lbfgtrackchanges

 

အက်ဆေးကို နိုင်ငံ တကာတွင်ရော၊ ကမ္ဘာ့ စာပေတွင်ပါ အဆင့်မြင့် စာပေပုံသဏ္ဌာန် တစ်ရပ်အဖြစ် သတ်မှတ်ထားပြီး၊ လေးစားလောက်ဖွယ် အရည်အသွေး ရှိသောစာဟု ခံယူထားသည်ကို၊ စာပေ သမားတိုင်းနီးပါး ကြားဖူးကြပြီး ဖြစ်ပါသည်။ သို့သော် ကျွန်တော်တို့ဆီမှာ ၀တ္ထုတို တစ်ပုဒ်၊ ဆောင်းပါး တစ်ပုဒ်ကို စာမူခ ငါးထောင်ပေးလျှင် အက်ဆေးခေါ် ရသစာတမ်းကိုတော့ လေးထောင်တန်းလောက်တွင်ထားကာ၊ တစ်ဆင့် နိမ့်ထားချင်ကြဆဲ ဖြစ်သည်။

အဘယ်သို့သော ရွှေဥာဏ်တော်ဖြင့် အကဲခတ် သတ်မှတ်သည်ကိုတော့ မသိပါ။ အယ်ဒီတာ ၀ါးမ၀၍၊ နားမလည်၍၊ အမြင်တိမ်၍ဟု ဆိုပါလျှင် အနာပေါ် တုတ်ကျသလို ဆတ်ဆတ်ခါ နာကြပေဦးမည်။ တကယ်တော့ အက်ဆေးသည် တိုတိုလေးနှင့် အများကြီး တာသွားသော စာပေသိက္ခာရှိရှိ စာပေတစ်ရပ် ဖြစ်ပါသည်။ အက်ဆေးသည် အခြားစာပေဘာသာရပ်နှင့် မတူပါ။ အက်ဆေး၏ အရသာကို သွားလေသူ ဆရာမြသန်းတင့် ပြောပြခဲ့ဖူးတာ အမှတ်ရမိပါသည်။ ဆရာကြည်နိုင်၏ သက်တံရောင် ရသစာတမ်းစာအုပ်တွင် မိတ်ဆက်အမှာသဘော ပြောခဲ့ခြင်းဖြစ်ပါသည်။

ရသစာတမ်းကို ဖတ်ရခြင်းသည် အခြား အခြားသောစာ အမျိုးအစား၊ ဥပမာ ၀တ္ထု၊ ကဗျာ၊ သမိုင်း အတ္ထုပ္ပတ္တိစသည့် စာမျိုးတို့ကို ဖတ်ရသည်နှင့်မတူ။ အခြားသော စာများသည် ဖတ်ရဖန်များလာလျှင် အီသွားတတ်ပါသည်။ ရသစာတမ်းကား ထိုသို့မဟုတ်ပါ။ ဘယ်အချိန်တွင်မှ အီသွား၊ ရိုးသွား၊ ငြီးငွေ့စရာ ကောင်းသွား၊ ပျင်းစရာ ကောင်းသွား၊ မူးနောက်ရီဝေသွားသည်၊ အဝေးသို့ ရောက်သွားသည်၊ ဘောင်ခတ် ခံထားရသည်၊ သူများ နရီထဲ ၀င်ကရသည်ဟူ၍ မရှိပါ။ ရသစာတမ်းကို ဖတ်ရခြင်းသည် လွတ်လပ်သော ခံစားမှု တစ်ရပ်ကို ပေးပါသည်ဟု ဆရာ ပြောခဲ့ပါသည်။ ထူးခြားမှုက အက်ဆေးကို ရသစာတမ်း၊ စာတမ်းငယ်၊ အစမ်းစာ၊ စာတမ်း၊ စာမွန် စသည်ဖြင့် အမျိုးမျိုး ကြံဆပြန်ဆိုကြသော်လည်း ဆရာကမူ ရသစာတမ်းဆိုသည့် စကားလုံးကို အံဝင်ခွင်အကျဆုံး၊ သဘောအကျဆုံး ဆိုတာကို သိခွင့်ရခဲ့ခြင်းပါပဲ။

