myanmar

 

(၁)

လူသတ္တ၀ါဆိုတာ တစ်နေ့ တစ်နေ့ ပြောတဲ့စကားတွေ များချင်မှ များမယ်၊ လုပ်တဲ့အလုပ်တွေ များချင်မှ များမယ်။ ဒါပေမယ့် တွေးတဲ့အတွေးကတော့ မိုးလင်းအိပ်ရာထကနေ ညအိပ်ရာဝင်အထိ မဆုံးနိုင်အောင်ကို တရစပ်တွေးမိနေတတ်တယ်။ မြင်ရင်မြင်တယ်လို့ မှတ်၊ ကြားရင်ကြားတယ်လို့ မှတ်ဆိုသလို ဆရာတော်ဘုရားကြီးတွေရဲ့ သြ၀ါဒကို အပ္ပမာဒေန သမ္မာဒေထ မလုပ်နိုင်တော့လည်း အတွေးနောက်မှာ ဇောတွေ၊ စေတသိတ်တွေ ကပ်ပါကုန်ရော။ တွေးတဲ့အထဲမှာ ပုဂ္ဂိုလ်ဆန်တဲ့အတွေးပါသလို ဥာဏ်ပိစိနဲ့ အဆာကျယ်ချင်တဲ့ တိုင်းရေးပြည်ရေးအကြောင်းတွေလည်း ပါတယ်။

 

(၂)

ပထမဆုံးတွေးမိတာက စာရေးသူ မနက်တိုင်း ရန်ကုန်မြို့၊ ပြည်လမ်းပေါ်က ဖြတ်တိုင်း တွေးမိတဲ့အတွေးပါ။ ရန်ကုန်မြို့တော် စည်ပင်သာယာရဲ့ ကျေးဇူးကြောင့် မနက် (၈) နာရီဝန်းကျင်ဆိုရင် ပြည်လမ်းတလျှောက် ၀ဲယာ ဘယ်ဘက်ကြည့်ကြည့် အမှိုက်တစ်စမရှိ သာသာယာယာအတိ ဖြစ်နေတယ်။ ဒါပေမယ့် စာရေးသူ ဒီလမ်းကနေ ပြန်လာတဲ့အချိန် ညနေ (၅) နာရီလောက်ဆိုရင် လမ်းဘေးမှာ အမှိုက်တွေ ပွထနေပါပြီ။ တလောကတော့ နာရေးကူညီမှုအသင်းက ရန်ကုန်မြို့တော် သန့်ရှင်းသာယာရေးအတွက် ကိုယ်ထူကိုယ်ထ အမှိုက်ကောက်ဖို့ စီစဉ်တယ်ဆိုတာ ကြားလိုက်ရသေးတယ်။ နောက်တော့လည်း ခွင့်ပြုချက်မရဘူးတဲ့။ အမှိုက်တွေကို တွေ့တိုင်း တော်တော်များများ ပြောတတ်တာက “ဟယ် လူတွေ စည်းကမ်းမရှိလိုက်တာ” ဆိုတာပဲ။ ဒါဟာလည်း တစိတ်တပိုင်းတော့ မှန်တာပါပဲ။ ဒါပေမယ့် သူများကိုသာ စည်းကမ်းမရှိဘူးပြောနေတာ။ ကိုယ်ကိုယ်တိုင်ကကျတော့ လစ်ရင်လစ်သလို နောက်ဖေးလမ်းကြား အမှိုက်ချသူတွေဖြစ်ချင်ဖြစ်နေတတ်တာ။ ဒီစည်းကမ်းမရှိဘူးဆိုတဲ့ ဝေဖန်ချက်ရဲ့ ဇစ်မြစ်ကို ပြန်လှန်ကြည့်မယ်ဆိုရင် အစိုးရကရော ပြည်သူတွေ အမှိုက်ကို အလွယ်တကူ ပစ်နိုင်အောင် အမှိုက်ပုံးတွေကို