Noell S. Oszvald @ http://www.daily-art.com/noell-s-oszvalds-blackwhite-self-portraits/

Noell S. Oszvald @ http://www.daily-art.com/noell-s-oszvalds-blackwhite-self-portraits/

(၁)

“သမီး … ခင်မေ”

တိုးတိုးလေးမှ တကယ့်တိုးတိုးလေး။ နာရီသံ တချက်ချက်မှလွဲလျှင် ပကတိ တိတ်ဆိတ်နေသည့် ဒီအခန်းငယ်အတွင်းမှ ထိုလေသံတိုးတိုးလေးက ကျွန်မနားထဲမှာတော့ ကျယ်လောင်စွာ မြည်ဟီးနေသလို။ အသံရှင်ကိုတော့ ကျွန်မ လှည့်မကြည့်မိ။ သည်အခန်းထဲကို စ၀င်လာစဉ်အချိန်ကတည်းက ထိုအသံရှင်ကို ကျောခိုင်းပြီး ကျွန်မထိုင်နေခဲ့ခြင်းဖြစ်သည်။ အခန်းထဲသို့ ၀င်လျှင်ဝင်ချင်း ၀င်သက်နှင့်ထွက်သက်ကွဲအောင်ပင် ခဲယဉ်းစွာ အသက်ရှုနေရသည့် လွန်စွာကြုံလှီလှည့် ခန္ဓာကိုယ်တစ်ခုကို ဖျတ်ကနဲမြင်လိုက်ပြီးသည့်နောက် ကျွန်မ၏ အကြည့်ကို အခန်း၏ မျက်နှာကျက်ဆီသို့လွှဲထားကာ တမင်ကျောပေးပြီးထိုင်နေခဲ့ခြင်းဖြစ်သည်။ နောက်ကျောဆီက လေသံခပ်တိုးတိုးနှင့်တဆက်တည်းပင် ရှိုက်သံတချို့ကပ်ပါလာသည်။ ထို့အတွက် ဘယ်ဘက်ရင်အုံအောက်ဘက်ဆီမှ ဆစ်ကနဲ နာကျင်မှုကို ရုတ်တရက်ခံစားလိုက်ရသော်လည်း လှည့်မကြည့်နိုင်လောက်အောင် ကျွန်မနှလုံးသားက မာကျောနေဆဲ။

“ခင်မေ ..”

တုန်ယင်စွာနှင့် ထပ်ခေါ်သည့် နောက်ထပ်အသံတစ်ခုကို နောက်ထပ်ကြားလိုက်သော်လည်း ကျောခိုင်းနေရာမှ လှည့်ကြည့်ဖို့ ကျွန်မစိတ်မကူးမိ။ ကျွန်မစိတ်တွေ ခုလောက်ထိ မာကျောနေခဲ့မှန်း ကျွန်မကိုယ်တိုင်ပင် သတိမထားမိခဲ့ပါလား။

“ညည်းကို အဖေ ခေါ်နေတယ်လေ …”

သည်တစ်ခေါက်တော့ ညင်သာသော ခေါ်သံမဟုတ်တော့။ ဒေါသနှင့်ရှိုက်သံစွက်နေသောကြောင့် ခုနကထက်ပင် ပိုမာကျောနေသည်။ သို့သော် ကျွန်မနှုတ်မှ စကားတစ်ခွန်းမှ ထွက်မလာဘဲ ဆွံ့အနေသည်။ သည်အခန်းထဲသို့ ၀င်မလာခင် လွန်ခဲ့သည့် ငါးနှစ်လောက်ကတည်းက ထိုခုတင်ထက်မှ လူတစ်ဦးနှင့်ပတ်သက်လျှင် ကျွန်မ၏ စိတ်ရောကိုယ်ပါ ကျောက်သားသကဲ့သို့ ဖြစ်နေခဲ့သည်။ ထို့ကြောင့် ကျွန်မထံတွင် ထိုသူနှင့်ပတ်သက်ပြီး ကျစရာ မျက်ရည်ပင် မရှိတော့လောက်အောင်ဖြစ်နေသည်ကို ကျွန်မ မအံ့သြပါ။

“သမီး .. ခင်မေ ..”