ဆရာဇော်ဂျီက ကျေနပ်နှစ်သိမ့်မှုကို ပေးသည့်စာ၊ ဆရာ မြသန်းတင့်က ပီတိဖြစ်စေသည့်စာဟု ညွှန်းခဲ့သော အက်ဆေးကို ဆရာတိုက်စိုးက “ရင်ဖွင့်စာ”ဟု ဆိုခဲ့ပြီး “အက်ဆေးကို ဖတ်နေရသည့် နာရီဝက်အတွင်း ဘာနှင့်တူပါသနည်းဆိုသော် အဖော် တစ်ယောက်နှင့် အေးအေးလူလူ ထိုင်ကာ၊ သူ့စကားကို နားထောင်ရသည်နှင့် တူသည်ဟု ဆိုရတော့မည်။ ထိုအခါ ၀မ်းမြောက်ရွှင် လန်းစရာများ၊ လောကီဘုံသားတို့၏ ခွင့်လွတ်စရာ အပြစ်များ၊ အနာအဆာ ကလေးများ၊ မတော်မတဲ့ ဟာသအကွက်များကို မိမိလည်း အက်ဆေး ဆရာနှင့်အတူ ကြားရမြင်ရ ခံစားရသကဲ့သို့ဖြစ်ကာ ပီတိပွားရလေသည်”ဟု လှစ်ပြခဲ့ဖူး ပါသည်။

တကယ်တော့ ကျွန်တော်တို့ မြန်မာစာပေလောကတွင် အက်ဆေးခေါ် ရသစာတမ်းသည် သူ့ပုံသဏ္ဌာန်၊ သူ့ဘ၀ရနံ့၊ သူ့သွင်ပြင် ဟန်ထားနှင့်သူ တသီးတခြား ကွဲပြားစွာ တသီးတသန့် တည်ရှိခဲ့ပြီး ဖြစ်ပါသည်။ အက်ဆေးနှင့် ကျောင်းသင် စာစီစာကုံး မတူ၊ အက်ဆေးနှင့် ဆောင်းပါးမတူ၊ အက်ဆေးနှင့် ၀တ္ထု မတူ၊ သူ့ကိုယ်ရည် ကိုယ်သွေးနှင့်သူ၊ သူ့စတိုင်နှင့်သူ အခိုင်အမာ အတည်အတံ့ ခွဲခြားသတ်မှတ်ပြီး၊ ကာလကြာမြင့်စွာ ရှင်သန် ရပ်တည်ခဲ့ပြီးဖြစ်တာ အားလုံးအသိပင် ဖြစ်သည်။

ပညာရှင်ကြီး ဟပ်စလေ ဆိုလျှင် အက်ဆေး၏ နယ်ကို ဤသို့ ခွဲခဲ့တာ တွေ့ရသည်။

(၁) စာရေးသူ၏ ကိုယ်ရည်ကိုယ်သွေးကို အကြောင်းပြု ရေးဖွဲ့သည့် အက်ဆေး၏နယ်

(၂) ကြုံတွေ့ရသည့် အတွေ့အကြုံကို အရှိအတိုင်း ဖော်ပြသည့် အက်ဆေး၏နယ်

(၃) လောကသဘာဝနှင့် သဘောတရားများကို ဖော်ပြသည့် အက်ဆေး၏နယ် စသည်ဖြင့်။

မည်သို့ဆိုစေ အက်ဆေး၏ နယ်ပယ်တိုင်းမှာ အကျယ်အပြန့်သဘော၊ အခက်အခဲသဘောကတော့ အမှန်တကယ် ရှိပေသည်။

 

သို့ဆိုလျှင် ကျွန်တော်တို့ ဆီမှာ၊ အစဉ်အလာ အရ ပညာရှင်များ လက်ခံခဲ့သော အက်ဆေး၏ သွင်ပြင် လက္ခဏာကို ကြည့်ရှုဖို့ လိုလာသည်။ ပညာရှင်များ အဆိုအရ အက်ဆေးတွင်

(၁) စာရေးသူ၏ ကိုယ်ရည်ကိုယ် သွေးပေါ်နေခြင်း

(၂) အကြောင်းအရာထက်  အတွေ့အမြင် ခံစားမှုတို့ကို အားပြုခြင်း

(၃) စာဖတ်သူကို ဆွဲဆောင်နိုင်သော စကားပြေအရေး အဖွဲ့မျိုး ဖြစ်ခြင်း

(၄) တိုတိုကျဉ်းကျဉ်း ရေးဖွဲ့ထားသော အရေးအဖွဲ့မျိုး ဖြစ်ခြင်း

(၅) စာဖတ်သူကို နှစ်သက်မှု ရသပေးခြင်း

စသော လက္ခဏာများ ပါရှိအပ်သည်ဟု ဖွင့်ဆို ထားကြသည်မှာ အထင်အရှား။ ကျွန်တော်တို့ အက်ဆေးချစ်သူ အများစုလည်း ဤလမ်းကြောင်း အတိုင်းပင် တသွင်သွင် စီးဆင်းခဲ့ကြတာ ကြာပြီဖြစ်ပါသည်။