လမ်းလှမ်းမှီတဲ့ နေရာတိုင်းမှာ ထားပေးရဲ့လားဆိုတာပဲ။ ဘယ်နှကိုက်အကွာမှာ အမှိုက်ပုံးတလုံးဆိုတာမျိုး သတ်မှတ်ပြီး ထားပေးသလားလို့ မေးစရာရှိတယ်။ အဲဒီနောက် တဆင့်တက်ပြီး တွေးကြည့်မိပါတယ်။ ကဲ.. အစိုးရက အမှိုက်ပုံးတွေ နေရာတကာမှာ လုံလောက်အောင် ထားပေးတယ်ပဲ ထားဦး။ မနှစ်က ရန်ကုန်စည်ပင်ရဲ့ အမှိုက်ပုံး ပျောက်သွားလို့ဆိုတဲ့ သတင်းတွေ ဂျာနယ်တွေထဲမှာ ဖတ်မိသေးတယ်။ အမှိုက်ပုံးကအစ ခိုးရတယ်လို့လည်း အပြစ်တင်မစောနဲ့ဦး။ ငတ်နေတဲ့သူအဖို့ အမှိုက်ပုံးလည်း ခိုးမှာပဲ။ သောက်ရေအိုးစင်က ခွက်လည်း ယူမှာပဲ။ မြောင်းဖုံးကိုလည်း ထင်းစိုက်ဖို့ မ သွားမှာပဲလေ။ ဆင်းရဲခြင်းရောဂါဝင်ရင် ပညာရေးနိမ့်ကျခြင်း၊ ကျန်းမာရေးစံမမီခြင်း၊ စာရိတ္တချွတ်ချော်ခြင်း အစရှိတဲ့ နောက်ဆက်တွဲ ရောဂါတွေက တသီကြီး ကပ်ပါလာမှာကိုး။ ဒီလိုတွေးမိပြန်တော့ ယနေ့အထိ နိုင်ငံ ဆင်းရဲတွင်းကနေ ရုန်းမတက်နိုင်အောင် မူဝါဒတွေ ပြုပြင်ပြောင်းလဲဖို့ရာ နှောင့်နှေးနေတဲ့ အစိုးရကသာ အရာခပ်သိမ်းအတွက် အပြစ်ရှိသူကြီး ဖြစ်နေပြန်ရော။ တခုရှိတာက စည်းကမ်းတကျ အမှိုက်မစွန့်ပစ်ခြင်းကိစ္စမှာ အကျယ်ချဲ့တွေးရင် တွေးသလို အကြောင်းရင်းမျိုးစုံပါနိုင်သလို အဓိကတာဝန်ရှိသူ သူဖြစ်တယ်၊ ငါဖြစ်တယ်ဆိုတာမျိုး တရားခံရှာချင်လည်း ရှာလို့ရနိုင်ပေမယ့် “စည်းကမ်းတကျ” ဆိုတဲ့ ဝေါဟာရကြောင့် လူမှုရေးရှုထောင့်က ကြည့်မယ်ဆိုရင် ဒါဟာ ကျင့်ဝတ်စောင့်ထိန်းရမယ့်အပိုင်း လိုအပ်ချက်ရှိနေလို့ဆိုတာ ငြင်းလို့မရပါဘူး။ တကယ်တော့ မြန်မာတွေဟာ စည်းကမ်းမရှိတာ၊ စည်းကမ်းမလိုက်နာနိုင်တာ မဟုတ်ပါဘူး။ စည်းကမ်း ဖောက်ဖျက်ခွင့်ရှိနေလို့ ဖောက်ဖျက်နေတာပါ။ တလောက စာရေးသူ နယ်စပ်မြို့တွေဖြစ်တဲ့ ထိုင်းနိုင်ငံဘက်အခြမ်း ရနောင်းနဲ့ တရုတ်နိုင်ငံ ရွှေလီကို ရောက်ခဲ့သေးတယ်။ မူဆယ်မှာပဲဖြစ်ဖြစ်၊ ကော့သောင်းမှာပဲဖြစ်ဖြစ် မြန်မာတွေဟာ အမှိုက်ပစ်ချင်သလိုပစ်တယ်။ ကွမ်းသွေး ထွေးချင်သလို ထွေးတယ်။ ဒါပေမယ့် မြစ်လေး၊ တံတိုင်းလေးခြားလို့ ဟိုဘက်နိုင်ငံကို ရောက်သွားပြီဆိုတာနဲ့ သူတို့စည်းကမ်းအတိုင်း နေထိုင်တယ်။ အမှိုက်တစမချဘူး။ တော်သလို ကွမ်းသွေးထွေးတာ မရှိဘူး။ ဒါကြောင့် မြန်မာလူမျိုးဟာ စည်းကမ်းမလိုက်နာနိုင်တဲ့သူမျိုး ဟုတ်ကို မဟုတ်ဘူး။ အခွင့်အရေးရလို့ ဖောက်ဖျက်နေတဲ့သူမျိုးသာဖြစ်တယ်။ နိုင်ငံခြားမှာ အဆင့်မြင့်ပညာတွေ သင်လာပါတယ်ဆိုတဲ့ စာရေးသူရဲ့ မိတ်ဆွေတချို့တောင် မြန်မာနိုင်ငံပြန်ရောက်လို့ လပိုင်းလောက်ကြာရင် ဒီကအကျင့်စရိုက်အတိုင်း အမှိုက်ကို ပစ်ချင်သလိုပစ်လာကြတယ်။ တကယ်တော့ ဒါဟာ အမှိုက် ဘယ်လိုပစ်ရမလဲဆိုတာနဲ့ ပတ်သက်ပြီး လိုက်နာရမယ့် စည်းကမ်းကို သူတို့တွေရဲ့ ရင်ထဲ အသည်းထဲကို ရိုက်သွင်းပေးနိုင်မှု အားနည်းနေလို့ပါပဲ။ ဒဏ်ငွေဆောင်ရမှ စည်းကမ်းလိုက်နာမယ်ဆိုတာ ဒီသတ်မှတ်တားမြစ်ချက်အပေါ် တဖက်လူ ဆန္ဒအလျောက်အလိုအလျောက် လိုက်ပါလာအောင် မဆွဲဆောင်နိုင်လို့၊ မစည်းရုံးနိုင်လို့ ဒဏ်ကြေးနဲ့ ခြိမ်းခြောက်ရတာပါပဲ။ နောက်တခု ဥပမာ ပြောရရင် ရန်ကုန်မှာ လူကူးမျဉ်းကြားက မကူးရင် တခါတရံမှာ ရဲက စီမံချက်ချပြီး ဖမ်းတယ်။ အဲ့လို ဖမ်းတဲ့အခါကျရင် တယောက်နဲ့ တယောက် “ကလေးမလေး.. ဟိုဘက်က ရဲမရှိဘူး။ အဲဒီဘက်မှာ ရဲရှိတယ်။ ဟိုဘက်ကနေ သွားကူးနော်” ဆိုတာမျိုး ရဲမဖမ်းတဲ့ဘက်ကနေ သွားဖို့ စေတနာထားပြီး လမ်းညွှန်ကြတယ်။ ဟိုမှာ လူကူးမျဉ်းကြားရှိတယ်၊ အဲဒီကပဲ ကူးနော်လို့ ဘယ်သူမှ မပြောကြဘူး။ ရဲမဖမ်းအောင် စည်းကမ်းဘယ်လို ဖောက်ဖျက်ရမလဲဆိုတာက အရင်စဉ်းစားတယ်။ ဒီတော့ ရဲက ဖမ်းတုန်းတော့ ခဏငြိမ်သွားပြီး ရဲမရှိရင် ကြောင်မရှိတော့ ကြွက်သောင်းကျန်းဆိုသလို ဖြစ်နေတာမျိုး