ခပ်တိုးတိုးအသံကို ဒုတိယအကြိမ် ထပ်ကြားရသည့်အခါတွင်တော့ ထိုအခန်းထဲမှ ကျွန်မ ပြေးထွက်လာခဲ့သည်။ မကြားရက်ခြင်းထက် မကြားလိုခြင်းကြောင့်ပင်။ ကျွန်မနောက်ပါးက ကပ်ပါလာသည့် ရှိုက်သံများကတော့ တဖြည်းဖြည်းချင်း ဖျော့တော့သွားလေပြီ။

(၂)

ဘယ်လောက်ကြာအောင် အိမ်ရှေ့ခုံတန်းလေးတွင် ထိုင်နေခဲ့မိမှန်းမသိ။ ခြေထောက်တွေ လှုပ်မရအောင် ကျဉ်နေသည့်အခါမှပင် ကြာမြင့်စွာ ထိုင်နေခဲ့မိသည့်အဖြစ်ကို ကျွန်မသတိပြုမိသည်။ သည်ခုံတန်းလေးထက်မှာ ကျွန်မ မထိုင်ဖြစ်ခဲ့သည်မှာ ငါးနှစ်တာ စွန်းခဲ့ပြီ။ ဒီခုံလေးတင်မဟုတ် … ဒီအိမ်၊ ဒီဝန်း၊ ဒီအရိပ်ထဲမှာပါ ကျွန်မရှိမနေခဲ့သည်ပဲ။ ဆက်ပဲထိုင်ရမလို၊ ထပဲထသွားရမလို ချီတုံချတုံ ဖြစ်နေပြီးမှ နောက်ဆုံးတော့ ထိုင်ရာကထဖို့ ကျွန်မဆုံးဖြတ်လိုက်သည်။

“အား …” ညာဘက်လက်ဖျံဆီမှ ရုတ်တရက် စူးကနဲနာကျင်မှုနှင့်အတူ အစင်းကြောင်းကြီးတစ်ခုပေါ်လာပြီး သွေးစို့နေသည်။ ကျွန်မ ခုမှပင်သတိထားမိသည်။ ခုံတန်း၏ အနောက်ဘက်တည့်တည့်ရှိ သံပုရာပင်မှ သံပုရာကိုင်းတချို့က ခုံတန်းကို မိုးနေသည်ပဲ။ ဒီနေရာတွင် အရင်က သံပုရာပင်တွေမရှိ။ အရင်က ခုံတန်း၏ နောက်ဘက်တစ်ခြမ်းလုံးက ပုဏ္ဍရိက်ပင်တွေချည်းဖြစ်သည်။ ခုတော့ သံပုရာပင်တွေက အစီအရီ။ အရွက်အညွန့်ကလေးတွေက တွန့်လိပ်တာမရှိဘဲ ပြန့်ကာစိမ်းလို့။

“ဟောဒီမှာ အ၀ါရောင်ဥသေးသေးလေးတွေတွေ့လား … အဲဒါ လိပ်ပြာတွေ လာပြီး ဥဥသွားတာသမီးရဲ့  …. သူတို့က သံပုရာညွန့်တွေထဲ ဥဥသွား … ပြီးရင် ပေါက်လာတဲ့အကောင်က အရွက်ကိုစား၊ ဘောက်ဖတ်ဖြစ်ပြီး နောက်တော့ တဖြည်းဖြည်းနဲ့လိပ်ပြာဖြစ်သွားရော  …” သံပုရာညွန့်တွေကြားထဲမှာ ငါးဥကလေးတွေစီနေသလို ဖြစ်နေသည့် အ၀ါရောင် လိပ်ပြာဥတွေကို စိတ်ရှည်လက်ရှည် ဖယ်နေရင်း ရှင်းပြသည့်အသံပိုင်ရှင်က ကျွန်မကိုလည်း လိပ်ပြာဥတွေကို သူနှင့်အတူ ၀ိုင်းဖယ်ခိုင်းခဲ့ဖူးသည်။ ဆယ်နှစ်သမီးအရွယ်ကျွန်မအတွက် သဘာဝဆိုတာကို လေ့လာရသည့်  အရသာကို ထိုအသံရှင်က စိတ်ရှည်လက်ရှည် သင်ပြခဲ့သည်။ မလုပ်တတ်ဘဲနှင့်လုပ်ပြီး သံပုရာညွန့်လေးတွေပါ ကျိုးတော့ ပါးထက်က အားပါးတရယ်ရင်း “ဒီလို လုပ်ရတာ သမီးရဲ့ …” ဟုဆိုကာ ကျွန်မမတတ်မချင်း တတ်အောင် သင်ပေးခဲ့သည်။ ကျွန်မလည်း သူနှင့်အတူ ပျော်ရွှင်စွာ ရယ်မောခဲ့ဖူးသည်။