ယခုအခါမှာတော့ …အက်ဆေးဆိုသော စာပေ ဘာသာရပ်သည် အချိုးအကွေ့တစ်ခုသို့ သိသိသာသာကြီး ရောက်ရှိကွေ့ချိုးလာတာကို ထင်သာမြင်သာစွာ တွေ့ရှိလာရပေသည်။ စာပေနယ်နိမိတ်တွေ ကျိုးပျက်လာသည့် သဘော Deterritorialigation ဟုပဲ ပြောရမလား၊ အသစ်ပြန်လည် သတ်မှတ်ထားသည့်သဘော  Reterritorialigation ဟုပဲ ပြောရမလား အထိ စဉ်စားဖွယ် ရှိလာပါသည်။

ယဉ်ကျေးမှုချင်း၊ အနုပညာချင်း တိုးမိ တိုက်မိနေသော ဒီကနေ့လို အရှိန်အဟုန်ဖြင့် တိုးတက် ပြောင်းလဲနေသည့် ခေတ်ကြီးတွင် အက်ဆေးဟူသော အယူအဆ ပြောင်းလာ ရွေ့လာပုံက မြန်ဆန်လွန်းလှသည်။ ဘာသာရပ် ခွဲခြားမှု နံရံတွေ တဖြည်ဖြည်းပါးလျလာပြီး၊ အချို့နေရာတွင် ပြိုကျသွားပြီဟု ပြောရမလောက်ပင် ထင်ရှားလာတာ သတိပြုမိပေသည်။

ဆရာဇော်ဇော်အောင်ဆိုလျှင် ၂၀၀၁ ခုနှစ်လောက်ကတည်းက အက်ဆေးဝါဒ  (Essaysism) ဆောင်းပါးတွင် ဤသို့ရေးခဲ့ပါသည်။ အက်ဆေးဆိုတာ ဘာလဲ။ အက်ဆေးဆိုတာ အပွင့်ဆုံး Open ၊ အလွတ်လပ်ဆုံး Free ရေးဖွဲ့ထားတဲ့ စာပါပဲ။ ပမာဏ အကန့်အသတ်မရှိ၊ အကြောင်းအရာ အကန့်အသတ်မရှိ၊ အမျိုးအစား အကန့်အသတ်မရှိ အပွင့်လင်းဆုံး၊ အလွတ်လပ်ဆုံး အရေးအသားပါပဲ။ အက်ဆေးဆိုတာ ၀တ္ထုတစ်ပုဒ် ဖြစ်နိုင်တယ်။ ခရီးသွားဆောင်းပါးတစ်စောင် ဖြစ်နိုင်တယ်။ ဘောဂဗေဒသီဝရီ စာတမ်းတစ်စောင် ဖြစ်နိုင်တယ်။ ကိုယ်ရေးအတ္ထုပ္ပတ္တိတစ်စောင် ဖြစ်နိုင်တယ်။ တက်ကျမ်းတစ်စောင် ဖြစ်နိုင်တယ်။

နည်လမ်းစာအုပ် (တရုတ် ဟင်းလျာချက်နည်း၊ မော်တော်ကား ပြင်နည်း၊ သိုးမွေးဆွယ်တာ အင်္ကျီထိုးနည်း)တစ်အုပ် ဖြစ်နိုင်သည်။ အကန့်အသတ် မရှိခြင်းနှင့် အပွင့်လင်းဆုံး၊ အလွတ်လပ်ဆုံးသော အချက်တို့က အခရာပါပဲ။ The Gateless Gate ၀င်ပေါက်မဲ့ ၀င်ပေါက်ဟုပင် တင်စားလိုက်တာ ဖတ်ခဲ့ရပေသည်။

ဆရာလူထုစိန်ဝင်းကလည်း မဂ္ဂဇင်း ဂျာနယ်တွေထဲက နေပြီး “စာပေ အနုပညာမှာ နယ်နိမိတ် အပိုင်းအခြား မရှိ”၊“စာပေကိုခြံခတ် မထားကြပါနဲ့” ဟုဆိုကာ အက်ဆေးနှင့် ပတ်သက်ပြီး တော်တော်ကြီးပြောခဲ့သည်။ အက်ဆေးဆိုတာ နိုင်ငံရေး ဖြစ်စေ၊ လူမှုရေး ဖြစ်စေ၊ စာပေယဉ်ကျေးမှု ဖြစ်စေ“ဝေဖန် ဆန်းစစ်တဲ့ သဘော” ရေးတဲ့ စာဖြစ်ပါတယ်။ အက်ဆေးဆိုတာ တိုချင်လည်း တိုမယ်၊ ရှည်ချင်လည်း ရှည်မယ်၊ ရသပါချင် လည်းပါမယ်၊ မပါချင်လည်း မပါဘူး၊ ရသပါရမယ်လို့လည်း ဆိုမထားပါဘူး။