ရေရှည်ဆိုရင် မကောင်းဘူး။ အဲဒီ လူကူးမျဉ်းကြားကိစ္စမှာလည်း တခြားနိုင်ငံမှာလို လူတွေ ဖြတ်ကူးလို့ရအောင် အချိန်ပေးထား၊ လူကူးမျဉ်းကြားနေရာမှာ မီးပွိုင့်ထားပေးထားတာမျိုး မရှိဘူး။ ဘယ်ကားကမှလည်း အလိုက်တသိ မရပ်ပေးဘူး။ ကိုယ်တွေကလည်း သူတို့မရပ်ပေးတော့ ဘယ်အချိန် ကူးရမယ်မှန်းမသိဘူး။ ဒီတော့ သင့်တော်တဲ့နေရာကနေ သင့်တော်သလို ကူးလိုက်ကြတာပဲ။ ပြောရရင် ဒီဘူတာပဲ ဆိုက်တယ်လို့ ဆိုချင်ဆို။ အစိုးရဘက်ကနေ မူဝါဒတခု အကောင်အထည်ဖော်ဖို့ဆိုတာ စာရွက်ထဲမှာသာ ဗျူဟာတွေ အမျိုးမျိုးရှိပြီး လက်တွေ့မှာ ဘာမှပြည့်စုံအောင် မလုပ်နိုင်တာပဲ။ ပြည်သူလိုက်နာနိုင်တဲ့ အနေအထားတခု၊ အစောကပြောသလို စည်းကမ်းရိုသေလေးစားတတ်တဲ့စိတ်ဓာတ်မျိုး နိုင်ငံသားရဲ့ နှလုံးသားထဲ ကိန်းအောင်းနေအောင် ငယ်စဉ်ကတည်းက ကျောင်းတွေမှာ သင်ကြားတာမျိုး၊ လိုက်ပါလုပ်ဆောင်နိုင်စေမယ့် အခြေအနေဖန်တီးပေးတာမျိုး မလုပ်ဘဲ ဖမ်းမယ်၊ ဆီးမယ် လုပ်နေလို့ကတော့ ဘာမှ အကျိုးထူးလာစရာမရှိပါဘူး။ ဘယ်သူမဆို ကိုယ်ယုံကြည်ရာ၊ ကိုယ်မြတ်နိုးတဲ့အရာမှန်ကန်ရင် စိတ်ရောကိုယ်ပါ လုပ်ဆောင်တတ်ပါတယ်။ အမှိုက်အကြောင်း ဋီကာချဲ့တာမဟုတ်ပေမယ့် အမှိုက်ကအစ ပြသာဒ်မီးလောင်တတ်တာမျိုးလည်း ရှိတော့ နိုင်ငံသားတဦးချင်းစီရဲ့ အမှုမဲ့ အမှတ်မဲ့ ပြုလိုက်တဲ့အပြုအမူဟာ နိုင်ငံရဲ့ပုံရိပ်ဆိုတာမျိုး တိုင်းတပါးသားကသာ ကောက်ချက်ချသွားမယ်ဆိုရင် နိုင်ငံအတွက် နစ်နာတာပါပဲ။

 

(၃)

အမှိုက်ကိစ္စနဲ့ပတ်သက်ပြီး ဆက်စပ်သွားတဲ့ အတွေးက မြန်မာနိုင်ငံသားအများစု ယဉ်ကျေးမှုမရှိတဲ့အကြောင်းပါပဲ။ ယဉ်ကျေးမှုလို့ ပြောလိုက်ရင် တော်တော်များများ တွေးတတ်တာက Culture ကိုပဲ မြင်တတ်တယ်။ တကယ်က Civilized ဖြစ်၊ မဖြစ်ကို ပြောချင်တာပါ။ Civilized ကို ယဉ်ကျေးသိမ်မွေ့တိုးတက်သော လို့ ဘာသာပြန်ဆိုတာထက် ဒီနေရာမှာ လူအချင်းချင်း လေးစားမှု၊ ဦးစားပေးမှု၊ ယဉ်ကျေးစွာပြုမူနေထိုင်မှုလို့ ညွှန်းဆိုရင် ပိုပြီးနားရှင်းလိမ့်မယ်ထင်ပါတယ်။ မြန်မာတွေ ယဉ်ကျေးတယ်လို့ သတ်မှတ်ထားတဲ့ ကိစ္စတခုနဲ့ ပတ်သက်ပြီး စာရေးသူရဲ့ အတွေ့အကြုံကို ပြောချင်ပါတယ်။ လွန်ခဲ့တဲ့ သုံးနှစ်လောက်က အညာဒေသ ကျေးရွာတရွာကို စာရေးသူ သွားတော့ အပြန်မှာ ရွာက ကလေးတွေရဲ့ မူလတန်းကျောင်းရှေ့ကနေ ဖြတ်သွားရတယ်။ စာရေးသူက ဂျစ်ကားရှေ့ခန်းမှာ ထိုင်လို့ပေါ့။ တကယ်က ဂျစ်ကားကလည်း ခပ်စုတ်စုတ်ပါ။ အချိန်က ကလေးတွေ ကျောင်းဆင်းချိန်။ ကလေးတွေက စာရေးသူတို့ကားကိုလည်း မြင်ရော လက်ပိုက်ပြီး (ခေါင်းငုံ့တာထက်တောင်ပိုပြီး) ကိုးဆယ်ဒီဂရီ ခါးတွေ ကိုင်းပြီး အရိုအသေပေးကြတယ်။ လမ်းတလျှောက် မြင်မြင်သမျှ ကလေးတွေ အဲ့သလိုချည်းပဲ။ ကိုယ့်မှာ “သူတို့က ဘာလို့အဲ့လို လုပ်ကြတာလဲ” လို့ ကားမောင်းသူကို မေးတော့ ဆရာမက ရွာဖွံ့ဖြိုးရေးကို လာလုပ်တဲ့ဧည့်သည်ဆိုတာ သူတို့သိလို့ အရိုအသေပေးတာပါတဲ့။ စာရေးသူမှာတော့ အတော်လေး စိတ်မသက်မသာ ဖြစ်ရတယ်။ ဒီအကြောင်း စာရေးသူ အဖေနဲ့ စကားစပ်မိတော့ သူက “သိပ်ချစ်စရာကောင်းတဲ့ အပြုအမူပဲ။ ယဉ်ကျေးလိုက်ကြတာ” ဆိုပြီး မှတ်ချက်ချတယ်။ ဒီမှာ စာရေးသူနဲ့ သူနဲ့ ၀ိဝါဒကွဲပြားတော့တာပဲ။ လူကြီးသူမရှေ့ကနေ သွားရင် ခေါင်းငုံ့သွားရမယ်၊ ထမင်းစားရင် ကြီးသူကို ဦးချရမယ် စသဖြင့် စာရေးသူတို့ ငယ်စဉ်က ဘိုးဘွားမိဘ သင်ကြားတာတွေဟာ ကိုယ့်ထက်အသက်ကြီး ၀ါကြီးသူကို ဘယ်လိုလေးစားရမယ်ဆိုပြီး ညွှန်ပြခဲ့တာမို့ မလိုက်နာစရာ၊ မကောင်းဘူးလို့ မြင်စရာ ဘာမှမရှိပါဘူး။ တဘက်လူကို ဦးစာပေးတာဟာ လူယဉ်ကျေးရဲ့ အပြုအမူပဲလေ။ ဒါပေမယ့် ၀ူးကနဲ ဖြတ်သွားတဲ့ ကားပေါ်ပါလာသူကိုတောင် အဝေးက မြင်ရုံနဲ့ မျက်နှာမော့မကြည့်ရဲလောက်အောင် အရိုအသေပေးတာဟာ ကလေးတွေကို အငုံ့စိတ်သွင်းပေးထားတာနဲ့ တူပါတယ်။ ယဉ်ကျေးတယ်ဆိုတဲ့ ဘောင်ကို ကျော်လွန်သွားပြီ။ ပဒေသရာဇ်ခေတ်မှာသာ ကျန်နေခဲ့သင့်တဲ့ အရာမျိုးပါ။ အဲသလို အလွန်အကျွံ ရိုးတာတွေ များတော့ အ ပြီး၊ တုံးကုန်တယ်။ မိမိထက် အခြေအနေ တပန်းသာသူနဲ့ ယှဉ်ရမယ်ဆိုရင် မပြောရဲ မဆိုရဲ မလုပ်ရဲတဲ့ စိတ်တွေဝင်ကုန်တယ်။ ခက်တာက မြန်မာတွေဟာ ဒါကိုပဲ ဂုဏ်တခုအနေနဲ့ မြင်ကြတာပဲ။ ငါတို့ သာကီဝင်လူမျိုး ဘယ်လိုဘယ်ဝါ ယဉ်ကျေးတယ်ဆိုပြီး ဒီလိုကိစ္စရပ်တွေနဲ့ သာဓကဆောင်နေကြတာ အတော်ရင်မောစရာကောင်းတယ်။ ဒါမျိုးကိုတော့ ယဉ်ကျေးတယ်လို့သာ တွေးကြတာ။ တဘက်လူ စားသောက်နေတဲ့ ဘေးကိုလာပြီး သလိပ်ဟန့်တာ၊ ထွီ.. ထွမ်.. ဂူး.. ဂဲ လုပ်နေတာ၊ အားပါးတရ နှပ်ချေးကလော်နေတာ၊ စနစ်တကျတန်းစီပါလို့ စာကပ်ထားတာတောင် ကျော်ခွပြီး ကိုယ်လိုရာအတွက်ပဲ ကြည့်ကြတာ၊ လမ်းဘေးရေအိုင်ဖြစ်နေရင် တဘက်လူ ရေမစင်အောင် ကားဘယ်လိုမောင်းရမလဲဆိုတာမျိုး အသိစိတ်မရှိတာတွေဟာ ယဉ်ကျေးသတဲ့လား။ ယဉ်ကျေးတဲ့အပြုအမူဆိုတာ ရုပ်ဝတ္ထုအားဖြင့် ကြွယ်ဝခြင်း၊ နိမ့်ပါးခြင်းနဲ့ မသက်ဆိုင်ပါဘူး။ စိတ်ဓာတ်ပိုင်းစွမ်းရည် တနည်းအားဖြင့် နှလုံးရည်မြင့်မားတယ်၊ မမြင့်မားဘူးဆိုတာနဲ့ပဲ သက်ဆိုင်ပါတယ်။ ကြီးသူကို ရိုသေ၊ ရွယ်တူကို လေးစား၊ ငယ်သူကို သနားဖို့ လောကနီတိမှာ ဘယ်လိုပဲ ညွှန်းဆို ညွှန်းဆို လက်တွေ့မှာတော့ တဦးနဲ့တဦး အပြန်အလှန် လေးစားမှု၊ အသိအမှတ်ပြုမှု အလေ့အထတွေ မြန်မာတွေမှာ နည်းပါးပါသေးတယ်။  ဒီတော့လည်း မြန်မာတွေ နှလုံးရည်နိမ့်ပါးတယ်လို့ ပြောရင် တကောင်း အဘိရာဇာ ရာဇ၀င်နဲ့အစချီပြီး သွေးကြီးနေသူများအဖို့ နာစရာချည်းပဲပေါ့။

 

(၄)

