Block-FM-II-Yu-Pam

“လူဆိုရင် မိဘမေတ္တာ ….. ဘုရားမဟောတောင် သိတတ်ရမယ်… လူဆိုရင် သမိုင်းရဲ့ သစ္စာ ….. ဘုရားမဟောလဲ ထိန်းသိမ်းရမယ် ဟေ့”

“လူဂျဂါးပေါဒါဘာ”

စပီကာကထွက်နေတဲ့ အဆိုတော်လင်းလင်းရဲ့ အသံကိုဖြတ်ပြီး ပီပီသသကြည်ကြည်မြမြနဲ့ အနီးအနားကပ်ကြားလိုက်ရတဲ့ အသံရှင်ကို မကြည့်ဘဲနဲ့ သိလိုက်ပြီ။ ပြောင်လေး …..။ သုံးနှစ်မပြည့်တပြည့် သူ့အသက်နဲ့ မလိုက်အောင် အသံလုံးကြီးကြီးနဲ့ ထူးခြားတဲ့အသံပိုင်ရှင်ကလေးမို့ ဟောဒီတစ်လမ်းလုံးမှာ သူ့ကို မသိသူရယ်မရှိ။ အသားဖြူဖြူ၊ နှုတ်ခမ်းနီထွေးထွေးလေးနဲ့ အဖေတူ နှဖူးပြောင်လေးမို့ သူ့ကို အားလုံးက ချစ်စနိုးနဲ့ ပြောင်လေးလို့ ခေါ်ကြတယ်။ အံမယ် …. ကိုယ်တော်ချောလေးက အိမ်တံခါးဝမှာ ဒူးကလေးကို ညွတ်ကာ၊ ကိုယ်ကလေးဆန့်ကာနဲ့ တေးသံအလိုက်ကနေလိုက်တာများ တကယ့်ကို ရော့ခ်ကာကြီးလို။

စကားကို ၀ါကျတစ်ကြောင်းပြည့်အောင် မပြောတတ်တဲ့ဒီကလေးက ဒီသီချင်းဆို ဘယ်နေရာအကျမှာ သူဘာအော်ရမယ်ဆိုတာတော့ ကောင်းကောင်းသိတယ်။ ပြောင်လေးတို့ မိသားစုက သူတို့အိမ်ရဲ့ ခေါင်းရင်းခြံကပေါ့။ ပြောင်လေးအဖေက သီချင်းနားထောင်တဲ့အခါ ဘေးခုနစ်အိမ်ကြားလောက်အောင် sound box အကြီးကြီးတွေနဲ့ အကျယ်ကြီးဖွင့်တတ်တယ်။ ဒီတော့လည်း ဒီကလေးက သီချင်းတွေနဲ့ ဒီလောက်ကြီး ရင်းနှီးနေတာမဆန်း။ တခါတလေ သူ့အိမ်ကလူတွေက သားရေ ဆိုပြပါဦးကွာလို့ပြောလိုက်ရင် သူ့အသံသြသြကြီးနဲ့ “ရာဂျွင် …. ထုပ်ပတ်တိလည်း သိဘာဒယ် ..….. ´´ ဆိုပြီး ဗိုလ်ချုပ်အောင်ဆန်းသီချင်းဆိုပြလို့ မိသားစုဝင်တွေက သဘောတွေကျလို့။

သူတို့ရပ်ကွက်မှာကတော့ ကလေးတွေတော်တော်များများ ထွက်သမျှ ပေါ်သမျှသီချင်းတွေကို ကောင်းကောင်းရကြတယ်။ ဒါကလည်းမဆန်း ….။ လမ်းတိုင်းနီးပါးမှာရှိတဲ့ အလှူခံမဏ္ဍပ်တွေက သီချင်းတွေတအားဖွင့်သကိုး။ လတိုင်းနီးပါး ရိုးရာပွဲတော်တွေရှိသလို ပွဲတော်မရှိလည်း ဆွမ်းလောင်းအသင်းတွေရဲ့ မဏ္ဍပ်တွေက နေ့နေ့ညည သီချင်းတွေကို အော်လံနဲ့ဖွင့်သမို့ ကလေးလူကြီး မကြားချင်လည်း ကြားနေရတာပဲ။