ဒါပေမယ့် စာဖတ်သူရဲ့ ဦးနှောက်ကို ဆွတဲ့ ဝေဖန်ဆန်းစစ်မှုတော့ ပါရပါမယ်။ ဝေဖန် ဆန်းစစ်မှု မပါရင်တော့ အက်ဆေး မဆိုချင်ပါဘူးဟု အတိအလင်း ဖွင့်ဆိုသည်။ ဆရာ့သဘောက ရှင်းသည်။ ဒီခေတ်ကြီးက ဘယ်နယ်ပယ်မှာမဆို နယ်နိမိတ် အပိုင်းအခြားတွေ  ပြိုကျနေသည့် နယ်စည်းမခြားခေတ် မဟုတ်လား။ ထို့ကြောင့် စာတစ်ပုဒ်ကို အက်ဆေးပဲ၊ ဆောင်းပါးပဲ၊ ၀တ္ထုပဲ၊ ကဗျာပဲ၊ စကားပြေပဲဟူ၍ခွဲခြား ပြောမနေသင့်ပါဘူး။ တစ်ခုနဲ့ တစ်ခု ကူးလူးဆက်နွှယ် ရောစပ်နေကြတာပဲ မဟုတ်လားဟု တံခါးဖွင့်ကြိုဆိုထားတာ အထင်အရှား တွေ့ရသည်။

ဆရာ နေ၀င်းမြင့်ကတော့ သာသာ ထိုးထိုးပဲ မိမိ အမြင်ကို ဖော်ပြသည်။

“ကျွန်တော့်ဆီမှာ အက်ဆေး တစ်ပုဒ်ရဲ့ တရားကိုယ် သဘောဟာ သိပ်ပြီး မပြောင်းလဲသေးပေမယ့်၊ ကမ္ဘာ့အက်ဆေးတွေမှာ ပြောင်းပြန်ပြောင်းလဲသွားတာ အများကြီး တွေ့ရတယ်။ မျက်ရည်၊ အမုန်းအာဃာတ၊ နာကျင်မှု၊ ခိုကိုး ရာမဲ့မှု၊ ယူကျုံးမရ ဖြစ်မှု၊ မလုံခြုံမှု၊ အနာဂတ်ေ၀၀ါးမှု၊ သောကနဲ့ ညှိုးချုံးမှု၊ အက်ဆေးတွေမှာ ဒီအရိပ်တွေ ရှိလာပြီ” ဟူ၏။

မည်သို့ဆိုစေ…ယခုအခါ အက်ဆေးခေါ် ရသစာတမ်း ဟူသော ကမ်းခြေသို့ လျှောက်လှမ်း ကြရာတွင် ရေးသား တင်ဆက်သူတို့ သည် လမ်းနှစ်သွယ် အတိုင်း တူရူချီတက်နေကြတာကို ပြက်ပြက်ထင်ထင် မြင်နေရသည်။ တစ်လမ်းကား အစဉ်အလာလမ်း ဖြစ်ပြီး၊ တစ်လမ်းကား ခေတ်ပေါ်လမ်းဟူ၍ လွယ်လွယ် ဆိုကြပါစို့။

အစဉ်အလာလမ်းအတိုင်း လျှောက်သူတို့ကား ကံ့ကော်မြိုင်စာတမ်းလာ ဆရာကြီးများ ချမှတ်ခဲ့သည့် သွင်ပြင် လက္ခဏာများကို ပွေ့ပိုက်၍ ခေတ်အလိုက် သစ်လွင်လတ်ဆတ်မှု များဖြင့် မွမ်းမံကာ၊ ကိုယ့်မြေ၊ ကိုယ့်ရေ၊ ကိုယ့်အမျိုးသား ဓလေ့စရိုက်ဟန်ဖြင့် လျှောက်လှမ်းသည်။ အဲဒီမှာ ဖြစ်ရပ် (Events) တွေကို ဇောင်းပေးပြီး တွေးဆဆင်ခြင်စရာတွေကို မျှဝေခံစားစေမည်။ အက်ဆေးဆရာ ဘာပြောချင်သလဲ၊ ဘာပေးချင်သလဲ ဆိုတာကို သဲသဲကွဲကွဲ ထင်သာမြင်သာ ရှိစေသော၊ ရသဖြင့် ထုံးမွမ်းရေးသားတင်ဆက်မှုမျိုး။

