကုန်ပြီး သီတင်းကျွတ်ဦးကာလ ရောက်လာတော့ သူကပဲ တိုက်တိုက်တွန်းတွန်း ပြောမိတယ်။

‘ကိုကျော်ညွှန့် ခြံထဲတောခုတ်နေတာ ခဏသွားကြည့်ပါလား။ လူငှားရှိပေမယ့် နည်းနည်းတော့  ကြည့်ရဦးမယ် မဟုတ်လား။ ခြေဆန့်လက်ဆန့် သဘောမျိုးပေါ့။ ဟင်’

ပထမတရက် ခြံထဲ လိုက်သွားပြီးပြန်လာတော့ ကိုကျော်ညွှန့် မျက်နှာက တည်တည်ငြိမ်ငြိမ်ပဲ။ မခဲ နည်းနည်း စိတ်အေးသွားတယ်။ ပုံမှန် ပြန်ဖြစ်လာပြီ ထင်ပါရဲ့။ နောက်တနေ့  မနက်နိုးလာတော့ ထူးထူးဆန်းဆန်း စကားဆိုတယ်။

‘ညက အမေ့ကို အိပ်မက်မက်တယ်။ ငါ့ကို လာခဲ့လို့ ခေါ်နေတာ။ လိုက်ဖို့ ပြင်နေတုန်း နိုးလာရော’

ကိုကျော်ညွှန့်အမေဆုံးတာ သုံးမိုးကျော်ပြီ။ မခဲ စိတ်ထဲ တမျိုးဖြစ်သွားတယ်။

ကိုကျော်ညွှန်မျက်နှာကို စေ့စေ့ကြည့်တော့ အေးအေးဆေးဆေး ဟန်ရှိတယ်။ ဒီအတိုင်း မက်တာ ထင်ပါရဲ့။

‘ကျွန်မတို့ အမေအတွက် ဆွမ်းကျွေးအလှု လုပ်ကြမလား ဟင်’

‘ဆွမ်းကျွေးလား။ ခဏ နေပါဦး။ နောက် လုပ်ရမှာပဲ။ ငါ ခြံထဲ သွားလိုက်ဦးမယ်’

‘ကျွန်မပါ လိုက်ခဲ့မယ်။ ခဏ စောင့်လေ’

‘ဒီနေ့ နင် မလိုက်ခဲ့နဲ့တော့။  ထမင်းစား ပြန်မလာဘူး’

‘ပူတယ်။ ပြန်မလာချင် မလာနဲ့။ ကျွန်မ ထမင်းချိုင့် လာပို့မယ်’

ပြောပြောဆိုဆို သူထွက်သွားတာကို မခဲ ခဏငေးကြည့်နေမိသေးတယ်။ ထမင်းချိုင့် ပို့မယ်ဆိုတော့ ဖွယ်ဖွယ်ရာရာလေး ချက်ပြုတ်ရတယ်။ ထမင်းချိုင့် ဆွဲပြီး ခြံထဲလိုက်သွားတော့ ကိုကျော်ညွန့်ကို မတွေ့ရဘူး။

‘ကျွန်မတို့ အိမ်က လူကော’

တောခုတ်နေတဲ့ လူငှားတွေ ပြန်ဖြေတာက ပြန်သွားတယ်တဲ့။ အိမ်ကိုလည်း ပြန်မရောက်လာဘူး။

လူငှားတွေရော မခဲပါ ခြံတခုလုံး နှံ့အောင်ရှာကြတယ်။ အရိပ်အယောင်မှ မတွေ့။ အိမ်ကို တယောက် ပြန်ပြေးကာ သွားကြည့်တယ်။ အိမ်မှာလဲ မရှိ။ အဖေ၊ အမေ၊ မပဲနဲ့ ကလေးတွေ ကိုကျော်ညွန့် အမျိုးတွေပါ ရောက်လာပြီး လူစုံတက်စုံ ရှာကြတယ်။

