crutch

(၁)

လျှော်ချောင်းကျေးရွာဘက်ကမ်းမှ ဖြတ်သန်းတိုက်ခတ်လာသော ဆောင်းလေပြေသည် “မောင့်ဘ၀ကိုယ်ခွဲ … မြတ်နိုးရတဲ့ ရင်နှစ်အသည်း … တစ်ရွာသူတစ်မြို့သူ ဖြစ်တော့လည်း .. မြင်ချင်ကြည့်ချင် တွေ့ချင်ပေမယ်” အစချီသော အာဝါဟ၀ိဝါဟ ဆွေပြမျိုးပြ မင်္ဂလာတေးသံကို ချောင်းတစ်ဘက်ကမ်းတွင် တည်ရှိသော အုန်းတောစုကျေးရွာဘက်သို့ သယ်ဆောင်လာလေသည်။

 

ကျယ်လောင်စူးရှ မြူးကြွသောတေးသံနှင့်အတူ ၀တ်ကောင်းစားလှ ၀တ်ဆင်ထားသော ကာလသား၊ ကာလသားသမီး တစ်သိုက်သည် နံနက်ခင်း၏ ဖူးသစ်စ နေရောင်ခြည်အောက်တွင် ပြာယာခတ်နေကြ၏။ ကလေးတစ်သိုက်မှာ လျှော်ချောင်းကျေးရွာနှင့် အုန်းတောစုကျေးရွာ ချောင်းကူးတံတား၏ ဟိုမှာဘက်ကမ်း ဒီမှာဘက်ကမ်းတွင် ထမင်းစား လက်မှတ် ကိုယ်စီ ကိုင်၍ ရွစိထိုးနေလေ၏။ သက်ကြီးရွယ်အို တစ်စုမှာလည်း နေပူဆာလှုံရင်း မင်္ဂလာ သတို့သား၊ သတို့သမီးတို့၏ မိဘဘိုးဘွား ဆွေမျိုးသားချင်းများ အကြောင်းကို ဆွေခုနစ်ဆက် မျိုးခုနစ်ဆက် လှန်လှော၍ ရောက်တတ်ရာရာ ပြောဆိုနေကြလေသည်။

 

မြစ်ဝကျွန်းပေါ်ဒေသရှိ တော်စွလျော်စွ မင်္ဂလာပွဲများတွင် ပေါင်မုန့်အုန်းနို့ဆမ်း တည်ခင်း ကျွေးမွေးလေ့ ရှိသည်။ ယခု မင်္ဂလာပွဲကား သာမညောင်ည မင်္ဂလာပွဲ မဟုတ်ချေ။ ၀က် ပိဿာချိန် (၈၀)၊ ကြက် ပိဿာချိန် (၂၀) ကျော် တည်ခင်း ကျွေးမွေးမည့် ဧရာမ မင်္ဂလာပွဲကြီး ဖြစ်လေရာ လျှော်ချောင်းကျေးရွာနှင့် အုန်းတောစုကျေးရွာများမှ ရွာသူရွာသားများသာမက ရွာနီးနားချင်း ကျေးရွာများမှ ဧည့်ပရိသတ်များပါ တက်ရောက်ကြမည် ဟု သတင်းကြီးနေလေသည်။ မင်္ဂလာပွဲသို့ လာရောက်ကြသော ဧည့်ပရိတ်သတ်တို့ စီးနင်းလာသော လှေ၊ ပဲ့ထောင်တို့မှာ ချောင်းရိုးတစ်လျှောက်တွင် တင်းကြမ်း ပြည့်နှက်နေ၏။ ဧည့်ပရိတ်သတ် များလွန်းလှသောကြောင့် ထမင်းကျွေးရုံ လေးရုံတိတိ ခွဲထားရသော ဟူ၏။

 

ရွာသူရွာသား အများစုမှာ အလှူမင်္ဂလာပွဲရှိမှ ဖိနပ်စီးသူများ ဖြစ်ကြသဖြင့် ဖိနပ်ပေါက်ပြီး ထော့နင့်ထော့ဖြင့် လမ်းလျှောက်နေသူ အမြောက်အမြားကို ရွာလမ်းမကြီး တစ်လျှောက်တွင် တွေ့ရသည်။ ခြေထောက်ပေါက်သဖြင့် ဖိနပ်ချွတ်ပြီး ခါးကြားထိုးထားသူများလည်း ရှိ၏။ ညိုညစ်ညစ် ပါးပြင်ထက်တွင် ပရိုမီနာ မိတ်ကပ် လိမ်းကျံ ခြယ်သထားသဖြင့် ပြာနှမ်းနှမ်း မျက်နှာဖြင့် အသရေတင့်နေသူ ကွမ်းတောင်ကိုင်၊ ပန်းတောင်ကိုင် အပျိုတစ်သိုက်သည် အိမ်ပေါ်တက်လိုက် အိမ်အောက်ဆင်းလိုက် လုပ်ရင်း ဆောက်တည်ရာ မရ ဖြစ်နေလေသည်။ လျှော်ချောင်းကျေးရွာနှင့် အုန်းတောစုကျေးရွာကို နယ်နမိတ် စည်းခြားထားသော ချောင်းငယ်၏ တစ်ဘက်တစ်ချက်ရှိ ဓနိတောတန်းသည်ပင်လျှင် လှုပ်လှုပ်ရှားရှား ဖြစ်နေသည့် ရွာသူရွာသားတို့ကို မြင်တွေ့ပြီးနောက် ကခုန်သလိုလို ခုန်ချင်သလိုလို ဖြစ်လာသည်ထင့်။ ဆောင်းလေ အဝှေ့တွင် ယိမ်းနွဲ့နေလေ၏။ ဤသည်ကား မြစ်ဝကျွန်းပေါ်ဒေသမှ ကျေးလက်မင်္ဂလာပွဲ မြင်ကွင်းပင် ဖြစ်ပါသည်။

 