သူတို့လမ်းရဲ့အလယ်နားလောက်မှာ လမ်းဘေးတစ်ဘက် ကပ်ဆောက်ထားတဲ့ လမ်းရဲ့ဆွမ်းလောင်းရုံကဆို မနက်ပိုင်းတစ်ပိုင်းလောက်သာ ဘုန်းကြီးတရားခွေဖွင့်၊ နေ့လည်နေ့ခင်းကနေ ညအထိ စက်ကိုသွားဖွင့်သူတွေ စိတ်တိုင်းကျ ဒီဂျေလုပ်ကြလို့ အုန်းပင်ထိပ်ဖျားတပ်ထားတဲ့လော်စီပီကာကြီးကနေ စိုင်းစိုင်းတို့၊ လင်းလင်းတို့တွေ တက်တက်အော်နေကြပေါ့။

အဲ … အဆိုးဆုံးကတော့ မဏ္ဍပ်ရဲ့မျက်စောင်းထိုးက ဆယ်ပေအိမ်လေးက ဂုတ်ပုတို့ မောင်နှမတစ်သိုက်ပဲ။ တစ်ထပ်ဆယ်ပေပျဉ်ထောင်အိမ်လေးမှာ မိသားစုက လေးစုလောက်၊ လူဦးရေကလည်း ၁၅ ယောက်သာသာဆိုတော့ ဂုတ်ပုတို့မောင်နှမတွေဟာ ညအိပ်ချိန်ကလွဲရင် အိမ်ထဲမှာထက် လမ်းပေါ်မှာပဲ အနေများကြတယ်။ ဒီတော့ သူတို့အတွက် နားခိုရာက အရိပ်လည်းရ၊ သီချင်းလည်းနားထောင်ရတဲ့ လမ်းမဏ္ဍပ်ပဲပေါ့။ တခါတလေ ကြုံကြိုက်ရင် ဆွမ်းခံထွက်တဲ့လူငယ်လေးတွေတွက် ချက်ထားတဲ့ ထမင်းဟင်းတောင် သူတို့ ၀င်စားလို့ရသေးတယ်။ အဲဒီမဏ္ဍပ်ကလည်း ဂုတ်ပုတို့မောင်နှမတွေကြောင့်ပဲ  သူတို့လမ်းရဲ့အစည်ကားဆုံး နေရာဖြစ်နေတာပေါ့။ သူတို့အတွက်တော့ အဲဒီနေရာက ဆော့ကစားရာ ကစားကွင်းဆိုလည်းဟုတ်၊ ပိုက်ဆံတပြားမှ မပေးရတဲ့ စတိတ်ရှိုးစင်မြင့်ဆိုလည်းဟုတ်တာပဲ။

တကယ်တော့ ဒီမဏ္ဍပ်ကလည်း အစဉ်အလာနဲ့ရယ်ပါ။ ဟိုးအရင် သူတို့ ငယ်ငယ်တုန်းကတော့ ခုလို သံတိုင်တွေနဲ့ တစ်နှစ်ပတ်လုံး အခိုင်အမာထိုးထားတဲ့ မဏ္ဍပ်မျိုးမဟုတ်ဘဲ တန်ဆောင်တိုင်အခါရောက်မှသာ လမ်းကထိန်အတွက် သစ်ဝါးတွေနဲ့ တပတ်လောက်စာ ယာယီထိုးတဲ့ မဏ္ဍပ်ပေါ့။ အဲဒီတစ်ပတ်တာလုံး သူတို့လမ်းထဲမှာ သီချင်းသံက နေ့နေ့ညညဖွင့်ထားတာပဲ။ သုမောင်၊ သန်းမြတ်စိုး၊ ပိုးအိစံ၊ မန္တလေးသိန်းဇော်တို့လည်း ကျော့ကျော့ပြီးဖွင့်လွန်းလို့ တိပ်သားတွေကြေပြီး အသံဝင်မတတ်ဆိုနေသလားတောင်ထင်ရရဲ့။ ဒါပေမယ့်လည်း အဲဒီသီချင်းသံတွေကြားမှာပဲ အလှူပစ္စည်းတွေကို ပဒေသာပင်မှာ ကြည့်ကောင်းအောင်ချည်ကြ၊ အလှူခံပိုက်ဆံတွေကို ၁၀တန်၊ ၂၀ တန် အသစ်အုပ်တွေနဲ့လဲပြီး ကြာပန်းပုံ၊ ဒေါင်းပုံ စသဖြင့် ကြည့်ကောင်းမယ့်ပုံလေးတွေဖြစ်အောင် လူကြီးကလူငယ်၊ လူငယ်က ကလေးထိ အဆင့်ဆင့်သင်ပေးရင်း လမ်းကထိန်အတွက် အသက်အရွယ်စုံ လုပ်အားပေးကြတာပါပဲ။

