20110810141609_00001

 

ကိုဝင်းဦး ဆုံးတော့ သူ့အသက်က (၅၄) နှစ်ပဲ ရှိသေးတာတဲ့။ နေမယ်ဆိုရင် အများကြီး နေနိုင်သေးတဲ့ အရွယ်၊ နေရသေးရင်လည်း နေရသလောက် အနုပညာအလုပ်တွေ တစ်ခုပြီး တစ်ခု လုပ်နေဦးမယ့်လူ။ ဒါကြောင့် လူရွယ်လူလတ် အရွယ်မှာ သေဆုံးရှာတဲ့ ကိုဝင်းဦးကို ထူးထူးလည်လည် နှမြောမိတယ်။

ကိုဝင်းဦးက အနုပညာမှာ အဘက်ဘက်က စုံတဲ့လူ၊ အစုံလည်း လုပ်ချင်သူ၊ လုပ်သလောက် လုပ်သမျှလည်း စွံတဲ့လူ၊ အနုပညာမှာ လောဘလည်း ကြီးသူပါ။

ကိုဝင်းဦးက သူ့အနုပညာဗီဇကို စာပေမှာ စပြီး ဖော်လှစ်တယ်။ ၀တ္ထုတို၊ ၀တ္ထုရှည်၊ ဆောင်းပါး ရေးပါတယ်။ ရေးတာတွေမှာ စာဖတ်ပရိသတ် စွဲစွဲမြဲမြဲ ရှိတဲ့အထိ အောင်မြင်သူပါ။ ဒါပေမဲ့ ကိုဝင်းဦးက စာပေနယ်မှာ ရေးနေရုံနဲ့တောင် အားမရသေးလို့ စန္ဒာမဂ္ဂဇင်းဆိုပြီး မဂ္ဂဇင်းတစ်စောင် ဦးစီးထုတ်ဝေ ရေးသားပါသေးတယ်။ သူ့မဂ္ဂဇင်းဟာ မြန်မာနိုင်ငံမှာ ပေမီဒေါက်မီ မဂ္ဂဇင်း တစ်စောင်၊ စထွက်ကတည်းက လှလှပပ ထွက်နိုင်ခဲ့တာပဲ။

ကိုဝင်းဦးက စာရေးရာက တပ်မတော်ထဲ ၀င်လိုက်သေးတယ်။ ဗိုလ်ကြီးအဆင့်အထိ စစ်မှုထမ်းတယ်၊ ပြီးမှ တပ်က ထွက်ပြီး ရုပ်ရှင်နယ်ထဲ ၀င်တယ်။ ရုပ်ရှင်မှာ အကယ်ဒမီဆု နှစ်ဆု ဆွတ်ခူးရုံမက သူ့ဈာပနမှာ သူ့ဆွေမျိုးသားချင်းနဲ့ ရင်းနှီးတဲ့ မိတ်သင်္ဂဟတွေ သူ့အလောင်းအနား မကပ်နိုင်ရတဲ့ အဖြစ်အထိ သူ့ပရိသတ်က ကြီးမားခဲ့တယ်။ ၀င်းဦးမှ ၀င်းဦး ဖြစ်တဲ့ ပရိသတ်ရှိတဲ့အထိ အောင်မြင်တဲ့ မင်းသား ၀င်းဦး၊ သရုပ်ဆောင်ရရုံနဲ့ အားမရလို့ ကိုယ်တိုင် ဒါရိုက်တာ လုပ်တယ်။ လုပ်တော့လည်း သူ့ကားတွေက စွံပါတယ်။

အနုပညာနယ်မှာ ပရိသတ် လက်ခံအောင်၊ စွံအောင် လုပ်ရတယ် ဆိုတာ လုပ်တိုင်း မဖြစ်နိုင်ဘူး။ ကိုဝင်းဦး ဒါရိုက်တာလုပ်တဲ့ `ငွေလှိုင်းဇာပေါ်ဝယ်´ ဇာတ်ကားဆိုရင် ပိုက်ဆံတွေ အများကြီး ရရမယ့် ကား။ ငွေစက္ကူကိစ္စနဲ့ သွားတိုးနေတော့ သူ့ခမျာ အရင်းမှ ရရှာလေရဲ့လား မသိဘူး။ ခု သူ နောက်ထပ်ရိုက်နေတဲ့ `ခိုင်မာလာနှင်းဆီ´ ကတော့ ပြီးမသွားရရှာဘူး။ မင်းသားလည်း မင်းသားမို့ အောင်မြင်တယ်၊ ဒါရိုက်တာ လုပ်ရင်လည်း ဒါရိုက်တာမို့ အောင်မြင်တဲ့လူ။