ခေတ်ပေါ် လမ်းအတိုင်းလျှောက် သူတို့ကား စာပေကို ခြံခတ်ထားတာမျိုး မဟုတ်ဘဲ နိုင်ငံရေး၊ လူမှုရေး၊ ပညာ ရေး၊ စာပေ ယဉ်ကျေးမှု စသည်ဖြင့် ကြိုက်ရာကို လွတ်လပ်ပေါ့ပါးစွာရေးမည်။ ရသ ပါချင်လည်း ပါမည်၊ မပါ ချင်လည်းရသည်။ အတွေးတွေ၊ စိတ်ကူးတွေ၊ ခံစားမှုတွေကို စကားလုံးလှလှ၊ ကဗျာဆန်ဆန်ဝါကျအပိုင်းအစတွေဖြင့် ဖြန့်ကြဲရောသမမွှေချင်သလို မွှေနိုင်သည်။ အချက်အလက်တွေဖြင့် သတင်းစာစကားပြေဆန်ဆန် ရိုးရိုးကြီးလည်း ရေးနိုင်သည်။ ဒိုးဒိုးဒေါက်ဒေါက်လည်း ပြောနိုင်သည်။ ဘာရေးရေး၊ ဘယ်လိုရေးရေး အက်ဆေးဟု အတည်ပေါက် တံဆိပ်ကပ်နိုင်သော ဖွဲ့စည်းတည်ဆောက်မှုမျိုး။

ယနေ့ မဂ္ဂဇင်းတွေကို ပြန်ကြည့် လိုက်တော့လည်း ရှည်ရှည်ဝေးဝေး၊ တွေးတွေးဆဆဖြင့် မြန်မာ့အငွေ့အသက်၊ ရိုးရာရနံ့အရသာပါသော အစဉ်အလာလမ်းက လျှောက်လှမ်းလာသည့် ရသစာတမ်းတွေကို ဇောင်းပေးဖော်ပြတာတွေရှိသလို၊ ဘာရေးရေး အက်ဆေး ဟူသော ခေတ်ပေါ်လမ်းက လျှောက်လှမ်းလာသည့် အက်ဆေးတွေကိုလည်း တခုတ်တရ ဖော်ပြလာကြတာတွေလည်း တွေ့ရပေသည်။

ထိုအခါ ဘာတွေမှန်းမသိ ချာတိချာလည်၊ မျက်စိတွေ လည်ကုန်သည်။ သို့ဖြင့် ဘာသံတွေ ထွက်လာကြသနည်းဆိုလျှင်၊ အစဉ်အလာဆရာတွေက ခေတ်ပေါ်အက်ဆေးတွေကို အလွယ်ရေးစာတွေဟူ၍ အရာမသွင်းချင်သလိုမျိုး မေးငေါ့ထိုးလာကြသလို၊ ခေတ်ပေါ် အက်ဆေးသမားတွေကလည်း အစဉ်အလာ အက်ဆေးတွေကိုအန်းတိတ်ကြီးတွေပါဗျာဟု  အထင်သေး၊ အမြင်သေး အဟောင်းပုံထဲ ထိုးထည့်လိုကြသံတွေ ပျံ့လွင့်လာသည်။ သဘောထား အမြင်တွေ ဆန့်ကျင်ကွဲပြားလာကြသည်။

ဤသို့ဖြင့် စာပေလွင်ပြင်တွင် ဒါ အက်ဆေးဟုတ် မဟုတ်၊ ရသစာတမ်း မှန်မမှန် ဝေဖန်မျက်စိဖြင့် ကြည့်သူကကြည့်၊ သံသယ မျက်စိဖြင့် ဖတ်သူကဖတ်ဖြစ်လာကြသည်။ မလိုလားအပ်သော ပြဿနာတစ်ရပ်။ မလိုလားအပ်စွာ ပေါ်ပေါက်လာလျက်ရှိသည်ဟု ပြောရမလိုပင် ဖြစ်နေတာ သတိပြုမိပါသည်။

ကျွန်တော်တို့ ဘယ်လို ဖြေရှင်းမလဲ။ ဤနေရာတွင် ဆရာ့ ဆရာတို့၏ အတွေးအယူကို အနည်းငယ် တင်ပြပါရစေ။