ကထိန်ပွဲကို သူများတွေလို ပဒေသာပင်တွေ ဘုန်းကြီးကျောင်းပို့ရုံတင်မဟုတ်ဘဲ သူတို့လမ်း တစ်လမ်းထဲပဲ သီးသန့်ဆင်နွှဲတဲ့ ဓလေ့တစ်ခုလည်းရှိသေးတယ်။ အဲဒါကတော့ အောင်စင်္ကြာဘုရားမဲ။ လမ်းထဲက အလှူရှင်တစ်ဦးရဲ့ အလှူပြုမှုကြောင့် သူတို့လမ်းမှာ အောင်စင်္ကြာလို့ ဘွဲ့အမည်ပေးထားတဲ့ ရုပ်ပွားတော်တစ်ဆူရှိတယ်။ တန်ဆောင်တိုင်ရောက်ပြီဆိုရင် ဘုရားမဲလက်မှတ်တွေ အိမ်စေ့ရောင်းပြီး ကထိန်မခင်းခင် ညမှာ မဲဖောက်လေ့ရှိတယ်။ မဲပေါက်တဲ့သူက ဘုရားကို သူ့အိမ်မှာ တစ်နှစ်တာကိုးကွယ်ခွင့်ရတယ်လေ။ သူတို့လမ်းထဲကလူတွေအတွက်တော့ အောင်စင်္ကြာဘုရားဆိုတာက တကယ့်ကို တန်ခိုးကြီးဘုရား။ ဘုရားအိမ်မှာကြွတဲ့နှစ်ဆို စီးပွားတက်တယ်၊  စစအရာရာအဆင်ပြေတယ်ဆိုတာမျိုး ဆိုတတ်ကြတော့ အိမ်တိုင်းနီးပါး ဘုရားမဲမပေါက်ချင်တဲ့အိမ်ဆိုတာမရှိသလောက်ပဲ။ တချို့များဆို ဘုရားမဲပေါက်ချင်လွန်းလို့ တစ်ယောက်တည်း မဲလေးငါးစောင်ဝယ်တတ်တယ်။ ဒါမျိုးကိုလည်း ခွင့်ပြုထားတယ်။ ဘုရားမဲပေါက်တဲ့အိမ်အတွက် ဘုရားအနေကဇာတင်တဲ့အခါ အလှူငွေပိုရတာပေါ့။