မောင်ဖိုးထူးသည် အိမ်နောက်ဖေး ရေဆင်းတံတားတွင် ထိုင်ရင်း ချောင်းရိုး တစ်လျှောက်တွင် ဆိုက်ကပ်ထားသော လှေများကို ရေတွက်နေလေ၏။ ချောင်းရိုးတစ်လျှောက်တွင် ကူးချည်သန်းချည် သွားလာနေသော မင်္ဂလာပွဲလာ လှေ၊ ပဲ့ထောင်များကို ကြည့်ရင်း “ငါ့ အစ်မ မင်္ဂလာဆောင် တယ်ပြီး စည်တာပဲ” ဟု သူ တွေးမိသည်။ အရောင်စုံ အသွေးစုံ ၀တ်ဆင်ထားသော လူအုပ်ကြီးကို ကြည့်၍ ဂုဏ်ယူသလိုလို ပျော်သလိုလို ဘာလိုလို ဖြစ်လာသည်။ သို့သော် လက်ဖျစ်တစ်တီး လျှပ်တစ်ပြက်မျှ မကြာသော အချိန်အတွင်း မောင်ဖိုးထူး တွေခနဲ ဖြစ်သွားပြီး သူ့ မျက်နှာပေါ်မှာ ကြည်နူးမှုမှာ ကြက်ပျောက်ငှက်ပျော် ကွယ်ပျောက်သွားလေ၏။ ထို့နောက် မောင်ဖိုးထူးသည် ရေဆင်းတံတားဦးတွင် ထိုင်နေရာမှ အိမ်နောက်ဖေး မီးဖိုချောင်အတွင်းသို့ ချိုင်းထောက်ကို တဒေါက်ဒေါက် မြည်အောင် ထောက်ပြီး ၀င်ရောက်သွားလေ၏။

 

(၂)

လွန်ခဲ့သော ဆယ့်လေးငါးနှစ်ခန့်က ဖြစ်၏။

 

တစ်ခုသော နံနက်ခင်းတွင် အုန်းတောရွာနေ ကိုသန်းစိန် မခင်မြ ဟု အမည်တွင်သော လယ်သမား ဇနီးမောင်နှံသည် ရွာဦးကျောင်း စေတီ အနီးရှိ ညောင်မုတ်ဆိတ်ပင်ကြီး အောက်တွင် ဆီမီး အမွှေးနံ့သာ ထွန်းညှိ ပူဇော်၍ ညောင်ပင်စောင့် ရုက္ခစိုး နတ်မင်းကို သားဆု ပေးသနားပါရန် တောင်းပန် တိုးလျှိုးနေကြ၏။ အိမ်ထောင်သက် ဆယ်နှစ်တင်းတင်း ပြည့်ခဲ့သော်လည်း သားရတနာ မထွန်းကားဘဲ သမီးရတနာသာ ထွန်းကားခဲ့သောကြောင့် ဗေဒင်ဟူးရား တတ်ကျွမ်းသူတို့နှင့် တွေ့ဆုံ မေးမြန်းကာ ကိန်းခန်း အလိုအတိုင်း ညောင်ပင်စောင့် ရုက္ခစိုးနတ်မင်းကို နွားနို့၊ ဆီးမီ အမွှေးနံ့သာ ထွန်းညှိ ပူဇော်ပသပြီး သားဆုပန် နေကြခြင်း ဖြစ်ပါသည်။

 

ယခုကဲ့သို့ သားဆုပန်ခြင်းကို အဖြစ်သည်းဟု မထင်ကြကုန်လင့်။ လယ်သမား မိသားစုတွင် သားယောက်ျား ရှိမှသာ မိဘတို့၏ လက်ရင်းလက်လုပ် လယ်ယာချောင်းမြောင်းကို မိုးထဲလေထဲတွင် ကျွဲနွားတို့နှင့် ရုန်းကန်၍ ဦးစီးမည့်သူ ရှိမည် မဟုတ်လော။ ဤသို့နှင့် အချိန် အနည်းငယ် ကြာမြင့်သွားပြီးနောက်တွင် မခင်မြ ပဋိသန္ဓေ စွဲကပ်ခဲ့လေ၏။ လင်မယား နှစ်ယောက်လုံး ပျော်မဆုံးတော့ပြီ။

 

မခင်မြ၏ ပဋိသန္ဓေမှာ တစ်စထက် တစ်စ ရင့်မာလာလေ၏။ ရက်စေ့လစေ့ ဖြစ်လာသည်နှင့်အမျှ မခင်မြ၏ “ဗိုက်ထဲက သားလေးက ဗိုက်ကို ခြေထောက်နဲ့ ကန်တာ ဘယ်လို၊ အူနံရံကို လက်နဲ့ ဆုပ်တာက ဘယ်သို့” ဟူသော ခရာတာတာ အသံသည် တစ်ရွာလုံးကို ဖုံးလွှမ်းတော့၏။ ကိုသန်းစိန်မှာလည်း သားရတနာ ရတော့မည် ဟူသော အတွေးဖြင့် လယ်ယာ လုပ်ငန်းကို ထပ်မံ ချဲ့ထွင်ရန် စိတ်ကူးလေသည်။

 

လအတန်ငယ် ကြာမြင့်ပြီးနောက် မခင်မြ ဗိုက်စပြီး နာနေပြီ ဟူသော သတင်းကို ညနေစောင်း နေ၀င်ဖျိုးဖျချိန်တွင် ကြားလိုက်ရ၏။ ထိုသတင်း ထွက်ပေါ်လာပြီး မရှေးမနှောင်းတွင် မခင်မြတို့ အိမ်ဝိုင်းထဲသို့ အရပ်လက်သည်ကြီးနှင့် အမျိုးသမီးကြီး တစ်သိုက် သုတ်ခနဲ ၀င်သွားသည်ကို မြင်ရ၏။ မကြာမီတွင် မခင်မြ၏ သမီးကြီးကို ဘွားအေကြီး ဖြစ်သူက လာရောက် ခေါ်ဆောင်သွားသည်ကို မြင်ရပြန်၏။ “အမေကြီး မောင်လေး မွေးတာကို သမီးတို့ ကြည့်မလို့” ဟု တစ်ယောက်သော ကလေးငယ်က နားပူနားဆာ လုပ်၏။ “ဟဲ့ နင်တို့ကလေးတွေနဲ့ မီးဖွားတာ ဘာဆိုင်လဲ” ဟု ဘွားအေကြီး မာန်လိုက်သည်ကို ကြားရပြန်၏။

 

မခင်မြ၏ အော်ဟစ် ညည်းညူသံကို ကြားရ၏။ ညည်းညူသံမှာ တစ်စထက် တစ်စ ကျယ်လောင်လာ၏။ အတန်ငယ် ကြာပြီးနောက် မီးနေခန်း အတွင်းမှ “မွေးပြီဟေ့” ဟူသော အသံ ကျယ်လောင်စွာ ထွက်ပေါ်လာလေသည်။ ထို့နောက် မီးနေခန်း အတွင်းရှိ မိန်းမကြီး မိန်းမရွယ် အားလုံး ပါးစပ် အဟောင်းသား ဖြစ်သွားလေ၏။ တီးတိုး ရေရွတ်သံပင် မကြားရတော့။ အိမ်ရှေ့ခန်းတွင် ထိုင်ချည်ထချည်ဖြင့် ဂဏာမငြိမ် ဖြစ်နေသော ကိုသန်းစိန်က “ဘာလေး မွေးတုန်း ပြောပါဦး အရီးရဲ့” ဟု မေးလိုက်မှာ “ယောက်ျားလေး” ဟု တစ်ဦးက လေသံအုပ်အုပ်ဖြင့် ပြောလိုက်၏။