အတိတ်ကပုံရိပ်တချို့က လတ်လတ်ဆတ်ဆတ်ပင် ဖြစ်နေသလို ထင်ရသော်လည်း တကယ်တမ်း သံပုရာပင်ရှေ့မှာ ရပ်ပြီး ပြုံးမိနေသည်က ကျွန်မတစ်ယောက်တည်း။ တကယ်တော့ အတိတ်ဆိုသည်ကို ကျွန်မ မစဉ်းစားချင်ပါ။ သို့သော် ယခုအချိန်တွင် မစဉ်းစားဘဲ မနေနိုင်တာဖြစ်သည်။ ကျွန်မစဉ်းစားနေမိသည့် အတိတ်ထဲတွင် ကျွန်မသည် အရပ်မြင့်မြင့်၊ ဖြူဖြူသွယ်သွယ် နှစ်လိုဖွယ်အသွင်ရှိသည့် လူတစ်ယောက်၏ သမီးဖြစ်နေခဲ့သည်။ ကျွန်မသည် ခုချိန်ခါတွင် ကျွန်မနှုတ်ကမခေါ်ချင်သည့် အဖေ့သမီး ဖြစ်ခဲ့သည်။

(၃)

“ချိန်ခါဆည်းဆာ မြစ်ဧရာပေါ် … ပျံကာဝဲကာ ငှက်ရွှေစင်ရော် …..သံသာသာဟစ်ကာကြွေးကျော် ချစ်ချစ်စရာလေးနော် ….ကရီကရာကကာမြူးကာ သူ့ဘ၀သူပဲ ပျော် …. လှိုင်းကလေးတဖွေးဖွေး အေးတဲ့မြစ်ပေါ် ထင်ရာလဲစိုင်းသနော် .. ရိုင်းတဲ့စင်ရော် …”

“ပေဂျီး …တိုတိုချစ်ရှိုပြ …. ပေဂျီး … တိုတိုချစ်ရှိုပြ …”

ပုခက်ကို တုပ်ကာလွှဲရင်းဆိုနေသည့် သီချင်းသံကိုဖုံးအောင် ပုခက်ထဲက ကလေးငယ်က အော်ပြီးပြောသည်တဲ့။ ဒါက မကြာခဏဆိုသလို အဖေပြောပြတတ်သည့် ကျွန်မ၏ ငယ်ဘ၀ တစ်စိတ်တစ်ပိုင်း။ ကျွန်မကိုချော့သိပ်ဖို့ ခင်ယုမေ၏ ရိုင်းတဲ့စင်ရော် သီချင်းကို အမြဲဆိုပြရသည်တဲ့။ သုံးလေးနှစ်သမီးအရွယ်ရောက်တော့ အဒေါ်တွေကက်ဆက်ဖွင့်တိုင်းကြားရတတ်သည့် ကော်နီ၏ ကိုကိုချစ်သီချင်းကို အသည်းစွဲဖြစ်ပြီး “ကိုကို မောင်မောင်” ပါသည့် ချွဲချွဲနွဲ့နွဲ့သီချင်းတွေကို ညီမတွေ ဆိုတာကိုပင်မကြိုက်သည့် အဖေက ကျွန်မအကြိုက်လိုက်ကာ ဆိုပြရသည်။ ကျွန်မဆိုသည့် သမီးကြီးသည် အဖေ့အတွက် သားဦးမို့ အရူးအမူး အလိုလိုက်ခဲ့ခြင်းဖြစ်သည်။