ဒီဓလေ့ဟာ ဘယ်အချိန်ကတည်းက စခဲ့တယ်ဆိုတာ မသိပေမယ့် သူမှတ်မိစအရွယ်ထဲက ဘုရားမဲဖောက်တဲ့ညဟာ သူတို့လမ်းရဲ့အဆူညံဆုံးညပဲ။ သူတို့ခပ်ငယ်ငယ်က လမ်းထိပ်က ဓမ္မာရုံမှာ ဘုရားမဲဖောက်လေ့ရှိတော့ လမ်းထဲကလူအကုန် အိမ်စောင့်လောက်သာချန်ပြီး သွားလိုက်ကြတာ ဓမ္မာရုံပြည့်လို့ အပြင်ကနေ နားထောင်ခဲ့ရတဲ့အချိန်တွေတောင်ရှိတယ်။ နောက်ပိုင်းတော့ လမ်းလယ်မှာ မဏ္ဍပ်ထိုးပြီး မိုက်ကရိုဖုန်းတွေဘာတွေနဲ့ ကြေညာတဲ့အဆင့်ကို ရောက်တာပေါ့။ အဲဒီတော့ ကလေးတွေ၊ လူငယ်တွေလောက်ပဲ မဏ္ဍပ်နားသွားနားထောင်ကြပြီး လူကြီးတော်တော်များများကတော့ ကိုယ့်အိမ်ရှေ့မြှ ထိုင်ခုံကိုယ်စီချပြီး မဲနှိုက်တာကို နားထောင်ကြတယ်။ မဲဖလားကိုင်ဖို့ မဲနှိုက်ဖို့တောင် ရပ်ကွက်ထဲက လူကြီးတွေ၊ ကာလသားတွေရဲ့နာမည်ကို အရင်မဲနှိုက်ရတယ်။ ပြီးမှ သူတို့က နာမည်အတွက် တစ်ဖလား၊ မဲအတွက် တစ်ဖလားထားတဲ့ ငွေဖလားကြီးနှစ်ခုထဲကနေ မဲတွေနှိုက်ပေးကြပေါ့။ ဦးဘယ်သူ ဒေါ်ဘယ်သူ ဆိုတာ ကြေညာအပြီး ဗလာပါ ခင်ဗျားလို့များအော်လိုက်ရင် ပရိသတ်က တကယ့်ကို ၀က်ဝက်ကွဲ။ တခါတလေ မဲတောင် မကြေညာရသေးခင် လူအုပ်ကြီးက အရင်ဦးပြီး “ဗလာပါ ခင်ဗျာ´´ “ဗလာပါရှင်´´ လို့ အကျယ်ကြီးအော်ကြသေးတယ်။ ဒီလောက် ဆူနေတဲ့ အသံတွေကို ဖုံးအောင် လမ်းထဲက တချို့အဒေါ်ကြီးတွေက “ဒံပေါက် … ဒံပေါက်´´ နဲ့ အော်ကြသေးတယ်။ သူတို့သာ ဘုရားမဲပေါက်ရင် ဒံပေါက်ကျွေးမယ်ဆိုတဲ့သဘောပေါ့။ ဘုရားမဲ “အောင်စင်္ကြာ´´ ထွက်သွားပြီးဆိုရင်တော့ မောမောနဲ့ အိမ်ပြန်လာကြရင်း “ငါတို့အိမ်ကတော့ တစ်ယောက်မကျန်အကုန်ထွက်တယ်´´ “ငါတို့အိမ်က တစ်မဲမှမထွက်ဘူး´´ စသဖြင့် ပြန်ပြီး စားမြုံ့ပြန်ကြတယ်။

ကထိန်ခင်းမယ့်နေ့ခင်းဆို လမ်းထဲက သက်လတ်ပိုင်းလူကြီးတွေဦးဆောင်ပြီး ဘုရားကို အရင်အိမ်ဟောင်က ပင့်ပြီး လမ်းတစ်ပတ်ပတ်ပြီးရင် မဲပေါက်ထားတဲ့အိမ်အသစ်ဆီပင့်ပေးကြတယ်။ ပြီးမှ ဘုန်းကြီးကျောင်းကို ပဒေသာပင်တွေစီပြီး လူတန်းကြီးနဲ့ လိုက်ပို့ကြတယ်။ လူငယ်တွေရော၊ ကလေးတွေပါ ဖီးလိမ်းပြင်ဆင်ပြီး မောင်းထောင်ချိုင့်ထဲ သင်္ကန်းတွေထည့်ကိုင်လို့ သူတို့ဆီကနေ ၄၅ မိနစ်လောက်လမ်းလျှောက်ရတဲ့ ဘုန်းကြီးကျောင်းဆီ တစ်သီတစ်တန်းကြီး ကထိန်လှည့်ရင်းသွားကြတာပေါ့။ အနုပညာပိုးရှိတဲ့လူတွေကတော့ ငှားထားတဲ့ အိုးစည်ဝိုင်းနဲ့ အပြိုင် ဦးရွှေရိုး၊ ဒေါ်မိုးဆိုလည်း မရှက်မကြောက် တစ်လမ်းလုံးကရင်းလိုက်သွားကြတာပါပဲ။ နေပူလည်း မောရမှန်းရယ်လို့မသိကြဘူး။