 

ထို့နောက် မီးနေခန်းအတွင်းရှိ မိန်းမတစ်သိုက်သည် ခေါင်းချင်းဆိုင်ပြီး တီးတိုးတီးတိုး လုပ်နေကြလေ၏။ အတန်ကြာသော် လက်သည်ကြီးက “မခင်မြကို အကျိုးအကြောင်း ချက်ခြင်း မပြောလိုက်နဲ့ဦး။ သူ့ ယောကျာ်းကို ငါ ကြည့်ပြီး ပြောထားလိုက်မယ်။ ကလေးကို အနှီးနဲ့ သေသေချာချာ ထုပ်ပြီး နို့တိုက်ထားလိုက်။ ခြေထောက်ကို ကျပ်နေအောင် ထုပ်ထားလိုက်” ဟု ဆို၍ အခန်း အပြင်သို့ ထွက်ခွာ သွားလေ၏။

 

“ကလေးရဲ့ ကံလို့ပဲ ပြောရမှာပေါ့။ နင့်သားလေးမှာ ညာဘက် ဒူးဆစ်အောက်နားမှာ အရိုးငုံးတိုလေးကို ဖုံးထားတဲ့ အသားပိုလေးပဲ ပါလာတယ်။ ခြေသလုံး ပါမလာဘူး။ ငါ့ မောင်ကြီးရယ် .. ဘယ်လိုပဲဖြစ်ဖြစ်ပေါ့ ကိုယ့် သွေးကိုယ်သားပဲ။ စိတ်ထဲမှာလည်း တောင်တောင်အီအီ တွေးမနေနဲ့” ဟု လက်သည်ကြီးက ကိုသန်းစိန်ကို ဖျောင်းဖျစကား ဆိုလေသည်။ ဤစကားသည် ကိုသန်းစိန်၏ မျှော်လင့်ချက် ဖန်မီးအိမ်ကို ဆယ်ပေါင်တူဖြင့် ထုချေလိုက်သည့် အလား။ ကိုသန်းစိန် ငိုင်ခနဲ ဖြစ်သွား၏။ အတန်ကြာမှ ခေါင်း တဆတ်ဆတ် ညိတ်ရင်း “သားလေးကို ပြပါဦး” ဟု လေးတိလေးကန် ဆိုလေ၏။

 

ကလေးငယ်တွင် ဒူးဆစ် အောက်နားရှိ ငေါထွက်နေသော အရိုးစကို အသားဖုလုံးဖြင့် ဖုံးအုပ်ထားသော ခြေသလုံး ငုံးတိုကလေးသာ ရှိသည်ကို အစွဲပြု၍ “မောင်ဖိုးထူး” ဟု အနွတ္တ အမည် မှည့်ခေါ်လိုက်၏။ ညာဘက် ခြေထောက် မရှိခြင်းမှ လွဲ၍ မောင်ဖိုးထူးတွင် အခြား ထူးခြားချက် ချို့ယွင်းချက် မရှိလှ။ ဤသို့ဖြင့် မောင်ဖိုးထူးသည် အပြောကျယ်သော လောကခရီးကို တစ်ချောင်းတည်းသော ခြေထောက်ဖြင့် စတင် ဖြတ်သန်းခဲ့လေ၏။

 

(၃)

သုံးနှစ်သားခန့် ရောက်သည့်အထိ မောင်ဖိုးထူး လမ်းမလျှောက်နိုင်သေး။ မိဘများမှာ တောသူတောင်သားများ ဖြစ်ကြသဖြင့် ကိုယ်အင်္ဂါ မသန်စွမ်းသူ ကလေးငယ်အား ကောင်းစွာ မစောင့်ရှောက်နိုင်။ သူတို့ လုပ်ပေးနိုင်စွမ်း ရှိသည်မှာ ကလေးငယ်ကို ၀ါးလုံးနှစ်ချောင်းကြားတွင် ထည့်၍ ၀ါးလုံးတန်းကို ချိုင်းဖြင့် ညှပ်ကာ အားပြုစေပြီး တစ်ချောင်းတည်းသော ခြေထောက်ဖြင့် ကော့လန်ကော့လန် ရုန်းကန်နိုင်စေရန် ဆောင်ရွက်ပေးခြင်းသာ ဖြစ်၏။

 

ဤနည်းစနစ်မှာ မဆိုးလှဟု ဆိုသော် ဆိုရကောင်းသည်။ သို့သော် မိဘတို့ အနေဖြင့် ကလေးငယ်ကို လမ်းလျှောက် လေ့ကျင့်ပေးရန် အချိန် များစွာ မပေးနိုင်။ အခြား ကလေးကြီးများမှာလည်း သူတို့၏ ကစားခုန်စား ဗာရီဟ ကိစ္စများဖြင့် အလုပ် ရှုပ်နေလေသောကြောင့် မောင်ဖိုးထူးကို လမ်းလျှောက် သင်ပေးရန် စိတ် မ၀င်စားကြ။ မောင်ဖိုးထူးကို ကျောတွင်ပိုး၍ ကလေးတို့ ဘာသာဘာဝ ကစားကြ၏။ သို့ဖြစ်၍ မောင်ဖိုးထူးမှာ အစ်မကြီး၏ ကျောပြင်ထက်တွင် ချိနဲ့စွာ နေထိုင်ရင်း အချိန်ကုန်ခဲ့ရ၏။

 

မောင်ဖိုးထူး အသက် လေးနှစ်ကျော်ပြီးနောက်တွင် လက်သမာဆရာ ကိုတင့်၏ လက်ရာ သစ်သားချိုင်းထောက် ကောင်းမှုကြောင့် အကူအညီ မပါဘဲ လမ်းလျှောက်နိုင်လာ၏။ ကိုတင့်မှာ ချိုင်းထောက် လုပ်နေကျ မဟုတ်သဖြင့် သူ့ လုပ်ပေးသော ချိုင်းထောက်မှာ သက်တောင့်သက်သာ မရှိလှပေ။ သို့သော် မရှိသည်ထက် ရှိသည်ကကောင်း ဟူသော စကားရှိသည် မဟုတ်လော။ ဤချိုင်းထောက် ကျေးဇူးကြောင့် မောင်ဖိုးထူး တစ်ယောက် ဟိုဟိုဒီဒီ သွားလာရန် အဆင်ပြေ လွယ်ကူလာ၏။