တစ်နေ့က ရုပ်မြင်သံကြားမှာ ကိုဝင်းဦး ဆိုနေကျ ဆရာမြို့မငြိမ်းရဲ့ သီချင်းကလေး တစ်ပုဒ် သူများ ဆိုသွားသံကြားတော့ ကိုဝင်းဦးကို သတိရလိုက်တာ။ သူက စာရေးဆရာ၊ ရုပ်ရှင်မင်းသား စတာတွေ သာမက အဆိုတော်လည်း ဖြစ်ချင်သေးတဲ့လူ။ မှတ်မိနေသေးတယ်။ ကျွန်မက ဆရာငြိမ်းရဲ့ သီချင်းကလေးတွေကို လွမ်းလွမ်းဆွတ်ဆွတ် ပြန်ဖော်တော့ ကိုဝင်းဦးက အဲဒါလေးတွေကို ကောက်ကောက်ဆိုတယ်။ ရေချိုးဆိပ် သီချင်းကလေး ကိုဝင်းဦး ပြန်ဆိုတာကို ပထမဆုံး ကြားရတာ ခုထိ မှတ်မိနေပါသေးတယ်။

မန္တလေးသင်္ကြန်ဆိုရင်လည်း သူပဲ မပျက်မကွက် ၀င်နွှဲဖို့ ကြိုးစားတတ်တာ။ မန္တလေးသား ရုပ်ရှင်မင်းသားတွေဖြစ်တဲ့ ကိုညွန့်ဝင်းတို့၊ ကိုဇော်ဝမ်းတို့က သူ့လောက် မရောက်ဖြစ်ကြဘူး။ ကိုဝင်းဦးကတော့ သင်္ကြန်တွင်းမှာ မန္တလေးသင်္ကြန်ကို သူဝင်မနွှဲရရင် ဒီမြန်မာနှစ်သစ်အတွက် မပြည့်စုံသလိုပဲ။ လာဖန်များလို့ ကြာလာတော့ မန္တလေးသင်္ကြန်ကလည်း နဂါးဒေါ်ဦးမဏ္ဍပ်နဲ့ မြို့မရေခံအဖွဲ့တို့ပါမှ သင်္ကြန်ပီပီမြည်မြည်ဖြစ်တာ မဟုတ်ဘူး။ ကိုဝင်းဦးလာရင် ပိုစိုပြည်တဲ့ သင်္ကြန် ဖြစ်နေတော့တယ်။ သူရောက်လာမှ အင်္ဂါစုံသလိုပဲ။ ခုတော့ သူမရှိတော့ပြီမို့ မန္တလေးသင်္ကြန် ဖြစ်ခဲ့ရင် သူ့ကို သင်္ကြန်ပရိသတ်က ထူးထူးလည်လည် သတိရနေ၊ လွမ်းနေကြဦးမှာပေါ့လေ။