ခုတော့ သူတို့လမ်းထဲမယ် ခုလိုမျိုး ကထိန်မခင်းဖြစ်တာ တော်တော်လေးကြာပါပြီ။ ကထိန်ဆို ဘုန်းကြီးတရားနာပြီး ပဒေသပင်တွေ ကားနဲ့တင်ပေးလိုက်တာပဲ။ အောင်စင်္ကြာဘုရားမဲလည်း မလုပ်ဖြစ်တော့တာ ခုဆို လေးငါးနှစ်ပင်မကတော့ပြီ။ စရိတ်စကတွေကြီးမြင့်လာတာ၊ လမ်းထဲ  လူသစ်တွေပြောင်းလာပြီး အရင်လူဟောင်းတွေလောက် စိတ်ဝင်စားမှုမရှိတော့တာတွေကြောင့် နောက်ဆုံးမှာ လမ်းလူကြီးတွေတိုင်ပင်ပြီး ဘုရားမဲကို တစ်သက်တာအပြီးအပိုင် ကိုးကွယ်မယ့်သူဆီ ပင့်ပေးခဲ့ပြီးပြီ။ အဲဒီအချိန်ကို အတိအကျမမှတ်မိပေမယ့် သူတို့လမ်းထဲ အနှစ် ၂၀ ကျော်ကြာအောင် အိမ်တွေမှာ ယာယီစံပယ်ခဲ့တဲ့ဘုရားကိုနောက်ဆုံးအနေနဲ့ မဲနှိုက်မယ်ဆိုတုန်းက တစ်လမ်းလုံး ရင်ခုန်ဝမ်းနည်းဖြစ်ခဲ့ကြရတယ်။  တစ်သက်တာကိုးကွယ်ရမယ့်အခွင့်အရေးမို့ လူတိုင်းက မဲပေါက်ချင်ကြပေမယ့် ကိုယ့်လမ်းဘုရားကို နောင်နှစ်တွေမှာ တစ်ဦးတစ်ယောက်တည်းကပဲ ပိုင်ဆိုင်သွားတော့မယ့်အဖြစ်ကိုလည်း အားလုံးက ၀မ်းနည်းမဆုံးပေါ့။ အဲဒီနှစ်ဟာ အောင်စင်္ကြာဘုရားသမိုင်းမှာ မဲအများဆုံးရတဲ့နှစ်ပဲ။ လူတိုင်းနီးပါး နှစ်စောင်စီလောက်ယူကြတာကိုး။ တချို့ဆို တစ်ယောက်တည်း ငါးစောင်၊ခြောက်စောင်ဝယ်ကြတယ်။ ဘုရားမဲကိုသေချာထည့်ထားပါရက်နဲ့ မဲကုန်တဲ့အထိ ဗလာတွေပဲဖြစ်နေလို့ အဲဒီနှစ်က ထူးထူးခြားခြားပဲ မဲကို နှစ်ခါပြန်နှိုက်ခဲ့ရတယ်။

