mya&maung

သည်နေ့ညကျမှ မြကို ထူးထူးခြားခြား သူ သတိရမိနေသည်။ အဝေးဆီမှ သဲ့သဲ့ပျံ့လွင့်လာသော အငြိမ့်ဆိုင်းကြောင့် ဖြစ်မည်ထင်သည်။ တကယ်တော့ သည်ညမှ မဟုတ်။ ယခုလို အကြောင်းတိုက်ဆိုင်တိုင်း မြကို လွမ်းရပါသည်။ အကြောင်းတိုက်ဆိုင်မှုတွေကလည်း ရံဖန်ရံခါ ရှိနေတတ်ပြန်တော့ မြကို အောက်မေ့သည့်စိတ်က လောင်စာနှင့် မပြတ်သော မီးပမာ တညီးညီးတောက်လောင်လွန်းလှသည်။ ညှင်းသွဲ့သွဲ့မြူးနေသော ဆောင်းမပီ့တပီ လေစိမ့်စိမ့်နှင့်အတူ မြ ခေါင်းမှ စံပယ်ပန်းရနံ့များကို ခုတစ်မုဟုတ်ချင်း နမ်းရှိုက်လိုက်ရသလိုလို၊ စည်းဝါးတကျ ချိုအေးစွာ သီဆိုလိုက်သော သီချင်းသံသည်ပင်လျှင် မြ နှုတ်ဖျားမှ ထွက်ကျလာသလိုလို မရေရာသော စိတ်အစဉ်သည် သူ့ကို လှည့်စားလျက်ရှိသည်။

 

လွန်ခဲ့သည့် ၁၅ နှစ်က မြနှင့် သူ တရားဝင်နှုတ်ဆက် လမ်းခွဲခဲ့ကြသည်။ အင်း .. သည်လိုတော့လည်း မဟုတ်သေး။ တရားဝင်နှုတ်ဆက်သည်ဟု သုံးနှုန်းရန်အတွက် သူသည် မြ၏ တရားဝင်ချစ်သူလားဆိုတာ ဖြေဖို့ခက်သည်။ သေချာသည်က မြဟာ သူ၏ သည်းဦးပန်းဖြစ်သည်။ မြဟာ သူ့နတ်သမီး။ မြ၏ ပြုံးဟန်၊ ပြောဟန်၊ ဆိုဟန်၊ ကဟန်၊ ဆံနွယ်လေးများကို လက်နှင့်သပ်လိုက်သည်ကစလို့ မျက်လုံးလေးဝင့်ကာ ကြည့်လိုက်သည်အဆုံး မြနှင့်ပတ်သက်သမျှ သူ့အတွက် ကဗျာဆန်ခဲ့သည်။ မြကို လှသည်ဟု သူ မဆိုလို၊ သို့ပေမယ့် မြမှာ ညှို့ဓာတ်ရှိသည်။ ထိုညှို့ဓာတ်သည် ပုရိသအများအပြားကို ၀ပ်ဆင်းလာနိုင်အောင် စွမ်းအားရှိသည်။ သူကရော.. မြထံမှာ ဘယ်အရာကို စွဲလန်းခဲ့မိပါသလဲ။ တံကောက်ကွေးကျော်ခန့် ရှည်လျားပြီး စံပယ်နှစ်ခက် အမြဲလိုလို ပန်ဆင်ထားတတ်သည့် မြ၏ ကေသာနုထွေးနက်ကိုလား၊ အသားညိုစိမ့်စိမ့်ပေမယ့် ကိုယ်ဟန်ကျော့ရှင်းပြီး သွဲ့သွဲ့နွဲ့နွဲ့လေး၊ မမှီသလို မှီသလိုလေး ရပ်တတ်သည့် မြ၏ ကောက်ကြောင်းများကိုလား၊ သနပ်ခါးရေကျဲ လိမ်းထားပြီး နှုတ်ခမ်းဆိုးဆေး ခပ်ဖျော့ဖျော့ ဆိုးကာ ပြုံးယောင်ယောင် ရှိနေတတ်သည့် မြ၏ မျက်နှာထားကိုလား ဘယ်အတွက်ကြောင့်ရယ် မဆိုသာ။ မြကို ချစ်ခဲ့သည့်အတွက် စွဲလန်းခဲ့တာလား၊ စွဲလန်းရာမှ ချစ်ခဲ့တာလား သေချာမဝေခွဲနိုင်သော်လည်း မြသည် တချိန်က သူ့ကမ္ဘာဖြစ်ခဲ့သည်မှာ ငြင်းမရ။

 