ကျွန်မက `ရွှေရိုး ဘကလေး´ ဆိုပြီး မြန်မာအနုပညာရှင်ကြီး ဦးဘကလေး အကြောင်းကို စာအုပ်နှစ်တွဲ ရေးဖူးပါတယ်။ ဦးဘကလေးအကြောင်းကို ပထမဆုံး မြန်မာကာတွန်းဆရာကြီး အဖြစ်နဲ့ တစ်အုပ်၊ မြန်မာရုပ်ရှင်မှာ ရုပ်ပြောင်းရုပ်လွှဲတွေနဲ့ အောင်မြင်ကျော်ကြားလှတဲ့ ရုပ်ရှင်အနုပညာသည်ကြီး အဖြစ်နဲ့ တစ်အုပ် ရှာဖွေရေးသားခဲ့တယ်။ ကိုဝင်းဦးကလည်း ဦးဘကလေးလို အနုပညာနယ်မှာ အဘက်ဘက်က လူချွန်လူစုံ ဖြစ်လေတော့ သူက ဒီစာအုပ်ကို သိပ်သဘောကျတယ် ထင်ပါရဲ့။ ဝေလွင်လွင် ဇာတ်ကားရိုက်တဲ့ အခန်း ကျွန်မ ရေးထားတာကို သူ ဖတ်ပြောတဲ့ အကွက်တစ်ကွက် ဂီတ အခံကလေးတွေနဲ့ အသံသွင်းပြီး ကျွန်မဆီ ပို့လိုက်ပါတယ်။ ဒါမျိုး ကျွန်မတို့ နိုင်ငံမှာ မလုပ်လေ့ပါဘူး။ အနောက်နိုင်ငံတွေမှာတော့ ထင်ရှားတဲ့ အရေးအသားတစ်ခုကို ထင်ရှားတဲ့ အနုပညာသည်တစ်ဦးက အသံနဲ့ ပြန်ပြီး ဖတ်ပြတာမျိုး လုပ်လေ့ရှိပါတယ်။ ကိုဝင်းဦးက ဒါမျိုးကလေးလုပ်ပြီး ကျွန်မဆီကို ပို့လိုက်တယ်လေ၊ လုပ်သင့်တာဆိုရင် ဘာမဆို လုပ်ချင်တဲ့ လူပေကိုး။

ရန်ကုန်မှာ ကိုဝင်းဦး နေမကောင်းဘူး၊ ဆေးရုံတက်ရတယ်လို့လည်း ကြားရဲ့၊ ဆုံးပြီလို့လည်း ကြားရဲ့။ သူ မန္တလေးလာရင် ကျွန်မဆီ ၀င်နေကျဖြစ်လေတော့ သူ့ကို သံယောဇဉ်ရှိသူတွေက ကျွန်မဆီကို ဖုန်းဆက်မေးကြပါတယ်။ ကျွန်မက ဆုံးတယ်ကြားတာ မဖြစ်နိုင်ပါဘူး၊ ဟုတ်ရင် ကျွန်မတို့ တရားဝင် သိမှာပေါ့၊ နို့ပေမဲ့ စုံစမ်းပါဦးမယ်ဆိုပြီး ကိုဝင်းဦး မန္တလေးလာရင် အမြဲတည်းခိုတဲ့၊ သူနဲ့ ညီအစ်ကိုလို ချစ်တဲ့ ပဒေသာ ဘီစကစ်တိုက်က ဦးပါကို သတင်းမှန် မေးရတယ်။

ဦးပါက ကိုဝင်းဦး မဆုံးပါဘူး၊ နေမကောင်းတာ မှန်တယ်၊ ဆေးရုံ တက်ရတာလည်း မှန်တယ်၊ အခု ဆေးရုံက ဆင်းပြီးပြီ၊ ဘိလပ်သွားပြီး ဆက်လက် ကုသဦးဆိုလို့ ကိုဝင်းဦး ဘယ်နေ့ ဘယ်ရက်မှာ ဘိလပ်သွားလိမ့်မယ် ဆိုတာ ကျွန်မကို သတင်းပေးပါတယ်။

ဒါနဲ့ ကျွန်မလည်း ကိုဝင်းဦးဆီ ဖုန်းဆက်ပြီး သတင်းမေးတော့ သူနေကောင်းနေကြောင်း၊ မေးတာ ၀မ်းသာ ကျေးဇူးတင်တဲ့ အကြောင်း၊ ဘိလပ်သွားမယ်ဆိုတာ အမှန်ဖြစ်ပြီး သူ့ညီတစ်ယောက် အဖော်လိုက်မှာပါလို့ ပြောပါတယ်။ ဒါကြောင့် လန်ဒန်နားမှာ ကျွန်မမောင် ဆရာဝန်နဲ့ သူ့ဇနီး ဆရာဝန်မတို့ မိသားစု ရှိနေတာကြောင့် ဟိုရောက်ရင် သူတို့ကို ဆက်သွယ်ပါ။ အကူအညီ လိုတာရှိရင်လည်း တောင်းပါ၊ မောင်အရင်းပဲ၊ အားမနာနဲ့လို့ မှာလိုက်ပြီး မောင် ဆရာဝန် မိသားစုရဲ့ လိပ်စာနဲ့ ဖုန်းနံပါတ်ကို ပေးလိုက်ပါတယ်။