ဆရာတက်တိုးက (အတွေးအမြင်၊ ၁၉၈၆၊မတ်လ)သူ၏ “ဒဿန စာပေ”ဟူ သော ဆောင်းပါးတွင် “အတွေးအမြင် ဆောင်းပါးလေးများ ရေးသော အက် ဆေးဆရာများသည် ရှေးခေတ်က တော် တော်များများရှိခဲ့သည်။ ယခုခေတ်၌ သူတို့ မျိုးဆက်ကို “ဆောင်းပါးရှင်” ဟု ခေါ်ကြသည်။ အက်ဆေးဟူသော ဝေါဟာရ၏ အဓိပ္ပာယ်သည် ကျယ်ပြန့်၍ အသုံးအနှုန်းမှာလည်း ကျယ်ပြန့်လာသည်။ ဆောင်းပါးအချို့ကို အက်ဆေးဟု ခေါ်ကြသည်။ ဥပမာ၊ အမေရိကန် သတင်း မဂ္ဂဇင်း “တိုင်း”(Time) တွင် ပါတတ်သော အက်ဆေးမျိုး။ ထိုအက်ဆေးမျိုးသည် “ဆောင်းပါး”ဟု ယခု ခေါ်နေသော အရေးအသားနှင့် ကွာခြား ချက်မရှိပေ”ဟု ရေးသားခဲ့သည်။

ဆရာကြည်နိုင်ကလည်း “နာရီ ခွဲသူများ” အက်ဆေး စာအုပ် နိဒါန်း၌ “အက်ဆေးတွင် ကဗျာရသသည်လည်းကောင်း၊ ၀တ္ထုတိုရသသည်လည်းကောင်း၊ ကြွယ်ဝစွာ ပါဝင်နေသည်ဟု ယုံကြည်မိပေသည်”ဟု အပီရေးထားတာ ဖတ်ရသည်။

ပြီးတော့ ဆရာ နေ၀င်းမြင့်၏ “နိုင်ငံတကာ ရသအတွေး၊ ရသအက်ဆေး”အမှာစာ၌လည်း၊ အက်ဆေးတွင် အက်ဆေး တစ်ပုဒ်၏ ပင်ကို ကိုယ်ရည်ကိုယ်သွေး အလင်္ကာ လက္ခဏာများ ရှိရခြင်း (Rhetorieal element) နှင့် ကိုယ်ပိုင်မူ (သို့မဟုတ်) အပြောက်အမွမ်း ရှိရခြင်း (Principle or Pattern) တို့ ပါရှိသည်ဟု တွေ့ရရာ၊ အက်ဆေးတွင် ကဗျာရသဟု ဆိုအပ်သော အလင်္ကာ အရိပ်လက္ခဏာ၊ ၀တ္ထုတိုရသနှင့် နီးစပ်သည့် အပြောက်အမွမ်းစတာတွေ ပါသင့်သည်ဟု တွေးယူထားတာ မှတ် သားခဲ့ရဖူးပါသည်။

ကျွန်တော့်သဘောကို ပြောရမည်ဆိုပါလျှင်…ဂလိုဘယ်ခေတ်၊ အိုင်တီခေတ်နှင့်အညီ ကမ္ဘာကြီး အဘက်ဘက်က ပြောင်းလဲတိုးတက်လာသည်နှင့်အမျှ အနုပညာဆိုင်ရာ အတွေးအမြင် အယူအဆတွေ ရွေ့လျားပြောင်းလဲလာရမည်ကို ကျွန်တော် အပါအ၀င်၊ အစဉ်အလာ အက်ဆေးဆရာတွေ ယေဘုယျနားလည် သဘောတူ လက်ခံပြီးဖြစ်ပါသည်။ အက်ဆေးဟူသော ဝေါဟာရ၏ မူလအဓိပ္ပာယ်ကလည်း စမ်းသပ်ခြင်းဖြစ်ရာ၊ အခါမလပ် စူးစမ်း၊ တီထွင်၊ စမ်းသပ်ရမှာပဲဟု နားလည်ခဲ့ပါ၏။