၁၉၉၆ ခုနှစ်၊ ဒီဇင်ဘာလ၏ ဆောင်းတစ်ညတွင် သူ မြကို စတင်စွဲလန်းခဲ့သည်။ အရိုးထဲစိမ့်အောင် အေးသော မန္တလေးဆောင်း၏ အအေးဓာတ်သည် ပွဲခင်းထဲတွင် မြ၏ အက၊ အလှအောက်၌ နစ်မြောစီးဝင်နေသော သူ့ကို တုန်ခိုက်နေအောင် မစွမ်းဆောင်နိုင်။ သို့ပေမယ့် ဆိုင်းသံ ဗုံသံများနှင့်အတူ သူ့နှလုံးသား တဒိတ်ဒိတ်ခုန်နေသည်။ ဗလောင်ဆူ ဗြောင်းဆန်နေသည်။ မျက်ခွံတ၀က်ပိတ်ထားသော မျက်ဝန်းအောက်မှ ခပ်မှေးမှေးလေးထားကာ ကြည့်လိုက်သော စင်ပေါ်မှ အကြည့်စူးစူးတချက်နှင့် ဇာတ်စင်အောက်မှ သူ၏ အကြည့်တို့ တိုးတိုက်လိုက်မိချိန်တွင် ဥက္ကာပျံတစင်း သူ့နှလုံးသားထဲသို့ ရုတ်တရက်ဝင်ဆောင့်လိုက်သည့်ပမာ တုန်ခါကျဉ်တတ်သွားသည်။ ထိုအခိုက် မြ၏ သီချင်းကလည်း သူ့ကို သရိုးသရီဖြစ်စေပြန်သည်။

 

“မြနဲ့မောင်နဲ့ အခုမှ တွေ့တာ… လူပါးမ၀ခင်တုန်းက ပြောပြတော့ ရယ်စရာပါ… ထမီလေးတိုတိုဝတ်ကာ.. မြ ငယ်စဉ်မှာ.. လူထဲမ၀င်ခင်သေးတော့ အလှပြင်ဆင်ရှာ.. မယ်ရင်ကုန်ကုန်ပြောမယ်.. တောသက်သက်မို့ ဘယက်ဒွါရရာ.. ရွှံ့တွေကပ်စီ.. ကပ်စီ.. ပုတီးလုပ်ကာ ဆွဲရပါတယ်… အုန်းမှုတ်ပဲ့ကို ရှာရှာ.. ဒိုလာပြားကြီး ဆယ့်ငါးပြားလောက် ဆွဲရတာ… ကိုကိုများက မြှောက်စားပေမယ့် ဟိုတုန်းကလို မပျော်ပါ… မောင်မောင်တို့က မြှောက်စားပေမယ့် အရင်တုန်းကလောက် မပျော်ပါ”

 

“မြယမုန်” အငြိမ့်ဆိုသည့် နဖူးစည်းအောက်တွင် မြသည် ယမင်းရုပ်လေးတရုပ်နှယ် ပျော့ပျော့ပျောင်းပျောင်းလေး ကနေသည်။ သူ ပြုံးမိသည်။ မြကို သူ ချစ်မိနေပြီဟု သူကိုယ်သူ ၀န်ခံမိသဖြင့် ပြုံးခြင်းဖြစ်သည်။ သည်တုန်းက သူက ဒဿနိက ဒုတိယနှစ်။ မြက သူ့ထက် ငါးနှစ် ကြီးသူမို့ ကျောင်းပြီးနှင့်ပြီ။ တက္ကသိုလ်ကျောင်းသူ ဦးဆောင်ပြီး ကသည့်အငြိမ့်မို့ မြ၏ အငြိမ့်က သဘင်အနုပညာနှင့် ပတ်သက်လျှင် ဒိတ်ဒိတ်ကြဲကျော်ကြားသော မန္တလေးတွင် သာ၍ထင်ရှားသည်။

 

……………………….

မြနှင့် သူ အတူရှိခဲ့သည့်အချိန်တလျှောက်လုံးတွင် မြသည် သူနှင့် နီးသလိုလို၊ ဝေးသလိုလို၊ သူကလည်း မြကို နားလည်သလိုလို၊ နားမလည်သလိုလို၊ မြကလည်း သူ့ကို အထာပေးသလိုလို မပေးသလိုလို မရေမရာ မသဲမကွဲ မှုန်ရီရီ ၀ိုးတ၀ါးနှင့် သူတို့ဇာတ်လမ်းက ပုံဖမ်းရခက်လှသည်။ အလွန်ဝေးလံ ခေါင်ပါးလှသော အညာရွာလေးတရွာမှ တက္ကသိုလ်တက်နိုင်သည်အထိ ထွန်းပေါက်ခဲ့သော မြသည် သူ့ရွာ၏ အိပ်မက်၊ သူ့မိသားစု၏ ရတနာ။ တောပန်းလေးပေမယ့် ရနံ့ကြူတော့ ချူချင်သူ များခဲ့သည်။ သည်တော့ ဒုတိယနှစ်တွင် မြ မေတ္တာမျှရမည့်သူ ရှိလာသည်။ ထိုသူကြောင့်ပင် မြ ဘ၀ပျက်ခဲ့ရသည်တဲ့။ နောက်တော့ သူဌေးတယောက်၏ အပျော်မယားလိုလို၊ နောက်တဖန် တစ်ခုလပ်အမျိုးသားတယောက်နှင့်လည်း တိတ်တိတ်ပုန်း ညားသလိုလို မသေချာသော သတင်းစကားများမှာ တက္ကသိုလ် ညနေခင်းများတွင် လက်ဖက်ရည်ဆိုင်၌ အပျင်းပြေ ပြောစရာ ပုံပမာဖြစ်ခဲ့ရသည်။ ကျောင်းပြီးတော့ မြမြဝေဆိုသော ဘ၀ကို ကန့်လန့်ကာချပြီးနောက် မြယမုံနာမည်နှင့် အငြိမ့်စင်ပေါ်ရောက်သည်။