သူဆေးကုပြီး ဘိလပ်က ကျန်းကျန်းမာမာနဲ့ ပြန်လာတယ်လို့ သတင်းကြားတယ်။ သိပ်မကြာလှခင်မှာပဲ မန္တလေး မင်္ဂလာဆောင်တစ်ခုက ဖိတ်လို့တဲ့၊ ကိုဝင်းဦး မန္တလေးရောက်လာတော့ လာတိုင်း အိမ်ကို လာနေကျ အတိုင်း ကျွန်မအိမ်ကို သူ လာပါတယ်။

သူလာတယ်ဆိုရင် ကျွန်မအိမ်နဲ့ မျက်နှာချင်းဆိုင်မှာရှိတဲ့ နဂါးဆေးလိပ်ခုံပေါ်က အမျိုးသမီးတွေက အမြဲတမ်း သိကြတယ်။ ဘယ်လိုလုပ်ပြီး သတင်းရလိုက်သလဲ မသိဘူး။ သူမပြန်မချင်း အဲဒီဘက်က စီစီ စီစီနဲ့ အသံတွေ ထွက်လာပြီး ၀ရန်တာမှာ မိန်းကလေးတွေ အစုလိုက် အပြုံလိုက်ထွက်ပြီး သူ့အပြန်ကို စောင့်ကြည့်နေကျ။ အဲဒီနေ့ကလည်း အခါတိုင်းလိုပဲ သူတို့ ကြည့်ပါတယ်။ ဒါ သူတို့ ကိုဝင်းဦးကို နောက်ဆုံး မြင်လိုက်ရတာပဲ ဆိုတာတော့ မသိကြပေဘူး။

ကိုဝင်းဦးက ၀တ်နေကျ ၀တ်စုံအဖြူကလေးနဲ့၊ လူက ကိုယ်ရေစစ်သွားတော့ အသက် (၁၀) နှစ်လောက်မက ပြန်ငယ်သွားသလိုပဲ။ လူကလည်း `နေကောင်း ကျန်းမာပြီး ဒေါ်ဒေါ်ရဲ့´ ဆိုပြီး ပြုံးလို့ ရယ်လို့။ ကျွန်မက သူ့ကို ခြေဆုံး ခေါင်းဖျား နှစ်ခါလောက် ပြန်ကြည့်လိုက်မိတယ်။ ဒီအတိုင်းသာဆိုရင် ရုပ်ရှင်မှာ မင်းသားရိုက်လို့ ရသေးတယ်၊ လှသေးတာပဲလို့လည်း သတိထားလိုက်မိတယ်။ သူက ဘိလပ်မှာတုန်းက ကျွန်မမောင်များဆီကို ဖုန်းဆက်လိုက်တော့ မောင်များက သူ့ကို လာတွေ့ကြတဲ့ အကြောင်း၊ ကျေးဇူးတင်တဲ့ အကြောင်းတွေ ပြောသွားပါတယ်။ လူက အရင်လိုပဲ သွက်သွက်လက်လက် ဖျတ်ဖျတ်လတ်လတ်ပါ။ အဲဒါ ဇူလိုင်လကုန် ရက်ကပါ။