 

မောင်ဖိုးထူး လမ်းလျှောက်တတ်ခါစ အရွယ်၌ ကြုံတွေ့ရသော အဓိက ရန်သူမှာ ခွေးများ ဖြစ်၏။ တစ်ချောင်းတည်းသော ခြေထောက်ကို အသုံးပြု၍ လောကကြီးကို ရင်ဆိုင်နေသူ မောင်ဖိုးထူးကို ခွေးများက မျက်မုန်းကျိုးဟန် တူ၏။ အုန်းတောစု ကျေးရွာတွင် သီတင်းသုံး နေထိုင်ကြကုန်သော ဖြူသောခွေး၊ နီသောခွေး၊ ညိုသောခွေး၊ နက်မှောင်သောခွေး၊ ၀ါရွှေသောခွေး ခပ်သိမ်းသော ခွေးတို့သည်

မောင်ဖိုးထူး လမ်းလျှောက်ထွက်လာသည်ကို မြင်သည်နှင့် တပြိုက်နက် အာခေါင်ခြစ်၍ စူးစူးဝါးဝါး ထိုးဟောင်ကြ၏။ လူမလေး ခွေးမခန့်သော ဘ၀ဟု ဆိုရပေမည်။

 

တစ်ခါသော် အတင့်ရဲသော ခွေးဆိုးကြီး တစ်ကောင်းသည် သွားရည် တမြားမြား ကျနေသော ပါးစပ်ကြီးကိုဖြဲ၍ မောင်ဖိုးထူးကို ဟပ်တော့မယောင်၊ ကိုက်တော့မယောင် ခြိမ်းခြောက်လေ၏။ ခွေးဆိုးကြီး၏ ဟိန်းဟောက် မာန်ဖီသံကြောင့် မောင်ဖိုးထူး လန့်ဖျပ်သွားပြီး ဖင်ထိုင်လျက် လဲကျသွားလေသည်။ ချိုင်းထောက်ကလေးမှာ သူ့သခင် နံဘေးတွင် ပုံလျက်သား။ မောင်ဖိုးထူးသည် သူ့ လက်စွဲတော် ချိုင်းထောက်ကလေးကို ရမ်းကာ ရမ်းကာဖြင့် ခွေးဆိုးကြီးကို မောင်းထုတ်၏။ ခွေးဆိုးကြီးသည် မောင်ဖိုးထူး၏ ခုခံတိုက်စစ်ကို မဖြုံရေးချ မဖြုံ။ အမြင်မတော်သူတို့က ရောက်လာပြီး ခွေးဆိုးကြီး မောင်းထုတ်လိုက်ပါမှ မောင်ဖိုးထူး ချမ်းသာရာ ရတော့သည်။

 

ထိုနောက်ပိုင်းတွင် မောင်ဖိုးထူး အိမ်ပြင် မထွက်ဝံ့တော့။ အိမ်ထဲတွင် ငြိမ်ကုပ်ပြီး နေတော့သည်။ မကြာမီတွင် ချိုင်းထောက်ကို တဒေါက်ဒေါက် ထောက်၍ ရွာရိုးကိုးပေါက် လှည့်ကာ ကစားဖော် ရှာပြန်သည်။ ကစားခုန်စား မက်တတ်သည့် ကလေး သဘာဝကို မောင်ဖိုးထူး မလွန်ဆန်နိုင်ချေ။

 

(၄)

အုန်းတောစုကျေးရွာနှင့် လျှော်ချောင်းကျေးရွာမှာ အုန်းတုံးနှစ်တုံးကို တံတားထိုးထားသည့် ချောင်းငယ်တစ်ခုသာ ခြားသည်။ အသက် ငါးနှစ် တင်းတင်း ပြည့်ချိန်အထိ ထို အုန်းတုံးတံတားကို မောင်ဖိုးထူး တစ်ဦးတည်း မဖြတ်ဖူးသေး။ သူ့ အစ်မကြီး ကုန်းပိုးပြီး ခေါ်သွားသဖြင့် လျှော်ချောင်းကျေးရွာသို့ တစ်ခေါက်တိတိ ရောက်ဖူးသည်။

 

တစ်ခုသော နံနက်ခင်းတွင် မောင်ဖိုးထူးသည် ရွာရိုးကိုးပေါက် လှည့်ရင်း အုန်းတုံးတံတား အနီးသို့ ရောက်သွားလေ၏။ အုန်းတုံးနှစ်တုံး ခင်းထားသည့် ချောင်းကူးတံတားသည် သာမန်လူတို့အဖို့ အတော်ပင် ကောင်းမွန်သော တံတားဖြစ်၏။ မောင်ဖိုးထူးသည် အုန်းတုံး တံတားထိပ်တွင် ရပ်၍ လျှော်ချောင်းဘက်ကမ်းကို မျှော်ကြည့်မိသည်။ အုန်းတုံးတံတားသည် မောင်ဖိုးထူးအား သူ့ ကျောပြင်ကို နင်း၍ လျှော်ချောင်းရွာသို့ ကူးလှည့်ပါ ဟု ဖိတ်ခေါ်၏။

 

မောင်ဖိုးထူးသည် ချိုင်းထောက်ကို တဒေါက်ဒေါက် အသံမြည်အောင် ဆောင့်၍ ထောက်ရင်း အုန်းတုံးတံတားပေါ်သို့ လှမ်းလိုက်၏။ တစ်လှမ်း လှမ်း၏။ ဘာမှ မဖြစ်။ နှစ်လှမ်း လှမ်း၏။ ဘာမှ မဖြစ်။ သုံးလှမ်းမြောက် ခြေလှမ်း၏ အဆုံးတွင် ချိုင်းထောက်သည် အုန်းတုံးပေါ်မှ ချော်ထွက်သွားပြီး လူကြီး ရင်စို့ခန့် နက်သော ချောင်းထဲသို့ မောင်ဖိုးထူး ဒလိမ့်ခေါက်ခွေး လိမ့်ကျသွားလေ၏။

 