 

မြမြဝေဘ၀ မည်သို့ ရှိခဲ့သည် ဖြစ်စေ၊ သူ ချစ်သည်က မြယမုံကိုလေ။ မြသည် စကားတတ်လွန်းသည်။ အငြင်းမသန်ဘဲ တခွန်းထဲနှင့် ချက်ကောင်းမိအောင် ပြောကာ အနိုင်ပိုင်းတတ်သည်။ သူက ပြန်၍ နှုတ်လှန်ထိုးမည်ကြံတိုင်း ပြုံးထေ့ထေ့နှင့် မှေးစင်းကာ ကြည့်လိုက်သော အကြည့်ကြောင့် သက်ပြင်းပူတွေကိုသာ သူ မှုတ်ထုတ်လိုက်ရသည်။ ထိုသို့ မျက်ဝန်းများကို မှေးစင်းကာ ကလူ၏သို့ မြူ၏သို့ မျက်နှာထားနှင့် နှုတ်ခမ်းထောင့်စွန်းလေး တွန့်ရုံမျှ ပြုံးသော ဟန်သည် မြ၏ ကိုယ်ပိုင်ဟန် ဖြစ်လိမ့်မည်။ သူကြားဖူးသော ဥက္ကလာမအေးကြည်၏ အပြုံးမျိုးသည်လည်း ထိုသို့ ဖြစ်လိမ့်မည်ထင်သည်။

 

“မြကို ချစ်တယ်။ သိပ်ချစ်တာပဲ” မြနှင့် တွေ့တိုင်း သူက ဆီမန်းရွတ်သလို တတွတ်တွတ် ပြောတတ်သည်။

“မြကတော့ ကိုယ့်ကိုယ်ကိုပဲ ချစ်တယ်။ ဒီလိုကြားလိုက်ရလို့ နားခါးကောင်း ခါးမယ်။ ဒါပေမယ့် ဒါဟာ အမှန်တရားပဲ။ မြက အမှန်တရားကို သစ္စာလိုထားပြီး ဆိုတယ်။ ဒါပေမယ့် လူတွေ တော်တော်များများကတော့ ညာနေကြတယ်။ ကဲ.. မောင်မောင့်ကို မေးမယ်။ မောင်မောင် ကိုယ့်ကိုယ်ကိုထက် သူများကို ချစ်တာ သေချာလား”။ သည်တခွန်းထဲနဲ့တင် သူ ဘာဆက်ပြောရမည်မှန်း မသိတော့။

 

“မြဟာ သိပ်စကားကတ်တာပဲ။ သတ္တ၀ါမှန်သမျှ အတ္တမကင်းနိုင်ကြဘူးလေ။ ဒါပေမယ့် ဒီအတ္တတွေကိုပဲ အလျှော့အတင်းလုပ်၊ အပေးအယူပြုပြီး ဘ၀ကို ရှင်သန်နေရတာပဲ။ မြ တွေးတာတွေဟာ သိပ်တဖက်သတ်ဆန်လွန်းတယ်”

 

သူဟာ မြကို ချစ်တာမဟုတ်၊ စွဲလန်းရုံသက်သက်ဟာ မြက စွပ်စွဲသည်။ စိတ်ကူးယဉ်ဆန်လွန်းသူ၊ ခံစားတတ်လွန်းသူ၊ အိပ်မက် မက်ရတာ မွေ့လျော်လွန်းသူတဲ့။ မြကို ပိုးပန်းကြသူ အများစုလိုတော့ သူ ဓနအင်အား မတောင့်တင်းပါ။ သို့ပေမယ့် မြသည် သူ့စက်ဘီးထိုင်ခုံနောက်ကနေ ပျော်ပျော်ရွှင်ရွှင် လိုက်ပါပြီး သူနှင့်အတူ တမြို့လုံး ခြေဆန့်ရသည်ကို ရွှင်မြူးနေတတ်သည်။ သူတို့နှစ်ဦး ကျုံးဘေးတွင် စက်ဘီးရပ်ပြီး လမ်းလျှောက်ကြသည်။ ညဈေးတန်းတွင် စာအုပ်မွှေကြသည်။ လမ်း ၃၀ ပေါ်က အလင်းဖွင့်သော လက်ဖက်ရည်ဆိုင် တစ်ဆိုင်ပြီး တစ်ဆိုင် ပြောင်းထိုင်ကြသည်။ ဒါကို ဘ၀အရသာဟု သူက ထင်သည်။ မြနှင့် သူနှင့် အိမ်ထောင်ထူထောင်ကြပြီးလျှင်လည်း သူက သီချင်းဆိုလိုက်၊ မြက ကလိုက်၊ သူက အာရုံတွေ စက်ကုန်ဖွင့်ပြီး အတွေးပင်လယ်ထဲတွင် မျောလွင့်ကာ စာတိုပေစ ရေးနေချိန်တွင် မြက ကော်ဖီပူတခွက် ဖျော်ပေးလိမ့်မည်။ ထိုအချိန်တွင် လရောင်က သစ်ရွက်ကြို သစ်ရွက်ကြားမှတဆင့် သူတို့ အခန်းအတွင်းသို့ လဲ့လဲ့ကလေး ဖြာကျသက်ဆင်းနေလိမ့်မည်။ မြကြိုက်သော စံပယ်ပန်းရနံ့များက လေဝေ့တိုင်း သင်းထုံလို့ပေါ့။ ညသန်းခေါင်ချိန်မို့ လေကလည်း တဖြူးဖြူးရှိနှင့်နေမည်။ သူက သူ့စိတ်ကူးကို ထိုမျှလောက် ပြောပြလိုက်ရုံနှင့် မြက “ဒါက ဘ၀မှ မဟုတ်ဘဲကွယ်။ မောင်မောင် သိပ်ရိုးတာပဲ” ဟု သူ့ကို စတင် ထိုးနှက်တော့သည်။ သူက သူ့ကို ထိုးနှက်သည်ဟု မြင်သော်လည်း မြက သူ့ကို တကယ့်ဘ၀ထဲသို့ တွန်းပို့နေခြင်းဟု ခံယူသတဲ့။ သူ လိုက်မမီတော့ပါ။