သူနှုတ်ဆက်ပြီး ပြန်သွားပြီးတဲ့နောက် သြဂုတ်လဆန်းတော့ မောင်များ မိသားစု ဘိလပ်က မြန်မာပြည်ကို အလည်ရောက်လာကြတယ်။ ကိုဝင်းဥိးက ဖုန်းဆက်လို့ သူတို့လင်မယား ကိုဝင်းဦး ဆေးရုံတက်နေရာကို လူနာမေးရောက်တယ်။ ကိုဝင်းဦး ရောဂါဟာ ကျွန်မအဒေါ် မမဂျမ်း ဖြစ်သလို အူမကြီးမှာ ဖြစ်တဲ့ ကင်ဆာရောဂါ၊ ဟိုဆေးရုံက တော်တော် စင်ကြယ်အောင် ကုပေးလိုက်တယ် ပြောတယ်။ သူတက်ခဲ့တဲ့ ဆေးရုံက ဆေးဝါးကုသခတွေ အများကြီးပေးရတဲ့ ဆေးရုံအထက်တန်းစား ဖြစ်တယ်လို့ ကျွန်မမောင်က ပြောပြပါတယ်။ `အူမကြီးမှာ ဖြစ်တဲ့ ကင်ဆာ´ ဆိုတော့ ကျွန်မက တော်တော် စိတ်ပျက်သွားပါပြီ။ ကျွန်မအဒေါ် မမဂျမ်းက အူမကြီး ကင်ဆာ၊ ကျွန်မအမေက သွားအိမ် ကင်ဆာ၊ သားအိမ်ကို ထုတ်ဖယ်ပစ်လိုက်တော့ အူတွေမှာ လျှောက်ပြီး ပျံ့နှံ့ကုန်လို့ နောက်တော့ အစာဟောင်းကို စွန့်နေကျ လမ်းကြောင်းက မစွန့်နိုင်တော့တာနဲ့ အူမကြီးက ဖောက်ပြီး ခါးစောင်းက အိတ်ထဲ အစွန့်ခိုင်းပြီး ကုခဲ့ရတာ။ ကျွန်မနဲ့ အတူနေ အစ်မ (မန္တလေးမြို့ကို ကရင်ဝင်ချိန်က စပြီး ၁၉၆၆ ခုနှစ်အထိ ကျွန်မကို စောင့်ရှောက်တဲ့ အစ်မ) ဒေါ်စိန်စိန်၊ သူလည်း အဆုတ် ကင်ဆာ ဖြစ်တာ။ ကင်ဆာနဲ့ ကိုယ့်လက်ပေါ်မှာ ပျက်စီးတဲ့ လူနာကို ကြုံဖူးတာများတော့ အဲဒီ ဝေဒနာရှင်တွေ ဆုံးပါးပြီးခါစကဆိုရင် `ကင်ဆာ´ ဆိုတဲ့ အသံကို ကြားကို မကြားချင်ဘူး၊ ဝေဒနာရှင်ကို လူ့ဝတ္တရားရှိလို့ သွားပြီး မေးရကြည့်ရမှာကိုလည်း မသွားချင်ဘူး။ မလွဲသာလွန်းလို့ သွားရရင်တောင် ရင်ထဲမှာ အများကြီး မချမ်းမသာ ဖြစ်ရတာပါ။

ခံစားရတဲ့ ကင်ဆာ လူမမာ မခံစားရအောင် ဆေးတွေ ပေးတော့ ဆေးစွဲပြီး ဆေးတောင်းတောင်းနေတဲ့ ကင်ဆာလူနာ၊ သတိအလွန်ကောင်းပြီး နောက်ဆုံးအချိန်အထိ သိနေတဲ့ ကင်ဆာလူနာ၊ အော်ဟစ်ညည်းညူပြီး ခံစားရတဲ့ ကင်ဆာလူနာ ဆိုတာတွေကို ကြုံဖူးတွေ့ဖူး မြင်ဖူးလွန်းလို့ ကိုဝင်းဦး ကင်ဆာဆိုတာကို ရင်ထဲက နည်းနည်းမှ မချမ်းမြေ့ဘူး။ ကိုဝင်းဦးကတော့ ပြုံးပြုံးရွှင်ရွှင်နဲ့ `ခိုင်မာလာနှင်းဆီ´ ဆိုတဲ့ သူ့ကားကို ဆက်ရိုက်မယ်ဆိုပြီး ကျွန်မကို နှုတ်ဆက်ပြီး ပြန်သွားလေရဲ့။

အဲဒီနောက် သူများသတင်းတွေ ကြားရပြီး ကိုဝင်းဦးသတင်းကိုတော့ နေမကောင်းဘူး ဆိုတာကိုသာ ကြားရတဲ့အချိန်မှာ သူ ဘိလပ်က ပြန်လာခဲ့တာ သိပ်ကြာလှသေးတာ မဟုတ်ဘူး။ နောက် နေမကောင်းတာက တော်ရုံ မဟုတ်ဘူးဆိုလို့ ဒီဇင်ဘာလဆန်းမှာ ဦးပါကို သတင်းမေးတော့ ဦးပါက ကိုဝင်းဦး မြရတနာဆေးကုခန်းမှာ ဆေးကုခံနေရတယ်။ တော်ရုံ မဟုတ်ဘူး၊ သည်းသည်းသန်သန် ဖြစ်နေတယ်ဆိုတော့ အသေးစိတ် မကြားရက်တော့ပါဘူး။ ကင်ဆာ ဝေဒနာသည်တွေ အများကြီး ကျွန်မ တွေ့ဖူးတာပဲ၊ ကျွန်မလက်ပေါ် ချုပ်ငြိမ်းသွားသူတွေလည်း ရှိတာပဲဟာ၊ ကိုဝင်းဦး ခံစားနေရမယ့် ပုံတွေကို မကြားချင်တော့ပါဘူး။ ဒါကြောင့် ကိုပါကိုလည်း အသေးစိတ် မမေးတော့ဘူး၊ ရန်ကုန်ကိုလည်း ဖုန်းမဆက်တော့ဘူး။

ကောလိပ်ဂျင်နေ၀င်းရော၊ ကိုဝင်းဦးရော အသက်ရှည်ကြ၊ နေကြရဦးမယ်ဆိုရင် အငယ်ရှိကြသေးတာပဲ၊ နှစ်တွေ အများကြီး နေနိုင်ကြသေး၊ အလုပ်တွေ လုပ်နိုင်ကြသေးတာပေါ့။ ဒါပေမဲ့ သူတို့က ဒီအရွယ် ဒီအသက်လောက်နဲ့ပဲ ဒီတစ်ဘ၀ ဇာတ်သိမ်းကြတယ်။

ဘိလပ်က ဆရာဝန်တွေက နောက် (၆) လကြာရင် ပြန်လာပြဦးလို့ မှာတယ်၊ ဒါပေမဲ့ ခုအခြေဟာ သိပ်လွန်နေပြီ၊ သွားမပြနဲ့တော့၊ အလွန်ဆုံးနေရရင် နောက်ရက်သတ္တ သုံးပတ်လောက်ပဲ ထင်တယ်လို့ ခန့်မှန်းသူက ခန့်မှန်းပါသတဲ့။ ကိုဝင်းဦး သတင်းကို မကြားရက်တော့လို့ မမေးပေမဲ့ သူဘယ်လို နေရှာလိမ့်မယ် ဆိုတာကို မကြာမကြာ သတိရပြီး သနားနေပါတယ်။

ဒီဇင်ဘာ (၁၄) ရက်နေ့ကတော့ သူ့သတင်းကို ကြားတဲ့ လူတွေက ကြားကုန်ကြပါပြီ။ ကျွန်မဆီကိုလည်း မေးတဲ့ လူတွေက လှမ်းပြီး မေးနေကြပါပြီ။ ကျွန်မက နားမစွန့်ရက်လို့ တိတိကျကျ မကြားပါဘူး။ ကျွန်မ သတင်းမေးနေကျ ဦးပါ တစ်ယောက်လည်း ဒီရက် မန္တလေးမှာ ရှိတော့မှာ မဟုတ်။ သတင်းစာကလည်း မန္တလေးကို နေ့တိုင်း မရောက်ဘဲကိုး။

အသက်က (၅၄) နှစ် ဆိုတော့ အများကြီး နေပျော်သေးတာပေါ့။ နေရသေးရင်လည်း အလုပ်တွေ အများကြီး လုပ်နေဦးမှာပေါ့။ သူဆုံးသွားတော့ ဒါရိုက်တာ ဆရာဦးသုခက `မသေသင့်ဘဲ သေသွားရတာဗျာ၊ အရွယ်ရော၊ ပညာရော၊ အစွမ်းအစရော ရှိတဲ့လူမို့ နှမြောပါတယ်´ လို့ ပြောရှာတယ်။ ဆရာက အနေအထိုင် မယဉ်ကျေးခဲ့တာကို အပြစ်ချတယ်လေ။

ဟုတ်ကဲ့၊ လူဆိုတာ သေရင် ရမယ်ကလေး တစ်ခုတော့ ရှိရတာပေါ့။

 

လူထုဒေါ်အမာ

အမှတ် ၂၃၄၊ စန္ဒာမဂ္ဂဇင်း၊ ဧပြီ၊ ၁၉၈၉