ဗွမ်းခနဲ မြည်သံ အဆုံး၌ “ဟော ဟိုမှာ မခင်မြသားလေး ရေထဲ လိမ့်ကျသွားပြီ။ ဘယ်သူတို့ ဘယ်ဝါတို့ ဆယ်ကြပါဦး” ဟူသော အသံတို့ ပွက်လောရိုက်သွားလေ၏။ ချောင်းအတွင်း ရင်တွန်းပိုက် တစ်လက်ဖြင့် ငါးရှာနေသော တံငါသည် တစ်ဦး ကယ်၍ မောင်ဖိုးထူး အသက် ချမ်းသာရာ ရတော့သည်။

 

ကုန်းပေါ်သို့ မောင်ဖိုးထူး ရောက်ချိန်ဝယ် ကြောက်စိတ်ကြောင့် အသား တဆတ်ဆတ် တုန်နေလေ၏။ ကြောက်စိတ်ကြောင့် ငိုရန်ပင် သတိမရ ဖြစ်သွားဟန် တူသည်။ တံတားဦးတွင် ရပ်ကြည့်နေသူ တစ်ဦးက “ဒီကလေးဟာ အကျိုးဆော့ အကန်းမော့ ဆိုတဲ့အတိုင်း ဆော့ ဆော့နိုင်လွန်းတယ်။ ကံကောင်းလို့ မသေတာပေါ့” ဟု အမနာပ ဆိုလေ၏။ ထိုစကားကြောင့် မောင်ဖိုးထူး ပါးစပ် အဟောင်းသား၊ မျက်လုံး အပြူးသား ဖြစ်သွား၏။ ဟုတ်တိုင်း မှန်တိုင်း ကောင်းသော စကား မဟုတ် ဟူသည်ကို ထိုသူ နားလည်ဟန် မတူချေ။

 

ထိုနောက်ပိုင်းတွင် မောင်ဖိုးထူးကို အိမ်ပြင်ထွက်ပြီး လမ်းလျှောက်ရန် မိဘတို့က ခွင့်မပြုတော့။ မောင်ဖိုးထူး၏ အစ်မကြီးကလည်း သူ့ မောင်ငယ်ကို စိုးရိမ်စိတ်ဖြင့် အရိပ်တကြည့်ကြည့်လုပ်ကာ အခါမလပ် စောင့်ကြပ်လေ၏။ ထို့ကြောင့် မောင်ဖိုးထူးမှာ အိမ်တွင်းပုန်း ဘ၀သို့ ရောက်မှန်း မသိ ရောက်သွားလေ၏။ မောင်ဖိုးထူးမှာ အိမ်ထဲတွင် နေထိုင်ရင်း လောကဓာတ် အ၀ှန်းကို သံဇကာ ကာရံထားသော အိမ်ရှေ့ ၀ရန်တာမှ တစ်ဆင့် ထိတွေ့ရတော့သည်။ မိဘတို့၏ စိုးရိမ်စိတ်ကြောင့် မောင်ဖိုးထူး၏ ကလေးဘ၀မှာ လောင်းရိပ်သင့်ခဲ့ရလေပြီ။

 

မောင်ဖိုးထူး အသက် ခြောက်နှစ် ပြည့်ပြီးနောက်တွင် ကျောင်းနေချင်သည်ဟု ဆိုလာ၏။ သူ့ အစ်မကြီး ကျောင်းသွားချိန်တွင် သူ တစ်ယောက်တည်း ငေါင်စင်းစင်း နေရသည့် ဘ၀ကို သူ မကြိုက်။ သူ့ အစ်မကြီးနှင့်အတူ ကျောင်းသွားချင်၏။ သို့ဖြင့် မောင်ဖိုးထူးကို ကျောင်းထားရန် မိဘများ စီစဉ်လေသည်။ ကျေးရွာ မူလတန်း စာသင်ကျောင်းမှာ သူတို့ နေအိမ်နှင့် ဝေးလွန်းလှသည် မဟုတ်ချေ။ ဆယ်မိနစ် ဆယ့်ငါးမိနစ်ခန့် လျှောက်လျှင် ရောက်၏။

 

(၅)

သို့ဖြင့် မောင်ဖိုးထူး သူငယ်တန်း ကျောင်းသားကြီး ဖြစ်သွားလေ၏။ အုန်းတောစု စာသင်ကျောင်းတွင် မောင်ဖိုးထူး ပျော်လှ၏။ ဆရာ၊ ဆရာများ၊ ကျောင်းသူကျောင်းသားတို့က မောင်ဖိုးထူးကို ကြင်နာစွာ ဆက်ဆံကြ၏။ ကကြီး၊ ခခွေး ရေးရသည်ကို သူ ဂုဏ်ယူ၍ မဆုံးတော့ပြီ။ မိဘများကို ကျောင်း အတွေ့အကြုံများ ပြန်ပြောင်း ပြောရသည်မှာ အမော။

 

အုန်းတောစု စာသင်ကျောင်းရှိ ကျောင်းအိမ်သာသည် အတော်ပင် မြင့်၏။ မြင့်မိုရ်တောင် နီးပါး မြင့်မားလှသည် ဟု ဆိုရပေမည်။ ဤမျှ မြင့်မားသော အိမ်သာကို မောင်ဖိုးထူး အသုံးပြုရန် အဆင် မပြေ။ အပေါ့အပါး သွားလိုလျှင် ကျောင်းနောက်ဖေးရှိ သမန်းခြုံကို ကွယ်၍ စိတ်တိုင်းကျ သဘောရှိ ကရောဟိ ပြုနိုင်သော်လည်း အခင်းကြီး သွားလိုလျှင်မူ မောင်ဖိုးထူး အိမ်သို့ ပြေးရလေ၏။ သို့မဟုတ် တတ်နိုင်သမျှ အောင့်အည်း သည်းခံထားရ၏။ ဤဒုက္ခ တစ်ခုမှ လွဲလျှင် မောင်ဖိုးထူးအဖို့ အုန်းတောစု စာသင်ကျောင်းသည် အတော်ပင် ကောင်းမွန်သော နေရာဌာန ဖြစ်၏။

 