 

“ယောက်ျားတွေဟာ မိန်းမတွေထက် ပိုပြီး စိတ်ကူးယဉ် တတ်ကြတယ်။ ခံစားလွယ်တတ်ကြတယ်” မဟုတ်တာလို့ သူ ငြင်းမည်အပြုတွင် မြကာ လက်ကာပြပြီး ဆက်ပြောသည်။

 

“လက်တွေ့ဆန်ချင်ပြန်တော့လည်း သူတို့အပြင် နှစ်ယောက်မရှိဘူး။ ဘာလို့လဲဆိုတော့ စိတ်ကူးယဉ်ခြင်းဟာ မိန်းမအလုပ်၊ လက်တွေ့ဆန်မှုဟာ ယောက်ျားတို့ရဲ့ သရုပ်သကန်လို့ ယူဆထားကြတာကိုး။ ဒီလိုဖြစ်တာဟာ မြ ထင်တာ ပြောရမယ်ဆိုရင် ကလေးသဘာဝအရ မိခင်ရဲ့ အထိအတွေ့ကြောင့် နူးညံ့သိမ်မွေ့တဲ့ စိတ်ကလေးဟာ ဒါဟာ ယောက်ျား၊ ဒါဟာ မိန်းမ စသဖြင့် ခွဲခြားဘောင်ခတ်ပြီး ပုံစံသွင်းလိုက်တဲ့ ပတ်ဝန်းကျင်၊ အထူးသဖြင့် သူတို့နဲ့ အနီးကပ်ဖြစ်တဲ့ အဖေတို့၊ အစ်ကိုတွေကြောင့် တစ်ချို့လည်း ရုတ်ခြည်းဖြစ်ချင်ဖြစ်မယ်၊ တစ်ချို့လည်း တဖြည်းဖြည်းချင်းပေါ့… ကျားဗီဇဆိုတာကို သူတို့ ပျိုးထောင်လိုက်ရတယ်။ တစ်ခါတစ်လေ သူတို့ငယ်စဉ်က မိခင်နဲ့အတူရှိခဲ့ဖူးတဲ့ နူးညံ့မှုတွေကို မသိစိတ်ကနေ ပြင်းပြင်းထန်ထန် တောင့်တမိတဲ့အခါ နှစ်သိမ့်ယုယမှု၊ အေးငြိမ်းမှုတွေကို လိုချင်လာပြန်ရော။ အဲဒီမှာ သူတို့ကပဲ ဦးဆောင်ရမယ်ဆိုတဲ့ ပတ်ဝန်းကျင်က ရိုက်သွင်းလိုက်တဲ့ မာနတရားနဲ့ ပဋိပက္ခဖြစ်ကြတော့တာပဲ။ သူတို့ ၀ိရောဓိနဲ့ သူတို့ ပိတ်လှောင်မိနေတော့တာပဲလေ။ သိပ်စိတ်နုတဲ့ ယောက်ျားမျိုးဆိုရင် အစွန်းနှစ်ဘက် ကူးလူးရတာနဲ့ ပင်ပန်းနုံးချိကြရတယ်”

 

မြကို သူ ငေးကြည့်နေမိသည်။ မြသည်လည်း လူသားတဦး၏ ဂုဏ်ရည်နှင့်အညီ လွတ်လပ်စွာ တွေးခေါ်ပိုင်ခွင့်ရှိသည်။ သို့သော် သဘင်သုခုမ အနုပညာနှင့် အသက်မွေးနေသူတဦး၏ စကားလုံးများသည် ကဗျာမဆန်လိုက်တာဟု သူက အထင်ရောက်နေဆဲ။

 