ဒီကနေ့ ကျွန်တော်တို့ ရေးနေကြသည့် အက်ဆေးတွေကလည်း လက်ရှိအနေအထားနှင့် လုံလောက်မှု မရှိတော့။ ခေတ်၏ တောင်းဆိုချက်နှင့်အညီ ကျွန်တော်တို့ လိုက်လျော ညီထွေစွာ လိုအပ်ချက်နှင့်အညီ ပြောင်းလဲရတော့မည်။ မြစ်ဟာ မကွေ့ရင်မလှဘူး၊ ကွေ့မှ လှမည်ဆိုသလို တစ်ခုခုတော့ ပြောင်းရရွှေ့ရ၊ ကွေ့ရတော့မှာ အသေအချာပဲ ဖြစ်သည်။ ဒီတော့ ကျွန်တော်တို့ ရသစာတမ်း သို့ မဟုတ် အက်ဆေးတွေကို ခေတ်ရေစီးအရ၊ ဘယ်အင်္ဂါရပ်တွေဟာ ခေတ်နဲ့ မလျော်ညီလို့ ချန်ထားခဲ့၊ သိမ်းနုတ်ဖယ် ရှားသင့်သည်၊ ဘယ်အရာတွေကတော့ အခြေအနေအရ ထပ်မံတိုးချဲ့ဖြည့်ဆည်းသင့်သည် ဆိုတာတွေကို မိမိတို့ အလေ့အထုံ အတွေ့အကြုံနှင့် ယှဉ်ပြီး တွေးဆ ဆင်ခြင်လျက် ရှိကြပါသည်။ ကျွန်တော်တို့ အက်ဆေးချစ်သူတွေ ဆုံမိကြလေတိုင်း ဤအကြောင်းအရာကို မမေ့မလျော့ တွေးဆနှီးနှောလျက် ရှိတာလည်း အသေအချာပဲ ဖြစ်ပါသည်။ ကျွန်တော်အနေနှင့်ကတော့ ဒီလိုပဲ ပြောချင်သည်။

မိမိ ထင်မြင်ရာ၊ ယုံကြည်ရာ၊ နှစ်သက်ရာ လမ်းအတိုင်း အက်ဆေး စခန်းသို့ လွတ်လပ်စွာ လှမ်းကြပါ။ ရေးကြပါ။ ဆရာမောင်စိမ်းနီ၏ ပိတောက်ပွင့်သစ်မဂ္ဂဇင်း ဆောင်ပုဒ်အတိုင်း ပြည်သူချစ်လျှင် ကမ္ဗည်းတင်မှာ ဖြစ်သည်။ တကယ်တမ်း အဆုံးအဖြတ်ပေးမည့်သူမှာ စာဖတ်သူ ပြည်သူတို့သာ ဖြစ်သည်။

တကယ် ပြောကြစတမ်း ဆိုလျှင် အက်ဆေး ဆိုတာကိုက ကျွန်တော်တို့ မိရိုးဖလာ စာပေပုံသဏ္ဌာန် တစ်ခုမဟုတ်ပါပေ။ သူတို့ အနောက်တိုင်းဆီက ရောက်လာသော စာပေအမျိုးအစား ဖြစ်သည်။ သူတို့ဆီမှာပေါ်ခဲ့တာ နှစ်ပေါင်း လေးရာကျော်ခဲ့ပြီ ဖြစ်သော်လည်း ကျွန်တော်တို့ဆီသို့ ဂန္ထလောကခေတ်ကမှ ရောက်ရှိလာသည်ဆိုတော့ နှစ်ပေါင်း ရှစ်ဆယ်ခန့်ပင် ရှိပါသေးသည်။ လှိုင်းအပုတ်မှာ မြုပ်လိုက်ပေါ်လိုက်နှင့်။ ဒါကို ဆရာ့ဆရာကြီးတွေက အစဉ်အဆက် ပြုပြင်မွမ်းမံ၊ မြန်မာရနံ့ဖျန်းပြီး တစ်မျိုးတစ်ဘာသာ ဆန်းသစ်အောင် စီရင်ခဲ့ကြသည်။

သို့ဖြင့် ကျွန်တော်တို့ မိခင်စာပေ အကိုင်းအခက် တစ်ခုလို ဖြစ်လာကာ၊ အတော်လေး အထာကျ  တည်ငြိမ်ရင့်ကျက် လာခဲ့ပြီ ဖြစ်သည်။ ဣနြေ္ဒ သိက္ခာရှိလာခဲ့ပြီ ဖြစ်သည်။ ထိုလမ်း အတိုင်းပင် ရသစာတမ်းခေါ် ရသအက်ဆေးကို ဆရာဇော်ဂျီ၊ ဆရာနွယ်စိုး၊ ဆရာဇေယျ၊ ဆရာတိုက်စိုး၊ ဆရာမြသန်းတင့်၊ ဆရာအောင်သင်းတို့ လက်ဆင့်ကမ်း သယ်ဆောင်လာခဲ့ကြသည်။