ကျောင်းနံဘေးရှိ တလင်းကုန်းမှာ မောင်ဖိုးထူးတို့ ကလေးတစ်သိုက်၏ ကစားကွင်း ဖြစ်သည်။ မိုးတွင်းကာလတွင် တလင်းကုန်း၌ ဘောလုံးကန်ကြ၏။ မောင်ဖိုးထူးမှ ဘောလုံး မကန်နိုင်သော်လည်း သူ့ သူငယ်ချင်းများ ဘောလုံး ကစားသည်ကို ရပ်ကြည့်ရင်း အူလှိုက်သည်းလှိုက် အားပေးတတ်သည်။ ကျောင်းအရှေ့ရှိ သရက်ပင်ကြီးတွင် ကျောင်းအုပ်ဆရာကြီး ဖန်တီးပေးထားသော ဒန်း သုံးလေးငါးခု ရှိသေးသည်။ ဒန်းစီ ရသည်ကို မောင်ဖိုးထူး အတော်ပင် သဘောကျသည်။ ဒန်းပေါ်သို့ တင်ပေးသူ ရှိလျှင် မောင်ဖိုးထူး ဟန်ကျပန်ကျ ဒန်းစီးနိုင်သော်လည်း တင်ပေးသူ မရှိလျှင် ဒန်းကို အလျားထိုး၍ ရှေ့တိုးနောက်ဆုတ် လုပ်ကာ စီးရသည်။ မည်သို့ပင်ဖြစ်စေကာမူ ဤစာသင်ကျောင်းသည် မောင်ဖိုးထူး၏ ဘ၀အတွက် အရေးပါသော အစိတ်အပိုင်း တစ်ခု ဖြစ်လာလေသတည်း။

 

သို့ဖြင့် မောင်ဖိုးထူး စတုတ္ထတန်း အောင်မြင်ခဲ့၏။ အုန်းတောစု စာသင်ကျောင်းမှာ မူလတန်းကျောင်း ဖြစ်သည်။ အလယ်တန်း ပညာရေး ဆက်လက် သင်ယူလိုလျှင် အုန်းတောစုနှင့် နှစ်မိုင်ခွဲ သုံးမိုင်ခန့် ဝေးသည့် ပျဉ်းကတိုးကုန်း ရွာသို့ သွားရ၏။ ဤခရီးမှာ ဝေးလွန်းသော ခရီး မဟုတ်သော်လည်း နီးသည်တော့ မဟုတ်ချေ။ လယ်ကန်သင်းဘောင်ကို ဖြတ်လျှောက်ရသည်။ ထို့အပြင် ၀ါးပိုးဝါး တစ်လုံးဖြင့် ခနော်ခနဲ့ ထိုးထားသော ချောင်းကူး တံတား တစ်ခုကို ဖြတ်ရသေးသည်။ သို့ဖြစ်၍ မောင်ဖိုးထူး အနေဖြင့် ပျဉ်းကတိုးကုန်းသို့ နေ့စဉ် သွားရောက်ရန် အဆင် မပြေ။ ထို့ကြောင့် မောင်ဖိုးထူး၏ ပညာဆည်းပူးခြင်း တစ်ခန်းရပ်ခဲ့ရလေသည်။

 

သူ့ အတန်းဖော်များမှာ ပျဉ်းကတိုးကုန်း အလယ်တန်းကျောင်းတွင် ပညာ ဆက်လက် သင်ယူကြ၏။ မောင်ဖိုးထူးတွင် ရွယ်တူ အပေါင်းအသင်း တဖြည်းဖြည်း လျော့နည်းလာ၏။ အိမ်တွင်းပုန်း လုပ်ရင်း ပျင်းရိငြီးငွေ့ဖွယ် ကောင်းသော နေ့ရက်များကို တစ်ဦးတည်း ကျော်လွန်ရလေ၏။ မောင်ဖိုးထူးသည် နေ့လယ်ခင်းတွင် ပျဉ်းကတိုးကုန်း အလယ်တန်းကျောင်းကို စိတ်ကူးဖြင့် တက်ရောက်၏။ ညနေစောင်း ကျောင်းဆင်းချိန် ရောက်လျှင် ချိုင်းထောက်ကို တဒေါက်ဒေါက် ထောက်ပြီး ရွာထိပ်သို့သွားကာ ပျဉ်းကတိုးကုန်းကျောင်းမှ ပြန်လာသော သူ့ အစ်မကြီးကို ကြိုရင်း သူငယ်ချင်းဟောင်းများနှင့် စကားစမြည် ဆိုလေ၏။

 

အချိန်များစွာ ကုန်လွန်ခဲ့၏။ မောင်ဖိုးထူး လူပျိုအရွယ် ရောက်ခဲ့လေပြီ။ သူ့ ဘ၀မှာ ဘာမှ ထူးခြား။ ဒုံရင်းအတိုင်း ဖြစ်၏။ ဖခင်ကြီး၏ လယ်ယာလုပ်ငန်းတွင်လည်း မကူညီနိုင်ချေ။ မိခင်ကြီး ဖွင့်ထားသော ကုန်ခြောက်ဆိုင်တွင် တစ်နေကုန် ကျောက်ချထိုင်ရင်း မိခင်ကြီးနှင့် အစ်မဖြစ်သူကို ကူညီရ၏။

 

(၆)

မောင်ဖိုးထူး၏ အစ်မကြီးမှာ တစ်ရွာလုံးတွင် အချောဆုံး အလှဆုံး ဖြစ်သဖြင့် မောင်ဖိုးထူး တစ်ယောက် စိန်နားကပ် အရောင်ကြောင့် ပါးပြောင်ခွင့် ရလေ၏။ သူ့ အစ်မကြီးကို ပိုးပန်းကြသော ကာလသားတို့က သူ့ကို ပစားပေးသည်ကို ဘ၀င်ခွေ့နေလေ၏။ သို့သော် လျှော်ချောင်းရွာသားကို ယောက်ဖတော်ရလိမ့်မည်ဟု သူ တစ်ခါမျှ မတွေးခဲ့ဖူး။

 

လွန်ခဲ့သောနှစ် စပါးပေါ်ချိန်တွင် သူ့ အစ်မကြီးကို လျှော်ချောင်းရွာသား ကိုမျိုးသိမ်းနှင့် နေရာချထားရန် မိဘတို့ စီမံကြ၏။ အစ်မကြီးကို ဆုံးရှုံးရတော့မည် ဟူသော အတွေးဖြင့် မောင်ဖိုးထူး အတော်ပင် ၀မ်းနည်းမိသည်။ သူ့ အစ်မကြီးနှင့် စေ့စပ်ကြောင်းလမ်းထားသည့် လျှော်ချောင်းရွာသား ကိုမျိုးသိမ်းမှာ စိတ်ရင်း မဆိုးလှ။ လယ်ပိုင်ယာပိုင် ဖြစ်သည်။ အလုပ်ကြိုးစားသူ ဖြစ်သဖြင့် သမီးရှင်တိုင်း သူ့ကို နှစ်လိုကြသည်။ လူငယ်လူရွယ်တို့ကလည်း လေးစားကြည်ညိုကြ၏။ သူ့ အစ်မကြီး၏ မင်္ဂလာပွဲသည် လျှော်ချောင်းကျေးရွာ၊ အုန်းတောစုကျေးရွာမှ အပျိုလူပျိုတို့တင်မက ရွာနီးချုပ်စပ် ကျေးရွာများမှ အပျိုလူပျိုတို့ပင် အားကျရသော မင်္ဂလာပွဲ ဖြစ်၏။