နှစ်ရက်နှစ်ညသာ ကုန်သွားတယ်။ ဘာသတင်းမှ မရဘူး။ ရွာထဲက လူတွေကလဲ ဖြတ်သွားတာ မမြင်မိကြဘူး။ ရွာက ထွက်သွားတာကိုလည်း တယောက်မှ မတွေ့ကြဘူး။ ဟောပြောတဲ့ ဆရာဆီ  မပဲ သွားပြီး ပြန်လာတော့

‘မခဲ။ ရေမှာ ရှာပါလို့ ဆရာထွန်းက ပြောလိုက်တယ်။ ပွဲပေးပြီး မီးထွန်းရမယ်။ တွေ့မှာပါတဲ့’

ကန်တော့ပွဲတွေ ဖယောင်းတိုင်တွေနဲ့ မပဲ ပြောထားသမျှလုပ်ပြီး အိမ်ရှေ့ဘုရားခန်းကနေ မီးဖိုဘက် ဆင်းခဲ့တော့ အမေနဲ့ မပဲ ခေါင်းချင်းဆိုင်နေတာကို တွေ့တယ်။

‘ပြန်တွေ့ပေမယ့် ရှိတော့မှာ မဟုတ်ဘူးတဲ့ အမေ။ မခဲတော့ ဒုက္ခပဲ’

နှစ်ယောက်စလုံး မခဲကို မမြင်ကြဘူး။  မဟုတ်ဘူး။ ကိုကျော်ညွန့်က ထမင်းစား ပြန်မလာဘူးပဲ ပြောသွားတာ။ မဟုတ်ပါဘူး။

အဟောထွက် စကားအရ ရွာချောင်းကမ်းပါးအနှံ့ ရွာချောင်းနဲ့ မြစ်မကြီး ဆုံရာမှာ ရှာကြတယ်။ ခြေရာလေးမှ မကောက်မိဘူး။ ချောင်းဘက် ဆင်းလာတာကိုလဲ ဘယ်သူမှ မမြင်လိုက်ရဘူး။ ရေမှာ ဆိုတာ….

ရုတ်တရက် မခဲ ဆတ်ကနဲ တုန်သွားတယ်။

ခြံထဲမှာ။ ခြံထဲမှာ ရေ…ရေတွင်း။

ခြံထဲမှာ ဘယ်သူမှ အသုံးမပြုတော့တဲ့ ရေတွင်းဟောင်းရှိတယ်။ သစ်ရွက်ကြွေ သစ်ရွက်ပုပ်တွေကြောင့် အမှိုက်ကျင်းလိုလို ဖြစ်နေတာ။ ပထမရက် ခြံထဲ ပတ်ရှာကတည်းက ရေတွင်းဟောင်းတ၀ိုက် ရှာထားပြီးသား။

ခြံထဲ နောက်တခေါက် ထပ်သွားကြတယ်။ သစ်ရွက်ကြွေများကို ဖယ်ရှားလိုက်တော့ ပထမ ဘာမှ မတွေ့ရဘူး။ ၀ါးလုံးနဲ့ ရေတွင်းထဲ ထိုးလိုက်တော့မှ ရေ မျက်နှာပြင် နည်းနည်း လှုပ်ရှားသွားပြီး ဆံပင်စလေးလိုလို ရိပ်ကနဲ မြင်လိုက်ကြရတယ်။ လက်နှိပ်ဓာတ်မီးတွေနဲ့ ၀ိုင်း ထိုးကြည့်တော့ ဘာမှ မမြင်ရပြန်ဘူး။

‘ဆရာထွန်း ပြောတဲ့အတိုင်း မီးထွန်းလိုက်အုန်း။ မခဲ နင် ကိုယ်တိုင် လာလုပ်’

မပဲ လက်ထဲ လာထည့်လိုက်လို့သာ ယောင်ယောင်ကန်းကန်းနဲ့ လုပ်လိုက်ရတယ်။ သူ့မှာ ဘာပြောရမှန်း မသိဘူး။ မပဲ ရှေ့က ပြောသမျှ လိုက်ဆိုတာ ပြန်တွေ့ပါစေ တကြောင်းပဲ မှတ်မိတော့တယ်။

‘လင်းအောင် နင်တို့ အသေအချာ ပြန်ကြည့်ကြဦး’