“သားသမီး ငါးယောက်ရှိတဲ့အထဲမှာ ဘယ်တစ်ယောက်ကိုမှ ဂုတ်ပေါ်တင်ပြီး သွားလေရာခေါ်မသွားဖူးဘူး … ညည်းတစ်ယောက်ပဲ ငါ့ဂုတ်ပေါ်တက်ပြီး နေရာတကာလိုက်တာ …” ဒါက ကျွန်မနှင့်ပတ်သက်လျှင် ဂုဏ်ယူဝင့်ကြွားစွာ အမြဲပြောတတ်သည့် အဖေ့စကား။ တခြား မောင်နှမတွေရှေ့မှာလည်း အဖေက ခုလိုပင် ပြောနေကြ။ အဖေ့ဘ၀တွင် ကျွန်မနှင့်ပတ်သက်ပြီး ဂုဏ်ယူစရာတွေသိပ်များသည်ဟု အဖေပြောဖူးသည်။ ကျွန်မကို အိပ်ရာဝင်ပုံပြင်တွေ ပြောပြရတာကို အဖေက ဂုဏ်ယူသည်။ ကျွန်မ စာတော်တာ၊ ဥာဏ်ကောင်းတာကို “အဖေနှင့်တူတာ” ဟု ပြောရင်း ဂုဏ်ယူသည်။ သို့သော် ကျွန်မတွင် အဖေနှင့်မတူသည့် အချက်တစ်ခုရှိသည်။ ကျွန်မအဖေချစ်သည့် ထိုအရာကို ကျွန်မမုန်းခြင်းဖြစ်သည်။

(၄)

“သမီးရေ … လာပါဦး .. ဖေကြီးဆီကို ….”

အပြင်မှ ပြန်လာသည့် အဖေ့ဆီကို ခါတိုင်းလိုပင် ကြိုဖို့ ကျွန်မအပြေးလေးသွားခဲ့သည်။ သို့သော် ခဏလးပင်။ ထို့နောက် ခါတိုင်းလို အဖေ့ရင်ခွင်ထဲတိုးမ၀င်ဘဲ ပြန်လှည့်ပြေးလာခဲ့သည်။ အဖေထံမှ ကျွန်မသိနေကျ ချွေးနံ့မဟုတ်သည့် စူးရှရှ ခပ်ပြင်းပြင်းအနံ့တစ်ခုက ကျွန်မစိတ်ကို မနှစ်မြို့ဖြစ်စေသည်။ ထိုအနံ့ကို မကြိုက်မှန်း ငါးနှစ်ခြောက်နှစ် သမီးအရွယ်လောက်ကတည်းက ကျွန်မ သတိထားမိခဲ့သည်။ ပုံမှန်ထက်ပိုပြီး ရွှင်ပြနေသည့်၊ တခါတရံ အလွန်အမင်း ဒေါသကြီးနေသည့် အဖေ့ကိုလည်း ကျွန်မမကြိုက်ပါ။ အစကတော့ အဖေ့ကို ခုလိုမြင်ရသည်က ရံဖန်ရံခါသာ။ တဖြည်းဖြည်း အရွယ်ရောက်လေလေ ကျွန်မမနှစ်သက်သည့်အရာကို အဖေက ပိုတိုးပြီး စွဲလန်းနေမှန်း လက်ခံနိုင်မှန်းမသိ လက်ခံလိုက်ရသည်။ သို့သော် အမေနှင့် ကျွန်မတို့မောင်နှမတွေ လက်မလျော့ခဲ့။ ချော့တစ်ခါ ခြောက်တစ်လှည့်နှင့်  အဖေ့ကို ထိုအရာဆီမှ ကျွန်မတို့ဖက်ပါအောင် အမျိုးမျိုး ကြိုးစားခဲ့ကြသည်။ အပျော်နှင့်အငိုကြား လုံးထွေးနေသည့်ဘ၀မှာ ဟိုတုန်းကလို သာယာသည့်မိသားစုဘ၀မျိုးကို ကျွန်မတို့မောင်နှမတွေ မရခဲ့။ ထို့အတွက် အဖေ့ကို ကျွန်မစိတ်ပျက်ကြောင်း၊ အဖေထိုသို့ ဖြစ်နေသည်ကို ကျွန်မ မကြိုက်ကြောင်းကိုလည်း  အကြိမ်အကြိမ်အခါခါပြောခဲ့ပါသည်။ အမိအဖအိမ်မှ ထွက်သွားခဲ့သည့် နောက်ဆုံးနေ့အထိတိုင် ကျွန်မပြောခဲ့သည်။ သို့သော် အဲဒီနေ့က တကယ်နောက်ဆုံးအနေနှင့် ကျွန်မပြောခဲ့ခြင်းဖြစ်သည်။

(၅)