 

(၇)

မောင်ဖိုးထူးသည် အိမ်နောက်ဖေး တံခါး ခါးပန်းပေါ်တွင် ထိုင်ရင်း အိမ်ကြမ်းပြင်ကို ချိုင်းထောက်ဖြင့် တဒေါက်ဒေါက် ဆောင့်နေလေ၏။ လေပြေညင်းသည် မြစ်ပြင်ကို ဖြတ်သန်း၍ တိုက်ခတ်လာ၏။ လေပြေ တိုးဝှေ့သဖြင့် မောင်ဖိုးထူး၏ ဆံစတို့ လေတွင် လွန့်လူနေ၏။ မောင်ဖိုးထူး ၀တ်ထားသည့် အင်္ကျီမှာ အသစ်ကျပ်ချွတ် ဖြစ်သဖြင့် အနေရ ခက်လှသည်။ လုံချည်မှာ ရေမချရသေးသဖြင့် မာကျွတ်ကျွတ် ဖြစ်နေ၏။ ဤ အင်္ကျီနှင့် လုံချည်မှာ သူ့ အစ်မကြီး ၀ယ်ပေးထားခြင်း ဖြစ်သည်။

 

မောင်ဖိုးထူး၏ မိဘများမှာ အိမ်ရှေ့ခန်းတွင် မင်္ဂလာပွဲလာ ဧည့်ပရိသတ်ကို ဧည့်ခံရင်း အလုပ်များနေကြ၏။ မင်္ဂလာပွဲကို သတို့သား နေထိုင်ရာ လျှော်ချောင်းကျေးရွာတွင် ကျင်းပမည် ဖြစ်သော်လည်း သတို့သား၊ သတို့သမီးတို့၏ နှစ်ဘက်သော မိဘများမှာ အသိအကျွမ်း များပြားသဖြင့် လျှော်ချောင်းကျေးရွာနှင့် အုန်းတောစုကျေးရွာ နှစ်ရွာစလုံးတွင် မင်္ဂလာပွဲလာ ပရိသတ်တို့ ခြေချင်းလိမ်နေကြ၏။

 

မောင်ဖိုးထူး၏ အစ်မကြီးမှာ မင်္ဂလာပွဲအတွက် ဖီးလိမ်း ပြင်ဆင်နေရသဖြင့်  အိမ် အပေါ်ထပ်မှာ မဆင်းနိုင်။ မြောင်းမြမှ ပင့်လာသည့် မိတ်ကပ်ဖန်တီးရှင်သည် သူ့ လက်နက်ကိရိယာများကို သုံးစွဲ၍ ကျေးတောသူ သတို့သမီး၏ ညိုညစ်ညစ် မျက်နှာကို စိတ်တိုင်းကျ ခြယ်သနေလေ၏။

 

“ကဲ လုပ်စရာရှိတာ မြန်မြန်လုပ်ဟေ့။ အချိန် နီးလာပြီ” ဟု ရပ်မိရပ်ဖတစ်ဦးက လောဆော်လိုက်သည်။ အချိန်ရပါသေးတယ်။ နာရီဝက် တစ်နာရီလောက် လိုသေးတယ်။ လူစုံအောင် စောင့်ရဦးမယ်” ဟု မိတ်ကပ်ဖန်တီးရှင်က နှုတ်ခမ်းတလန် ပန်းတလန်ဖြင့် ပြန်အော်လိုက်သည်။ တစ်အိမ်လုံး ပွဲကျသွားလေ၏။

 

မောင်ဖိုးထူးသည် ချိုင်းထောက်ကို တဒေါက်ဒေါက် မြည်အောင် ထောက်၍ အိမ်ရှေ့ခန်းသို့ ထွက်လာ၏။ “ဟေ့ မောင်ဖိုးထူး မင့် မမ မင်္ဂလာဆောင်တာ ပျော်သလား” ဟု မင်္ဂလာပွဲလာ ဆွေမျိုး တစ်ဦးက လှမ်းမေးလိုက်သည်။ မောင်ဖိုးထူးကား ဘာမျှ မဆို။ ပြုံးတုံးတုံး လုပ်နေ၏။ “ငါ့တူရီးက ၀တ်ကောင်းစားလှ ၀တ်ထားတော့ လူပုံချောပဲကွ” ဟု နောက်တစ်ဦးက ဆိုပြန်သည်။ မောင်ဖိုးထူး မနေတတ် မထိုင်တတ် ဖြစ်သွားပြီး အိမ်နောက်ဖေးသို့ ပြန်ဝင်သွားလေ၏။

 

ထိုစဉ် သူ့ ကြီးဒေါ် အပျိုကြီးသည် မောင်ဖိုးထူးကို စူးစူးဝါးဝါး စိုက်ကြည့်ရင်း တစ်စုံတစ်ခုသော အကြောင်းကို တွေးမိဟန်ဖြင့် ဦးခေါင်းကို ခါရမ်းလိုက်သည်။ အတန်ကြာမှ “ဟဲ့ မခင်မြ လာဦး။ ညည်းကို ငါ ပြောစရာ ရှိလို့”  ဟု ဆိုလိုက်သည်။ ထို့နောက် အမျိုးသမီးကြီး နှစ်ဦးသည် အိမ်နောက်ဖေးသို့ ၀င်သွားကြလေ၏။

 

မောင်ဖိုးထူးသည် အိမ်နောက်ဖေး ၀ါးထရံကို မှီ၍ ထိုင်ရင်း ချောင်း ရေပြည့်လာသည်ကို မမှိတ်မသုန် စိုက်ကြည့်နေ၏။ တရိပ်ရိပ် တက်လာသော ချောင်းရေပြင်တွင် ဗေဒါဖုတ်များ မျောပါနေ၏။ မောင်ဖိုးထူးသည် ဗေဒါဖုတ်များကို ကြည့်ရင်း သူငယ်စဉ်က သူ့ အစ်မကြီးနှင့်အတူ ဗေဒါပေါင်များကို ခုတ်ထစ်၍ ကြက်သားဟင်းချက်တမ်း ကစားကြပုံကို ပြန်ပြောင်း အောက်မေ့မိတော့သည်။

 