မရမ်းပင်ကို မှီပြီး ထိုင်နေကာ မပဲ စီမံနေတာကို ငေးကြည့်နေတယ်။ တမှေးမှ မအိပ်တာ နှစ်ရက်နှစ်ည ရှိခဲ့ပြီ။

‘ဒီမှာ ဟေ့။ ဒီမှာ သေချာတယ်။ ဆံပင်ကို ပြန်မြင်ရပြီ။  ဟေ့ ကြိုးတွေ လိုတယ်။ ရွာထဲ ပြန်ပြေးကြဦး’

ရေတွင်းထဲက ဆယ်တင်လာတဲ့ ကိုကျော်ညွန့် ခန္ဓာကိုယ်ဟာ ဖောင်းကားပြီး ပုံပျက်နေပြီ။ ခြေထောက် တဘက်တချက်မှာတော့ ပိုက်စုတ်နဲ့ ကျောက်တုံးတတုံးစီ ချည်လျက်သား။ ကျောက်တုံးအလေးချိန်ကြောင့် ရေပေါ် ပေါ်လာတာတောင် ရပ်လျက် ဖြစ်နေတော့ သူတို့ ဆံပင်စလေးကိုပဲ စ မြင်ရတာ။ နှစ်ရက်လုံးလုံး တင်းခံထားတဲ့ မခဲ ခြေထောက်က ကျောက်တုံးတွေကို မြင်တော့ မျက်ရည်ပေါက်ပေါက် ကျလာတယ်။ ပြန်ပေါ်မလာအောင် လုပ်သွားတဲ့သဘော။ သူ့ကို အလောင်းတောင် မမြင်စေလိုတဲ့ သဘော။ ရင်ထဲ အောင့်ပြီး နာလိုက်တာ။ မခဲ နှုတ်ခမ်းကိုပြတ်လုမတတ် တင်းတင်းကိုက်ရင်း အင်္ကျီလက်ဖျားနဲ့ မျက်ရည်သုတ်လိုက်တယ်။
===

အဲဒီနှစ် စပါးသိမ်းချိန်အပြီးမှာ မခဲ မြို့ပေါ်ပြောင်းသွားတယ်။ ဆေးရုံနားကကွက်သစ်မှာ အိမ်သေးသေးလေးတလုံး ၀ယ်လိုက်တယ်။ သူငယ်ငယ်ကတည်းက အချုပ်အလုပ် ကျွမ်းကျင်တော့ ခြင်ထောင်၊အိပ်ရာခင်း၊ခေါင်းအုံးစွပ် ချုပ်ရောင်းတယ်။ နောက် ချုပ်ထည်တွေ ချုပ်ရောင်းပြီး ဈေးထဲသွင်းတယ်။ ရွာက အိမ်ကို ရောင်းပစ်ပြီး လယ်နဲ့ခြံကို အငှားချထားလိုက်တယ်။ မိဘများ အသက်ထင်ရှားရှိစဉ်မှာ ရွာကို ရံဖန်ရံခါသာ ပြန်ပြီး အမိအဘတို့ နေနဲ့လ အရိပ်ကွယ်သွားကတည်းက ရွာကို လုံးလုံးမပြန်တော့ဘူး။

တကောင်တမြီးတောင် လာရောက်မခိုနားဖူးတဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းက ပြဿနာဖြစ်လာတော့ ထုတ်ပစ်ရမယ်တဲ့။ တခါမှ အသုံးမပြုခဲ့ရတဲ့ အပိုပစ္စည်း။ မြန်မြန်ထုတ် အေးတာပါပဲ။ ဆေးရုံတက်မယ်လို့ သိကတည်းက မပဲ နဲ့ သူ့သမီးအငယ်မ ရောက်လာတယ်။ မလာနဲ့ ပြောလည်း မရဘူး။