“မြ ပြောတာတွေအတွက် ခေါင်းရှုပ်သွားလားဟင်။ မြကို လိုက်မမီဘူး။ မြဟာ မောင်မောင့်ကို နားမလည်ပါဘူးလို့များ တွေးကော တွေးနေမိသလား” သည်လိုကျပြန်တော့လည်း သူ ရှက်သွားမိသည်။ မြဟာ လူကဲခတ်တော်တာကိုတော့ ၀န်ခံရလိမ့်မည်။ သူ့အတွေးတွေကို ချက်ချင်း ဖမ်းဆုပ်မိသည်။

 

“လူတွေဟာလေ မင်းကို ကိုယ်နားမလည်ဘူးတို့၊ ကိုယ့်ကို ဘယ်သူကမှ နားမလည်ပါဘူးတို့ ပြောရင် မြ သိပ်ရယ်ချင်တာပဲ သိလား။ တကယ်က သူများကို ကိုယ်က နားလည်ဖို့ဆိုတာရော ကိုယ့်ကိုလည်း  သူများတွေက နားလည်ဖို့ဆိုတာတွေရောက ကျော်ပြီး စဉ်းစားလိုက်တာပဲ။ ဒီမှာတင် သူတို့ရဲ့ အတ္တက ပေါ်လွင်လာတယ်။ ဘာလို့ ကိုယ့်ကိုယ်ကို အရင်နားလည်ဖို့ မကြိုးစားတာလဲ။ ငါဟာ ဘာလဲ၊ ငါဟာ ဘာလိုချင်တာလဲ၊ ဘာဖြစ်ချင်တာလဲ၊ ဘယ်လိုလူလဲဆိုတာ အရင်နားလည်အောင် ဂဃနဏ အားမနာတမ်း ဆန်းစစ်မိတဲ့သူ ဘယ်နှယောက်များ ရှိလို့လဲ”

 

ထိုနေ့ကစပြီး မြနှင့် ဘာသဘောတရားရေးရာမှ မဆွေးနွေးတော့ဟု သူ ဆုံးဖြတ်လိုက်သည်။ သူသည် မြ ပြောသလို ရိုးကောင်း ရိုး၊ အ ကောင်း အ၊ အသက်အရွယ်၊ အတွေ့အကြုံ နုငယ်နေသေးကောင်း နုငယ်နေလိမ့်မည်။ သို့ပေမယ့် သူ့ အိပ်မက်ကား ရိုးရှင်းပါသည်။ ကဗျာတွေ ရွတ်ရင်း၊ သီချင်းတွေဆိုရင်းသာ သူတို့၏ ဆည်းဆာကို လှပစေလိုပါသည်။ သို့မဟုတ်က မြ၏ ဘ၀နှင့်ယှဉ်ကာ ပေါက်ဖွားလာသော အတွေးအမြင်များကြောင့် သူ့အာရုံနောက်ကျိ ရှုပ်ထွေးသွားလိမ့်မည်။

 

ဒါတောင် မြက ပြောသေးသည်။ “ထမင်းဝထားနှင့်မှ စိတ်ကူးယဉ်လို့ကောင်းတာပါ ဆရာကြီးရယ်” တဲ့။ ကဲ… ဘယ်လောက်များ အနုပညာမဆန်လိုက်လေသလဲ။

 

“ညနေတိုင်း လက်ဖက်ရည်ဆိုင်မှာ ထိုင်ပြီး အာဘောင်အာရင်းသန်သန်နဲ့ မောင်မောင် ငြင်းခုံနေတဲ့ အတွေးအခေါ်ပညာရပ်တွေ၊ ကမ္ဘာကျော်ဒဿနပညာရှင်တွေရဲ့ အဆိုအမိန့်တွေဆိုတာကလည်း စာအုပ်ဖတ်ပြီးမှ မောင်မောင် သိလာရတာတွေပါ။ ဘ၀ရဲ့ အဓိပ္ပာယ်စစ်စစ်က တကယ့်ဘ၀ထဲမှာပဲ ရှိပါတယ် မောင်မောင်ရယ်။ ဒါကို မြင်အောင် မကြည့်နိုင်သရွေ့ မောင်မောင်ဟာ ဘောင်တွေထဲက ဘယ်တော့မှ ရုန်းထွက်နိုင်မှာမဟုတ်ဘူး”

 

သည်တော့လည်း သူ ငေါ့မိသည်။

“မြကတော့ ကြည့်တတ်ပြီပေါ့လေ။ ဆိုစမ်းပါဦး..။ မီးရောင်အောက်ကို ၀င် လူပြက်တွေနဲ့တွဲပြီး အသုံးတော် မခံချင်လည်း ကပြ၊ ဆိုပြရတာတွေဟာ ဘ၀၊ အငြိမ့်မန်နေဂျာက ထိပ်ပုတ်ခေါင်းပုတ်လုပ်တာကို မကြည်သာလည်းပဲ ရယ်ပြ၊ ပြုံးပြရတာတွေဟာ ဘ၀လို့။ ဒါတွေအားလုံး ကျွန်တော် သိပါတယ်။ မြပြောတဲ့ မြရဲ့ ဘ၀ဒဿနက မြဘ၀နဲ့ပဲ ယှဉ်ပြီး ကွက်ကွက်လေးပဲ သိလာရတာတွေလေ။ ကျွန်တော်တို့ ဆွေးနွေးငြင်းခုံတယ်ဆိုတာ ဒီ့ထက်မက ပိုကျယ်ပြန့်တယ်”