“ဘယ်နှစ်ကြိမ်ရှိပြီလဲအဖေ … အဖေအရက်တစ်ခါဖြတ်တိုင်း ဒီတစ်ခါတော့ အဖေတကယ်ပြန်ကောင်းပါပြီဆိုပြီး မောင်နှမတွေ မျှော်လင့်လိုက်ရတာ … ပြီးတော့လည်း ပြန်စိတ်ဆင်းရဲရတာပဲ။ သားသမီးတွေလည်း အရွယ်ရောက်ကုန်ပြီ …. ။ အဖေ့ကျန်းမာရေးအတွက် မသောက်ပါနဲ့တော့လို့ အခါခါပြောနေတာကို။ သမီးတို့ကို မသနားရင်တောင် တလျှောက်လုံးအဖေ့ဒဏ်ခံခဲ့တဲ့ အမေ့ကိုတော့ သနားသင့်တယ်”

ဘယ်နှစ်ကြိမ်မြောက်မှန်း မသိတော့သည့် နာကျင်မှုမျိုးဖြင့်ပြောနေသည့် ကျွန်မအတွက် အဖေပြန်ပြောသည့်စကားက ထပ်တိုးနာကျင်စေသည်။

“ငါကြိုက်လို့ငါသောက်တာ … ဘာဖြစ်လဲ … နင်တို့မနေနိုင်ရင်ထွက်သွားကြ …. ငါကအရက်ကို နင်တို့ထက်တောင်ပိုချစ်သေးတယ် ….”

ဒီအချိန်တွင် ဒီစကားမျိုးကြားရသည်က အဆန်းမဟုတ်။ သို့သော် နှစ်ပေါင်းများစွာကြာအောင် ကြားခဲ့ရသည့်စကားများထဲတွင် ထိုစကားကအသည်းနာစရာအကောင်းဆုံး။ ခါတိုင်းလို “ငါ့သမီးကြီးစကား  ငါနားထောင်မှာပေါ့..” ဆိုတာမျိုးမဟုတ်တော့။ အဖေဘယ်လောက်မူးမူး ကျွန်မကို ထိုသို့ဘယ်တုန်းကမှ မပြောခဲ့။ ပြောထွက်ရက်မည်ဟုတ်လည်း ကျွန်မ မထင်မိခဲ့ပါ။ ခုတော့ အရက်ဆိုသည်အရာက ကျွန်မထံမှ အဖေ့ကို ယူသွားလေပြီ။ သူ၏ ချစ်လှစွာသော သမီးထက်ပိုအောင် ချစ်သွားခဲ့သည့် ထိုအရာကို ကျွန်မ တကယ့်ကို မုန်းပါပြီ။ ထို့အတူ အဖေ့ကိုလည်း …..။

ထိုနေ့က နောက်ဆုံးဖြစ်သည်။ အဲဒီနောက် ထိုအိမ်သို့ ကျွန်မ ထပ်မရောက်ဖြစ်တော့။ ၀တ္တရားအရ မိသားစုအတွက် ပြန်လည်ထောက်ပံ့သည်မှအပ ကျွန်မ ဘ၀၏ အရေးကြီးသောဆုံးဖြတ်ချက်တိုင်းကိုပင် ပြန်မတိုင်ပင်ဖြစ်တော့ဘဲ ကျွန်မရပ်တည်ခဲ့သည်။ ကျွန်မနှင့်အဖေ့ကြား ဆက်နွယ်မှုသည် တန်ဖိုးရှိသော စက္ကူချပ်လေးများသာဖြစ်သည်။ ထိုအတောအတွင်း ဖြစ်ပျက်နေသည့်ဖြစ်ရပ်များကိုလည်း ကျွန်မ မသိချင်ခဲ့။ အမေဆက်သွယ်သည့်အခါတိုင်း အဖေနှင့်ပတ်သက်သည့် မည်သည့်သတင်းကိုမျှ ကျွန်မနားမထောင်ခဲ့။ ခုနောက်ဆုံးတစ်ကြိမ် အမေဖုန်းဆက်စဉ်က “ခင်မေ … နင့်အဖေ …” ဆိုပြီး ရိုက်ကြီးတငင်ငိုသံ၏ နောက်ဆက်တွဲအဖြစ် ဒီအိမ်သို့ ငါးနှစ်ကျော်အတွင်း ပထမဆုံးအကြိမ်အဖြစ် ပြန်လည်ခြေချမိခြင်းဖြစ်သည်။ ထိုအိမ်ထဲသို့ပြန်ရောက်ချိန်တွင် ကျွန်မသည် အသက် ၃၂ နှစ်အရွယ် အမျိုးသမီးတစ်ဦးအနေနှင့်မဟုတ်တော့။ သံပုရာပင်ထက်က လိပ်ပြာဥလေးတွေ ဖယ်ရတာကို နှစ်သက်သည့် ဆယ်နှစ်အရွယ် ကလေးမလေးပင်။ သို့သော် ထိုကလေးမလေး အသည်းမာနေခဲ့ပြီ။