မပဲ ကလေးတွေ မြို့မှာ အလုပ်လုပ်သူလဲရှိ စာသင်သူလဲ ရှိကြလေရဲ့။ ကလေးတွေရဲ့ ပညာသင်စရိတ် ထောင်းလွန်းလို့ သူ့ညီမ ကျပ်တည်းတာကိုတော့ မခဲ ထောက်ပံ့တယ်။ ကလေးတွေက သူတို့အမေ ခိုင်းလို့သာ ရံဖန်ရံခါ ၀င် ၀င်လာတတ်တယ်။ ဖင်နွေးအောင် မထိုင်ကြပါဘူး။ သူတို့ကို အကျွမ်းမ၀င် မဆက်ဆံတဲ့ ကြီးတော်ကို စိမ်းတာဘာမှမဆန်းဘူး။ သူတို့အာရုံထဲမှာ ရယ်ရွှင်ပျပျနဲ့ ဦးလေးကြီးကိုသာ စွဲထင်ကျန်ရစ်တယ်။

နေ့ခင်းဘက်တွေမှာ အပ်ချုပ်စက်နင်း အကူကောင်မလေးတယောက်ရှိတော့ လက်တိုလက်တောင်း ခိုင်းလို့ရတယ်။ ညနေရောက်တော့ မြို့သစ်က သူ့အိမ်မပြန်ခင် ကောင်မလေးက သူ့ကိုနင်းပေးနှိပ်ပေး သွားတတ်သေးတယ်။ စက်ချုပ်တော့ အလွန်အညောင်းမိတယ်။ တခါတလေ ညဘက်မှာ ဗိုက်အောင့်ပြီး မူးဝေလာတာ ရှိတယ်။ ဆေးပုလင်းရှိရာ တရွေ့ရွေ့နဲ့ သွားရတယ်။ နောက်တော့ အိပ်ရာဘေးမှာ ဆေးပုလင်း ရှူဆး နဲ့ ပရုတ်ဆီပုလင်းတွေ တန်းစီထားလိုက်တာပဲ။ အောင့်လာမူးလာရင် ဘေးကိုလှမ်းစမ်းလိုက်ရုံနဲ့ ရတယ်။ မနက်လင်းလာတော့ ဘာမှမဖြစ်သလို စက်ခုံပေါ် ရောက်နေပြန်တယ်။။

ဗိုက်အောင့် အောင့်နေတာ သွေးဆုံးချိန်ရောက်လို့ ဖြစ်တတ်တဲ့ သဘာဝလို့ ထင်ကာ ရှေးရိုးအတိုင်း ဘဲဥစားရ သွေးဆေးသောက်ရနဲ့ ဖာသိဖာသာ နေလာခဲ့တယ်။ ပုံမှန်မဟုတ်ဘဲ အမည်းရောင်တွေ ဆင်းလာတော့မှ ထိတ်ပျာသွားကာ ဆေးခန်းပြေးရတယ်။ အိုဂျီဆရာမက ဒုက္ခပေးလာနိုင်တဲ့အတွက် ထုတ်ပစ်လိုက်စေချင်တယ်တဲ့။ ထုတ်ပေါ့။ ဆရာမပြောတာ နားထောင်ပြီး သူ့ဘာသာ စိတ်ထဲရေရွတ်တယ်။ ဒုက္ခက ပေးထားပြီးသားပါ ဆရာမ။ ကြာလှပြီ။  နှုတ်ခမ်းထောင့်စွန်း တချက်တွန့်သွားကာ သူမသဲမကွဲ ပြုံးမိတယ်။

ခွဲခန်းထဲဝင်တော့ စိုးရိမ်ကြောင့်ကြမှု လုံးလုံးမရှိဘူး။ မခဲ မကြောက်နဲ့နော်၊ ဘုရားစာရွတ်နေနော်လို့ မပဲ တဖွဖွမှာလိုက်တာ သတိရပေမယ့် မရွတ်ဖြစ်ဘူး။ ခွဲခန်းဆိုတာကို မြင်နိုင်သလောက် စောင်းငဲ့ကြည့်ကာ စူးစမ်းနေတယ်။ ထုံဆေးဖြစ်လို့ ခွဲစိတ်ချိန်တချိန်လုံး အသံဗလံတွေ ကြားနေရတယ်။ ဆရာမက စကားလာပြောတာကိုလဲ ပြန်ပြောနေမိတယ်။ သူတခုခု ဖြစ်သွားနိုင်တယ်လို့လဲ မတွေးမိဘူး။ ထူးထူးဆန်းဆန်း ခံစားချက်မရှိ ပူပန်သောကမရှိ ဗလာဖြစ်နေခဲ့တယ်။