ထိုစဉ် မီးဖိုခန်းဘက်မှ လေသံအုပ်အုပ်ဖြင့် ပြောဆိုနေသော စကားသံကို သူ မသဲမကွဲ ကြားလိုက်ရလေ၏။ စူးစမ်းလိုစိတ်ကြောင့် မောင်ဖိုးထူးသည် ထရံကို နားဖြင့် ကပ်ကာ နားစွင့်ထောင်လိုက်သည်။

 

“ညည်းကို ဒီစကား ပြောဖို့ မပြောဖို့ ငါလည်း အတော့်ကို စဉ်းစားရတာပဲ” ဟူသော သူ့ ကြီးဒေါ်ကြီး၏ အသံကို ကြားရ၏။ “မင်္ဂလာပွဲဆိုတာ သိတဲ့အတိုင်းပဲ။ လူပျိုရံ အပျိုရံ ရွေးတာတောင် မိစုံဖစုံ မင်္ဂလာမြောက်တဲ့ လူကို ရွေးရတာ မဟုတ်လား။ အခု မင်္ဂလာပွဲ ဘိသိက် သွန်းတဲ့ အချိန်မှာ ညည်းသားကို ခေါ်လို့ မဖြစ်ဘူး ထင်တယ်။ သူက အင်္ဂါ မစုံတော့ မင်္ဂလာ မမြောက်ဘူး။ အမှားအယွင်း တစ်ခုခု ဖြစ်ခဲ့ရင် နှစ်ဘက်လုံး မျက်နှာပျက်စရာ ဖြစ်ကုန်ပါ့မယ်” ဟူသော အသံကို ထပ်မံ ကြားလိုက်ရလေသည်။ သူ့ မိခင်ကြီးထံမှာ ဘာ စကားသံမျှ ထွက်ပေါ်လာခြင်း မရှိပေ။ ထို့အနောက် အမျိုးသမီး နှစ်ဦး အိမ်ရှေ့သို့ ပြန်ထွက်သွားကြလေ၏။

 

မောင်ဖိုးထူး မငယ်တော့ပါ။ လောကအကြောင်းကို အတန်ငယ် တီးမိခေါက်မိ ရှိပြီ ဖြစ်ပါသည်။ မောင်ဖိုးထူးသည် အိမ်ထရံကို ကျောဖြင့် မှီထိုင်ရင်း အပြောကျယ်လှသော ကောင်းကင်ကြီးကို ကြည့်နေမိတော့သည်။ သူ့ အစ်မကြီး စိတ်လှုပ်ရှား ပျော်ရွှင်နေသည်ကို သူ သတိထားမိသည်။ သူ့ အစ်မကို တစ်ပါးသူနှင့် မနီးစပ်စေချင်သည်မှာ အမှန်ပင် ဖြစ်ပါသည်။ သူ့ အစ်မ၏ ဘ၀ထဲသို့ လူစိမ်းတစ်ဦး ၀င်ရောက်လာမည်ကို သူ မနှစ်လို။ သို့သော် သီးချိန်တန်သီး ပွင့်ချိန်တန်ပွင့်သည့် လူ့သဘာဝကို မောင်ဖိုးထူး ကောင်းကောင်းကြီး ဆင်ခြင်တတ်ပါသည်။

 

(၈)

မင်္ဂလာပွဲ စတင်ရန် အချိန် တဖြည်းဖြည်း နီးကပ်လာလေပြီ။ သတို့သမီးလည်း အိမ်ပေါ်ထပ်မှ ဆင်းလာပြီး အိမ်သို့ လာရောက် ခေါ်ဆောင်မည့် သတို့သားကို စောင့်လင့်၏။ မင်္ဂလာပွဲလာ မိန်းမပျိုကလေးများမှာ သတို့သမီး၏ အဆင်တန်ဆာကို အံ့သြ အားကျစိတ်ဖြင့် ကြည့်ကြ၏။ ဧည့်ပရိတ်သည် ရွှေငွေကျောက်သံပတ္တမြားတို့၏ ပြိုးပြက်သော အရောင်ဖြင့် အသရေတင့်နေသေူ သတို့သမီးကို ရှု၍ မဆုံးနိုင် ဖြစ်နေ၏။

 

မောင်ဖိုးထူးသည် အိမ်ထရံကို မှီ၍ ထိုင်နေရာမှ ချိုင်းထောက်ကို အားပြု၍ ထလိုက်သည်။ ထို့နောက် ချိုင်းထောက်ကို တဒေါက်ဒေါက် မြည်အောင် ထောက်၍ အိမ်ရှေ့ခန်းသို့ ၀င်လာပြီး သူ့ အစ်မနှင့် မိဘတို့၏ နံဘေးတွင် ထိုင်ချလိုက်သည်။ မင်္ဂလာ ၀တ်စုံဖြင့် အလှသွေး ကြွယ်နေသော သူ့ အစ်မကြီးကို ရွှန်းရွှန်းစားစား ကြည့်လိုက်သည်။ ထို့နောက် မိခင်ကြီးကို ကြည့်ရင် “အမေတို့ မင်္ဂလာဆောင် သွားရင် အိမ်မှာ လူစောင့် မရှိဘဲ ဖြစ်နေလိမ့်မယ်။ သား မင်္ဂလာပွဲကို မလိုက်ဘဲ အိမ်စောင့်ရင်း နေခဲ့တော့မယ်” ဟု တည်ငြိမ်စွာ ဆိုလိုက်၏။ အားလုံး ပါးစပ် အဟောင်းသား ဖြစ်ကာ စကား တစ်ခွန်းမျှ မဆိုနိုင်ဘဲ ဖြစ်သွားလေ၏။ တစ်အိမ်လုံး ဆိတ်ညံ သွားလေ၏။

 

“တူနှစ်ဖြာ ရွှေဂဟေဆက်ဖို့ … သွေမပျက်တဲ့ မေတ္တာ” ဟူသော မင်္ဂလာတေးသံသည် ထွက်ပေါ်လာသည်၏ အဆုံး၌ မောင်ဖိုးထူးသည် ချိုင်းထောက်ကို တဒေါက်ဒေါက် ထောက်ရင်း အိမ်နောက်ဖေးသို့ ၀င်ရောက် ပျောက်ကွယ်သွားလေသတည်း။

 

(မျက်ရှုအတွက် မွေးနေ့လက်ဆောင်)

 

မောင်ကျပ်ခိုး

မြန်မာသက္ကရာဇ် ၁၃၇၅ ခုနှစ်၊ တပို့တွဲ လပြည့်ကျော် ၁၄ ရက်၊ သောကြာနေ့။ ခရစ်နှစ် ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီ ၂၈ ရက်။