(၆)

သံပုရာဆူးနှင့် ခြစ်မိသည့်ဒဏ်ရာကို ဆေးထည့်ဖို့ပင်သတိမရဘဲ ခုံတန်းထက်တွင် ဆက်ထိုင်ကာ အတိတ်တွေထဲ ဘယ်လောက်ကြာအောင် မြောနေမိမှန်းမသိ။ အိမ်ထဲမှ ဆူဆူညံညံအသံတွေကြောင့် ကျွန်မ သတိပြန်ဝင်လာသည်။ အိမ်ထဲမှ ကျွန်မမောင်အငယ်ဆုံး ပြေးထွက်လာပြီး ကျွန်မရှေ့တွင် လာရပ်သည်။ သူ့မျက်ဝန်းများက စိုစွတ်နေပြီး နှုတ်ခမ်းများက တုန်ယင်နေသည်။ သူစကားပြောဖို့ ကြိုးစားနေခြင်းဖြစ်သော်လည်း ဆို့နင့်မှုကြောင့် စကားသံထွက်မလာ။ ကျွန်မ သိလိုက်ပြီ။ အမှန်တရားတစ်ခုကို ကျွန်မလက်ခံရတော့မည်။ ဟိုးလွန်ခဲ့သည့်နှစ်တွေကတည်းက တချိန်ချိန်ကြုံလာရမည့် ဒီအမှန်တရားကို ကျွန်မလက်ခံနိုင်ဖို့ သတ္တိတွေ မွေးခဲ့သည်။ ယခု ကျွန်မထံတွင် လုံလောက်သော ခံနိုင်ရှိမှု ရှိနေပြီဟု ထင်သည်။ မမြဲခြင်းဆိုသည့် သဘောတရားကိုလည်း ကျွန်မ၏အသက်အရွယ်အရ နှလုံးသွင်းနိုင်ခဲ့ပြီဟု ထင်သည်။ နောက်ပြီး ဒါကလည်း ကျွန်မအဖေကိုယ်တိုင် လိုလိုလားလား ရွေးချယ်ခဲ့သည့် လမ်းပင်။ ကျွန်မ .. လက်ခံနိုင်ပါသည်။

“စီစဉ်စရာရှိတာ စီစဉ်ရအောင် …”

မောင်ဖြစ်သူကိုလှမ်းပြောရင်း အိမ်ထဲသို့ဝင်ရန်ပြင်လိုက်ချင်တွင် သူ့ထံမှ ငိုသံနှင့်အတူ ပြောလိုက်သည့်စကားက ကျွန်မ၏ နားမှတဆင့် နှလုံးသားထဲသို့ ဖြတ်ဆင်းသွားသည်နှင့်အတူ ပြင်းပြသည့် နာကျင်မှုနှင့်ဆို့နင့်မှုက ထိုစကားကို နှလုံးသားထဲတွင် ပဲ့တင်ကြားစေလေသည်။

“ငါ့သမီးကြီးကို ချစ်တယ်ပြောပေးပါတဲ့ …. အဖေ့နောက်ဆုံးစကား”

ငါးနှစ်တာကာလအတွင်း မကြားခဲ့ရသည့် ထိုစကားကို အဖေ့၏ နောက်ဆုံးအချိန်တွင်လည်း ကျွန်မနားနှင့်တိုက်ရိုက်မကြားနိုင်ခဲ့။ ဒီစကားဟာ ကျွန်မအဖေ၏ နောက်ဆုံးစကားတဲ့။

ကျွန်မ … မငိုပါ။ ကျွန်မ၏ နှလုံးသားဒဏ်ရာမှ နှလုံးသွေးများသာ ကျွန်မမျက်ဝန်းမှတဆင့် ပါးပြင်တစ်လျှောက် လိမ့်ဆင်းနေခြင်းသာ ဖြစ်ပါသည်။

ယုပမ်