 

သူ့စကားဆုံးတော့ မြက ပုခုံးတွန့်လေသည်။ သူ၏ မူပိုင်အပြုံးဖြစ်သော နှုတ်ခမ်းထောင့်စွန်းလေး ကွေးရုံမျှ ယဲ့ယဲ့ပြုံးသည်။ မျက်လုံးလေး မှေးစင်းကြည့်သည်။ ထို့နောက် သိမ်မွေ့စွာသက်ပြင်းချလျက် အဝေးသို့ ဆွေးရီရီလေး ငေးပြန်သည်။

 

“နောက်လကျရင် မြ လက်ထပ်တော့မယ်”

 

ထိုခဏ.. တစက္ကန့်၏ သုံးပုံတစ်ပုံမျှသာကြာညောင်းသော အချိန်တိုလေးဖြစ်ပါသည်။ သို့သော် သူ ဘယ်လို အသည်းကွဲပြရမည်မသိလောက်အောင်ပင် ကမ္ဘာပျက်သွားခဲ့လေသည်။

 

…………………………………………………….

 

မြဟာ တကယ်တော့ မြပါပဲလေ။ သူကသာ ပိုးဖလံမျိုးပီပီ မီးကို တိုးခဲ့တာပါ။ ရာသီနှစ်ကျော့စာမျှ နေ့နေ့ညည ချည်နှောင်ခဲ့သော သံယောဇဉ်ကြိုးများကို အဆက်ဖြတ်ချင်တော့လည်း လွယ်လိုက်တာ။ “ရှင့်ကို ကျွန်မ အလိုမရှိတော့ဘူး” ဟု ပြစ်ပြစ်ခါခါ မပြောရုံတစ်မယ် စိမ်းကားသွား၏။ မသက်ဆိုင်တော့ပါကြောင်း တစ်ဦးနှင့်တစ်ဦး တရားဝင်မကြေညာတော့သော်ငြား သူကလည်း သူ့မာနနှင့်သူမို့ နေစိမ့်ခဲ့ပါသည်။ မြကတော့ သူ ပြောခဲ့သည့် စကားအတိုင်း မုဆိုးဖိုတရားသူကြီးတစ်ယောက်နှင့် ရုံးတက် လက်မှတ်ထိုးကာ နှစ်ဖြာရွှေလက် ဂဟေဆက်သွားခဲ့သည်။ သည်အကြောင်းကို သိရပြန်တော့လည်း “သြော်…. တော်တော် ဘ၀ဆန်သူကြီးပေကိုး” ဟု သရော်တော်တော်တွေးကာ သူ နာကျင်နေမိသည်။ မဲပြာပုဆိုး နှစ်ကျပ်တန် ဇာတ်ခင်းသွားသည်ဟု တွေးပြီး ပြစ်ပြစ်နှစ်နှစ် သူ စွပ်စွဲခဲ့သည်။

 

အိမ်ထောင်ကျပြီးသည့်နောက် မြ အငြိမ့်ဆက်မကတော့ပါ။ မြကို စိတ်နာသည့်အရှိန်ဖြင့် သူကလည်း အငြိမ့်ပွဲ၊ ဇာတ်ပွဲများဘက်သို့ ခြေဦးမလှည့်ဖြစ်တော့ပါ။ ယခင် လက်ဖက်ရည်ဆိုင်ထိုင်ရာကနေ မြ လက်ထပ်ပြီးသည့်နောက်တွင်တော့ ဗောဓိကုန်းဝန်းကျင်တ၀ိုက်ရှိ ဖယောင်းတိုင်မှိန်ဖျော့ဖျော့ထွန်းထားသော ဘီအီးဆိုင်များဘက်သို့ အရောက်များခဲ့သည်။ ငွေစကြေးစရွှင်လျှင်တော့ အမြည်းကောင်းကောင်းရနိုင်သော စားသောက်ဆိုင်များဘက်သို့ပေါ့။ ထိုနေရာများသည် သူတို့ အပေါင်းအသင်းတစ်စု လေ့လာခဲ့သော၊ ကောက်ချက်ချမိသော အတွေးအခေါ်ပညာများ ဖလှယ်ရာ ဘူမိနက်သန်ဖြစ်လာခဲ့သည်။

 

သည်ကြားထဲ အကြောင်းတိုက်ဆိုင်လျှင် တိုက်ဆိုင်သလို “မြကို လွမ်းလှချည့်” ဟူ၍ သူ မျက်ရည်ကျဖြစ်ခဲ့သည်။ သူ့ဟာသူ မျက်ရည်ကျရုံမက၊ သူနှင့် ဆက်နွှယ်လာသော နှုတ်ခမ်းနီမလေးများကိုလည်း မြကို သူ ဘယ်လောက်ချစ်ကြောင်း၊ လွမ်းရကြောင်း စာဖွဲ့ပြတတ်သေးသည်။ သည်လိုနှင့် သူက မြ ဟုယူဆသော မြပေါင်းစွာနှင့် နှစ်ပါးသွားဇာတ်ကခဲ့သည်။ ထို့နောက် ထိုသူတို့ကို မြ မဟုတ်ဟုဆိုကာ အိပ်မက်ထဲတွင် ထားရစ်ခဲ့သော မြကို ဆက်လက်အရှာထွက်ခဲ့သည်။ ဆယ်စုနှစ် တစ်ခုကျော်တိုင်သည်အထိ မြ ဘယ်ရောက်နေသည်၊ မြ ဘ၀ ဘယ်လိုနေသည် သူမသိသော်လည်း မြကို တမ်းတပြီး လွမ်းရတာကို သူ နှစ်ခြိုက်လာသည်။ မြအကြောင်း ပြောပြီး အချစ်ရှုံးသမားဘ၀ ခံယူရသည်ကို သူ သဘောတွေ့လာသည်။