ဒီမှာ ဆရာ မောင်ခိုင်လတ် ပြောတာကို ကျွန်တော် သတိရမိပါသည်။ ကျွန်တော်တို့ ရေးနေတာ မြန်မာတွေ ဖတ်ဖို့ ရေးနေတာ၊ မြန်မာအက်ဆေးဆိုတဲ့ မြန်မာ့နည်း မြန်မာ့ဟန်နဲ့ ကျွန်တော်တို့ အဖြစ်နိုင်ဆုံး မြန်မာ့နား၊ မြန်မာ့ နှလုံးသားတွေဆီ ရောက်ဖို့ ကြိုးပမ်းနေတာ။ ဘယ်သူတွေ ဘာပြောပြော၊ အခု ကျွန်တော်တို့ ရေးဟန်နဲ့ မြန်မာလူထုနဲ့ အဆီလျော်ဆုံးလို့ ကျွန်တော်တို့ ဆာဗေးလုပ်လို့ရတယ် ဟူသော စကား။ စဉ်စားစရာ အလွန်ကောင်းသည်ဟု ဆိုချင်ပါသည်။

အားလုံး သိကြသည့် အတိုင်းပါပဲ။

ကျွန်တော်တို့၏ အစဉ်အလာ ဆရာ့ ဆရာကြီးတွေကတော့ အက်ဆေးကို အမည်နာမအမျိုးမျိုး ကင်ပွန်းတပ် ခေါ်ဆိုခဲ့ကြသော်လည်း၊ နောက်ဆုံး “ရသစာတမ်း”ဟူသော အသုံးကို ခံတွင်းအတွေ့ဆုံး ဖြစ်ကာ ရသစာတမ်းဟုပင် တွင်တွင်ကြီး ခေါ်ဝေါ်သုံးစွဲခဲ့ကြသည်။ ထိုအမည်အရ “ရသစာတမ်း”ဆိုကတည်းက “ရသ”အဖွဲ့ပါကို ပါရမည်။ မပါမဖြစ်ဆိုတာ အထူးပြောဖွယ်ရာပင် မလိုတော့ပါ။ အခု နောက်ပိုင်းမှာမှ ရသစာတမ်းကို “အက်ဆေး”လို့ပဲ တိုက်ရိုက် ဝေါဟာရဖလှယ်ပြီး မြန်မာမှု ပြုသုံးစွဲလာကြရာမှ၊ တစ်နည်းဆိုရလျှင်၊ ယနေ့နိုင်ငံတကာ (ဥပမာ- Time, Newsweek) အက်ဆေးတွေကို အတုယူကာ အက်ဆေးမှာ ရသပါစရာ မလို၊ ရသမပါလည်း ဖြစ်တယ်ဟု ဆိုလာကြပုံရသည်ဟု တွေးမိပါသည်။

အက်ဆေးကို တချို့က “အက်ဆေး”ဟူ၍ ခေါ်ဝေါ် သုံးစွဲသလို၊ တချို့က “ရသအက်ဆေး”ဟူ၍လည်း ခေါ်ဝေါ်သုံးစွဲကြတာလည်း ရှိပါသေးသည်။ ရသ အက်ဆေးဆိုလျှင်တော့ ရသကို ဖယ်ချန်စွန့်ပစ်ထားလို့ရမည် မဟုတ်တာ သတိပြုမိဖို့ လိုပါသည်။ သို့ဖြင့် အမျိုးအစားခွဲပြောရမည်ဆိုလျှင် အက်ဆေးကသတ်သတ်၊ ရသအက်ဆေးက သတ်သတ်ဟု ခွဲရမည်ဖြစ်သည်။

ဒါကြောင့် နောက်ဆုံးပြောရလျှင်- အက်ဆေးကို ဘယ်လိုရေးရေး၊ ရသပါပါ မပါပါ အက်ဆေး ဖြစ်နိုင်သည်။ သို့သော် အက်ဆေးတိုင်းသည် ရသစာတမ်း မဟုတ်၊ ရသစာတမ်း မဖြစ်နိုင်။(လုံးဝ မဖြစ်နိုင်။) ရသစာတမ်း တိုင်းသာလျှင် အက်ဆေး ဖြစ်နိုင်သည်ဟု ကျွန်တော် အခိုင်အမာ ပြောချင်သည်။ ဆုံးဆုံးဖြတ်ဖြတ် ပြောချင်သည်။ အခု ဟောဒီ ကျွန်တော့်အရေးအသား စာစုကို ရသစာတမ်းဟု မပြောလိုပါ။ သို့သော် “အက်ဆေး” ဟု ကျွန်တော် ပြောမည် ဆိုပါလျှင် စာဖတ်သူတို့ သဘောတူနိုင်ပါသလား။

 

မင်းချမ်းမွန်

(ရွှေအမြုတေ မဂ္ဂဇင်း၊ဖေဖေါ်ဝါရီလ ၂၀၁၁)

 

Facebook တွင်ဖတ်ရန်