ခုနေများတော့ သူတို့လမ်းရဲ့ကထိန်ဟာ ခြောက်တိခြောက်ကပ်နဲ့ ကထိန်ခင်းဖြစ်တယ်ဆိုရုံလေးသာ ရှိတော့တယ်။ အဲဒီအစား ၀ါတွင်းမှာတော့ တနင်္ဂနွေအပတ်တိုင်း ဆွမ်းလောင်းတာမျိုးတော့ရှိပါရဲ့။ ဒါပေမယ့် တစ်လမ်းလုံးက တစ်တပ်တစ်အား ပါဝင်တာမျိုးမဟုတ်တော့ဘဲ မိသားတစ်စုလောက်ကပဲ ဦးဆောင်လုပ်ပြီး သူတို့ရဲ့ လုပ်ငန်းကိုင်ငန်းသဖွယ် စီးပွားရေးဆန်ဆန်လုပ်ကိုင်နေတာမျိုးပဲဖြစ်နေတော့တယ်။ လမ်းကို ဖြတ်ပြီး အခိုင်အမာဆောက်ထားတဲ့ မဏ္ဍပ်ဆီက ဟိုတုန်းကလိုတော့ သီချင်းသံမြိုင်မြိုင်ကြားရပါရဲ့။ ဒါပေမယ့် တစ်နေ့လုံးကြားလို့ နားခံသာမယ့် သီချင်းမျိုးတွေမှ မဟုတ်တော့ဘဲ။ သူတို့ငယ်ငယ်ကဆို ကလေးတွေကို လူကြီးမိဘတွေက  ကျီးဖြူကျီးမည်းတို့၊ ချိုမိုင်မိုင်တို့နဲ့ ကျီစယ်ကြ၊ သင်ပေးကြတယ်။ သီချင်းဆိုပြပါဦးဆိုရင် “ဘယ်ကိုသွားမလဲ မီးမီးရယ် … ဦးဦးကိုသာ ပြောပါကွယ် … လကမ္ဘာရောက်အောင် မီးကိုခေါ် .. ဦးဦးလိုက်ပို့နော် …´´ တို့၊ “၀ိုင်း ၀ိုင်း စက် စက် … ၀လုံးကိုရေး  …အတူသွားမယ် ကျောင်းကို …´´ တို့ကို မပီကလာပီကလာအသံတွေနဲ့ ဆိုပြကြမယ်။ ခုနေများတော့ သားရေ လုပ်ပါဦးဟဆိုရင် ပြောင်လေးရဲ့ အသံသြသြကြီးနဲ့ “လူဂျဂါးပေါဒါဘာ …´´လို့ဆိုတဲ့အသံပဲ နားထဲကြားယောင်နေတယ်။

တစ်နေ့က အလုပ်ကအပြန် မဏ္ဍပ်ရှေ့မှာ ဂုတ်ပုတို့မောင်နှမတစ်သိုက်ပွဲကျနေကြတာကို တွေ့ရဲ့။ အဲဒီတုန်းက သူတို့လမ်းထဲ မီးပျက်နေချိန်မို့ သီချင်းတော့ ဖွင့်မထားပါဘူး။ ဒါပေမယ့် သူတို့မောင်နှမတွေ အချင်းချင်း ဆိုကြရင်း ပွဲခံနေကြတာပေါ့။ ခပ်လှမ်းလှမ်းကတည်းက သူတို့တစ်အုပ်မှန်းသိပေမယ့် သူတို့ကဒီလိုပဲ ဆူနေကြမို့ ဂရုမပြုမိအားပါဘူး။ ဒါပေမယ့် သူတို့နားဖြတ်သွားချိန်မှာ တကယ့်ကိုအကျအန အဆိုတော်ကြီးလို မျက်နှာထိမျက်နှာထားနဲ့ဆိုနေတဲ့ ဂုတ်ပုရဲ့ ညီမလေး နာဂစ်ဆိုနေတာကို ကျန်မောင်နှမတွေက ၀ိုင်းပြီး ကပေးနေကြတာလေ။ ဂုတ်ပုထက် အသက်နှစ်နှစ်ငယ်တဲ့ နာဂစ်ကတော့ အသက်ခြောက်နှစ်ဆိုတဲ့အရွယ်နဲ့ မလိုက်အောင် ဖင်ကိုလှုပ်ကာ ရင်ကို ခါကာနဲ့ အနားမှာရှိတဲ့မဏ္ဍပ်သံတိုင်ကို ပွတ်ကာသီကာကရင်း “ဒီမှာ တင်းတယ် .. တင်းတယ် … တင်းတယ် .. တင်းတယ်ဟေ့´´ တဲ့။ ဒါနဲ့ပဲ သူ …….သက်ပြင်းရှည်ကြီးတစ်ခုကို ရုတ်တရက် အလိုလို ချမိသွားခဲ့တယ် …။

ယုပမ်
ဖေဖော်ဝါရီ ၂၅၊ ၂၀၁၄