 

သို့သော် ဆယ်နှစ်ကြာပြီးမှ မထင်မှတ်သော ဆောင်းတွင်းနံနက်ခင်းတစ်ခုတွင် မြ သူ့ဘ၀ထဲသို့ ပြန်ဝင်လာသည်။ သူ့ကြီးတော်ကြီးက ဖုန်းလာနေတယ် ဟု ဆို၍ အိမ်အောက်ထပ်သို့ ဆင်းကာ သူ ဖုန်းကိုင်မိသည်။

 

ထိုနေ့သည် ကဗျာဖွဲ့ကောင်းလောက်အောင် လှပမနေပါ။ နေလည်း မသာ၊ ပန်းလည်း မမွှေး၊ လေလည်း မအေးပါဘဲနှင့် သူ့အတွက်တော့ အမှတ်တရဖြစ်ခဲ့သည်။

 

“မောင်မောင်လားဟင်။ မြ… အဲလေ ကျွန်မ မြမြဝေပါ”

 

“မြ” ဟု နောက်ဆက်တွဲစကားကို ကြားလိုက်ရမှ အသံကို သူ ကျက်မိတော့သည်။ တကယ်ဆို မောင်မောင် ဟုခေါ်ကတည်းက သူ သိသင့်ခဲ့ပါသည်။ မြတစ်ယောက်ကလွဲ၍ သူ့ကို မည်သူကမှ ထိုနာမ်စား မသုံးစဖူး။ မနှင်ဘဲ ထွက်၊ မခေါ်ဘဲ ရောက်လာသူကို သူ ဘယ်လို ဆီးကြိုရမည်မှန်း မသိပါ။ ဆယ်နှစ်ကျော် တ ပြီး ငိုခဲ့ရသည့် မိန်းမတစ်ယောက်က သူ့ထံကို ဖုန်းခေါ် နှုတ်ခွန်းဆက်သည်ကို သူ နည်းနည်းတော့ ရင်ခုန်သင့်သည်ထင်ပါသည်။ သို့ပေမယ့် အသက်ရှူသံတို့နွေးထွေးနေရမည်ထက် ဘာရယ်မသိသော ခံစားချက်ဖြင့် သူ စိတ်ရှုပ်ထွေးနေမိသည်။ မြ ကို သူက အိပ်မက်ထဲမှာသာ နေစေချင်သည်လေ။

 

တစ်ခုခုတော့ သူ ပြောမှဖြစ်မည်။

 

“ဟုတ်ကဲ့။ ကျွန်တော် မှတ်မိပါတယ်။ နေကောင်းတယ်မဟုတ်လားဟင်”

 

“နေကောင်းလားဆိုတော့ …. အင်း ထားပါလေ။ ကျွန်မ ရုတ်တရက်ကြီး ဖုန်းဆက်လိုက်လို့များ အံ့သြသွားမလားမသိဘူး။ မနက် ၁၀ နာရီမှာ ကျွန်မ အော်ပရေးရှင်း နောက်တစ်ကြိမ် ထပ်ဝင်ဖို့ရှိတယ်။ ဒါပေမယ့် အခြေအနေအရ ကျွန်မကို ဆံပင်တွေဖြတ်ပစ်ဖို့ ပြောနေကြလို့။ အဲ့ဒါလေ…”

 

မြ ပြောနေသည့်စကားတွေကို သူ နည်းနည်းမှ ဆက်စပ်လို့မရပါ။ အလောသုံးဆယ်နိုင်လွန်းသည်ဟု ထင်သည်။ လေသံအရ မြမှာ မောဟိုက်နေသွင်ရှိပြီး စကားလုံးများကလည်း ဗလုံးဗထွေး။ ခွဲစိတ်ခန်းဝင်ရမယ်၊ ဆံပင်ဖြတ်ရမယ်၊ ဒါနဲ့ သူ့ဆီ ဖုန်းဆက်တာ ဘာဆိုင်လို့လဲ… သူ တရစပ်တွေးရင်း အဖြေရှာသော်လည်း ဝေခွဲမရသေး။ မြကတော့ သူပြောချင်တာ ပြောပြီးသည့်နောက် ရှိုက်ငိုနေသည်။ သည်ရှိုက်သံစွက်သော ဆို့နင့်နေသောအသံကိုတော့ ဖုန်းလိုင်းမှတဆင့် သူ အတိုင်းသားကြားနေရသည်။

 