ခွဲစိတ်ပြီးညမှာ ထုံဆေးပြယ်တော့ ဒဏ်ရာကနာလိုက်တာ။ သူ အတော်ကို ကျိတ်မှိတ်သည်းခံရတယ်။ အရည်အတောင့်စသော ဆေးအမျိုးမျိုးက နာကျင်မှုကို အရှင်းမပျောက်စေနိုင်ဘူး။ ယာယီသာ သက်သာစေတယ်။ ခန္ဓာကပျက်လာတော့ ၀န်ကိုထမ်းရပြီ။

ဆေးရုံတက်ချိန်ရော အိမ်ပြန်ရောက်ချိန်တွေမှာ သူ့တကိုယ်ရည်ကိစ္စတွေကို ပြီးစေဖို့ အလွန်အားထုတ်ရတယ်။

‘မခဲ နင် ငါ့ကို ဘာမှ အားမနာနဲ့။ အိမ်သာ ထ ထမသွားနဲ့။ အိုးကိုသာသုံး။ အဖျားကလည်း ၀င်ထားတော့ နင် အားမရှိဘူး။ အိမ်သာထဲ မူးဝေနေရင် အခက်’

‘ရတယ်။ ငါ ထ နိုင်တယ်။ ဒါနဲ့ မပဲ နင် သမီး ဈေးဝယ်နေတာ ငါ့ဆီက ပိုက်ဆံယူသွား။ ဘာမှ စိုက်သုံးမနေနဲ့’

‘နင် အဲဒါတွေ မပြောဘဲ ခဏနေဦး မခဲ။ ငါ လိုရင် တောင်းမယ်’

မပဲ မျက်နှာကိုမြင်လို့ လုံခြုံစိတ် ၀င်လာတာ ဒီတခါ ပထမဆုံးပဲ။

===

‘မခဲ။ ဒါကြီးက ငါ့ကြောင့် ဖြစ်တာလား။ နင် အတော်နာခဲ့မှာပဲ။ ငါ မမှတ်မိတော့ဘူး’

‘အင်း နင် ငယ်ငယ်လေးပဲ ရှိသေးတာကိုး’

‘ငါ ဘာလို့မမှတ်မိလဲ မသိဘူး။ ငါ..’

မပဲ စကားဆက်မပြောဘဲ ရပ်သွားတယ်။ ညီအစ်မနှစ်ယောက်စလုံး စိတ်လှုပ်ရှားမှု ကိုယ်စီနဲ့ ခဏတာ ငြိမ်သွားကြတယ်။ သူ့ စိတ်ဒဏ်ရာတွေအကြောင်းကို ပြောပြဖို့မလိုတာ ကံကောင်းတာပဲ။ ခံသာအောင် ထိုးခဲ့တဲ့ လက်ညှိုးအကြောင်းကို မပဲ သိစရာ မလိုဘူး။

‘မခဲ ဒီတခွက် လောင်းပြီးရင် တော်တော့မယ်နော်။ ဒီနေ့မှ စ ချိုးတာ သိပ်ကြာလို့မကောင်းဘူး။ ငါ့ကိုမှီပြီး ဖြည်းဖြည်းထရပ်’

မပဲကို တွဲမှီကာ အိပ်ခန်းထဲ တဖြည်းဖြည်းပြန်လျှောက်လာတယ်။ မပဲက သူ့ကိုအင်္ကျီဝတ်ပေးတာ ကလေးတယောက်သဖွယ် ငြိမ်ခံနေတယ်။ ထဘီကွင်းကို ထိုးသွင်းလိုက်ရင်း သူက မပဲကို လှမ်းမေးလိုက်တယ်။

‘နင် လောလောဆယ် မပြန်သေးဘူး မဟုတ်လား’

‘အေး’

 

( မြယာ )

၂၀၁၄၀၄၂၉