“ဒီတော့ ကျွန်တော် ဘယ်လို ကူညီပေးရမှာလဲ” မ၀ံ့မရဲနှင့် သူ မေးလိုက်မိသည်။

 

“ကျွန်မလေ ဒီဆံပင်တွေကို ဆယ်နှစ်ကျော်လုံးလုံး ဒူးအထက် တစ်ခါမှ မညှပ်ခဲ့ဖူးဘူး။ ဒီအတိုင်း ထိန်းသိမ်းထားခဲ့တယ်။ ခုလေ.. ခု.. ခုတော့ ဖြတ်ပစ်ရတော့မယ်တဲ့။ မောင်မောင် ချစ်တယ်ဆိုတဲ့ ဆံပင်တွေကို ဖြတ်ပစ်ရတော့မယ်တဲ့။ အဲဒါ စိတ်မကောင်းလို့… ကျွန်မလေ.. ကျွန်မ” ပြောရင်းနှင့် မြသည် စကားမဆက်နိုင်ဘဲ သည်းသည်းထန်ထန် ငိုတော့သည်။ မြ၏ စကားမဆုံးသော်လည်း သူ ဇာတ်ရည်လည်ချေပြီ။

 

သည်တစ်ခါမှ သူသည် ကမ္ဘာပျက်ရုံမက ကမ္ဘာပျက်စဉ်က ကျန်ခဲ့သော ဒြပ်ထုပင်လျှင် ခုတော့ မှုန့်မှုန့်ကြေလေပြီ။ ဟိုတစ်ချိန်က မြနှင့်သူ တွေ့စဉ်တိုင်း မြ ပေးသည့် အကြီးမားဆုံးအခွင့်အရေးမှာ သူ့ဆံနွယ်လေးတွေကို နမ်းရှိုက်ခွင့်သာဖြစ်သည်။ ထိုသို့ နမ်းရှိုက်ခွင့်ရတိုင်းလည်း “မြက သိပ်ကုသိုလ်ကံကောင်းတာပဲ။ မြနဲ့သာ လက်ထပ်ခွင့်ရရင် နေ့တိုင်း ခေါင်းဖီးပေးချင်တယ်” ဟု ပြောခဲ့သည်ကိုလည်း အမှတ်ရသည်။ ဆံပင်ညှပ်မည်ဆိုတိုင်းလည်း သူ့ကို တိုင်ပင်မှ ကျေနပ်ခဲ့သည်။

 

တကျော့ပြန်၍ မြသည် အိပ်မက်မှ သူ့ကို နှိုးလိုက်ပြန်ပါပြီ။ ဖုန်းချပြီးနောက် သူသည် မျက်ရည်တွေတွေကျခဲ့သည်။ သို့ပေမယ့် သည်မျက်ရည်သည် မြအတွက် သူ ကျခဲ့သော နောက်ဆုံးသော မျက်ရည်ဖြစ်၏။

 

မြ ဆေးရုံတက်နေစဉ်အတွင်း ဆေးရုံသို့ သူ တစ်ခါသာ ရောက်ပါသည်။ မြ၏ ခင်ပွန်းသည်ကိုရော၊ မြ၏ သမီးလေးကိုပါ သူ အားပေးနှစ်သိမ့်ခဲ့သည်။ ရင်သားကင်ဆာကြောင့် ရင်သားတစ်ခြမ်း ဖြတ်ထုတ်ခဲ့ရပြီး ဓာတ်ကင်ပြီး ကုသော်လည်း နှစ်လအကြာတွင် မြ ဆုံးပါးလေသည်။

 

ဘာလိုလိုနှင့် မြ ကွယ်လွန်သည်မှာ ငါးနှစ်ရှိခဲ့ပြီ။ မြ ကြွေလွင့်ပြီးသည့်နောက်တွင်တော့ မြကို တ ပြီး သူ မငိုဖြစ်တော့ပါ။ မြနှင့် သူ့ဇာတ်လမ်းကိုလည်း အရသာခံပြီး သူ မပြောဖြစ်တော့ပါ။ မြအပေါ် သူ ဘယ်လိုမြတ်နိုးရကြောင်း စကားစရမည်ကိုပင် သူ့ကိုယ်သူ လိပ်ပြာမလုံဖြစ်နေသည်။ ဘယ်လိုပဲဖြစ်ဖြစ် အကြောင်းတိုက်ဆိုင်တိုင်းတော့ အမှန်တကယ် လွမ်းရပါသည်။ သို့သော် သူသည် မြကို အိပ်မက်ထဲတွင်သာ ထားခဲ့သည်မဟုတ်၊ ထိုအိပ်မက်ကိုပါ မေ့ပြစ်လိုက်သည်ကို မည်သူတစ်ဦးတစ်ယောက်ကိုမှ မဖွင့်ဟဖြစ်တော့ပေ။

 

မြရေ… နေခဲ့တော့။

 

မျက်ရှု

ဇန်န၀ါရီ ၁၃၊ ၂၀၁၄ ခုနှစ်

(၂၀၁၄ ခုနှစ်၊ မတ်လ ထုတ် စုံနံ့သာမဂ္ဂဇင်းတွင် ဖော်ပြပြီး)