ဒီနှစ် တက္ကသိုလ်ဝင်တန်းအောင်မြင်တဲ့ ကျောင်းသူ ကျောင်းသားတွေကို နိုင်ငံရေးသိပ္ပံဘာသာလျှောက်ထားလိုရင် စုစုပေါင်းအမှတ် ၄၇၀ ရှိရမယ်လို့ အရပ်ပြောစကားတွေ ကြားနေရတယ်။ စာရေးသူအနေနဲ့ စိတ်ဝင်စားတာက ဒီဘာသာရပ်ကို ဘယ်သူတွေက ဘယ်လိုသင်မှာလဲဆိုတာကိုပါ။ ရန်ကုန်တက္ကသိုလ်မှာ နိုင်ငံတကာဆက်ဆံရေးပညာ ဒစ်ပလိုမာ တနှစ်သင်တန်းကို လက်ရှိတက်ရောက်နေတဲ့ စာရေးသူရဲ့ မိတ်ဆွေတယောက်ကတော့ စာသင်နေတဲ့ ဆရာမတွေက အင်္ဂလိပ်လို ရေးထားတဲ့ သမိုင်းကို တကြောင်းချင်းစီ ဖတ်ပြပြီး ဘာသာပြန်နေတယ်လို့ ဝေဖန်ပါတယ်။ သူ သိလိုတာက နိုင်ငံတနိုင်ငံနဲ့ တနိုင်ငံ သမိုင်းကြောင်းအရ ဘယ်လိုဆက်စပ်တယ်၊ အတွေးအခေါ်တွေ ဘယ်လိုဂယက်ရိုက်ခဲ့တယ်၊ ဘယ်လိုဖြတ်သန်းခဲ့ကြတယ်၊ ဘယ်လိုအသုံးချခဲ့တယ်ဆိုတာ ပေထက်အက္ခရာတင်ထားတဲ့ သမိုင်းအပြင် ဆရာနဲ့ ကျောင်းသား အပြန်အလှန်ဆွေးနွေးကြ၊ သုံးသပ် ဝေဖန်ကြတာမျိုးကို လိုတာပါတဲ့။ ခုတော့ စာတော်ဖတ်တွေနဲ့ သင်နေရတဲ့ အိုင်အာရ် ဘာသာရပ်က အတော်ကို ပျင်းရိစရာကောင်းတယ်ဆိုပဲ။ စာရေးသူကိုယ်တွေ့အရတော့ အဆင့်မြင့်ပညာရေးအတွက် မဟာတန်းနဲ့ ဘွဲ့လွန်ဒစ်ပလိုမာတန်းတွေ ဖွင့်ထားတဲ့ MPA ၊ MBA၊ MDev ၊ နောက်ပြီး ခုလို အိုင်အာရ်တန်းတွေမှာ သင်ရိုးအားဖြင့် ကောင်းပေမယ့် သင်ကြားနည်းစနစ်ကတော့ အတော်လိုပါသေးတယ်။ ရန်ကုန်စီးပွားရေးတက္ကသိုလ်က ဖွင့်တဲ့ MPA နေ့သင်တန်းကို သွားတက်တုန်းက ကြုံရတာက ဆရာ၊ ဆရာမကပဲ ပြောဆိုသင်ကြားရတဲ့ပုံစံ၊ ကျောင်းသားနဲ့ဆရာ အပြန်အလှန်ဆွေးနွေးတဲ့ပုံစံ လုံးဝမရှိတာပါပဲ။ နောက်ပြီး ကျောင်းသူ၊ ကျောင်းသားအများစုကလည်း စာကြည့်တိုက်ကို အသုံးချမှု တော်တော်နည်းတယ်။ ကျောင်းစာအပြင် အပြင်စာကနေ ဗဟုသုတရှာမှီးတယ်ဆိုတာလည်း မရှိသလောက်ပဲ။ စာမေးပွဲမှာ မေးတဲ့ မေးခွန်းကို ဖြေရာမှာ သင်ထားတဲ့အတိုင်းပဲ နှုတ်တိုက်ကျက်ပြီး ဖြေနေကြဆဲပဲ။ သူတို့ ကျောင်းပြီးလို့ ရေးလိုက်တဲ့ စာတမ်းတွေကလည်း တယောက်နဲ့ တယောက် ခပ်ဆင်ဆင် ထူးမခြားပဲ။ သူတို့စာတမ်းတွေကနေ အတွေးသစ်၊ အမြင်သစ် မြင်ရ၊ တွေ့ရဖို့ နည်းပါတယ်။ ဒီစာတမ်းတွေ ပြီးမြောက်ဖို့ ဆိုင်ရာပိုင်ရာကို အာစရိယဂုဏော အနန္တောဆိုပြီး ပူဇော်ပသရတဲ့ အလေ့အထကြီးလည်း ရှင်သန်ဆဲပါပဲ။ ဒါဟာ ပညာရေးပိုင်းအပြင် လူမှုစည်းဘောင် မစောင့်ထိန်းတာတွေကြောင့်လည်း ပါတယ်။ စိတ်ပျက်စရာကောင်းတာက  MPA ၊ MBA၊ MDev အတန်းတွေမှာ ဆရာ၊ ဆရာမကို ဘယ်လိုကန်တော့ရမယ်ဆိုတာမျိုး ဆရာမတွေရဲ့ နှုတ်ကကို ပေါ်တင် လာဘ်ခေါ် လာဘ်မျှော်ပြတာပါပဲ။ မနှစ်က အတန်းတုန်းက ဘယ်လိုကန်တော့တာ၊ အစဉ်အလာတော့ မဖျက်ကြနဲ့ဆိုတာမျိုး ကိုယ်တိုင် နားနဲ့ဆတ်ဆတ် ကြားရတဲ့အခါ ပေါင်ချိန်တရားသူကြီးလိုပဲ “သြော်.. လောကကြီးမှာ ဒါမျိုးတွေလည်း ရှိသေးသားပဲ” လို့ ကိုယ့်ဟာကိုယ် ညည်းရုံပေါ့လေ။ ပကာသနတွေ သိပ်များလွန်းတာကိုတောင် တက္ကသိုလ်ကျောင်းသူ ကျောင်းသားဘ၀ဟာ ဒါမျိုးဖြစ်ရမှာဆိုပြီးလည်း မယောင်ရာ ဆီလူးကြပြန်သေးတယ်။ နှစ်စဉ် ဆရာကန်တော့ပွဲအပြင် သုံးလတခါ ကွာတားအလိုက် စာမေးပွဲတခါပြီးတိုင်း တခါကန်တော့ရတဲ့ အလေ့အထကြီး ဒီနေ့အထိ ရှိပါသေးတယ်။ ဆရာ၊ ဆရာမကို ရိုသေလေးစားဖို့ ငယ်စဉ်ကတည်းက သင်ကြားခံထားရတဲ့ မြန်မာလူမှုဝန်းကျင်မှာ ဆရာကန်တော့ပွဲတွေ နှစ်စဉ်ကျင်းပတာဟာ ကိုယ့်အသိစိတ်နဲ့ကိုယ်ပါ။ ဘယ်သူမှ တိုက်တွန်းစရာမလိုပါဘူး။ ဒါပေမယ့် ခုတော့ တနှစ်တခါအပြင် သုံးလတခါနှုန်းနဲ့က  လေးခါ၊ စုစုပေါင်း ငါးခါ ကန်တော့ဖို့ ဆရာမများကိုယ်တိုင်က လောဆော်နေတော့ အံ့သြစရာကောင်းပါတယ်။ ဒါ့အပြင် ငွေကြေးမတတ်နိုင်သူတွေ သင်ရိုးစာအုပ်ကို အပြင်မှာ မိတ္တူဆွဲတာတောင် ခွင့်မပြုဘဲ “ဌာနကပဲ ၀ယ်ရမယ်။ ဒါမှ ဌာနပိုက်ဆံရမှာ” မျိုးအထိတောင် ရှိတော့ နားလည်ရ ခပ်ခက်ခက်ပဲ။ စီးပွားရေးသမားနဲ့ မန်နေဂျာအဆင့် အနည်းဆုံးရှိတဲ့သူတွေ အတက်များတဲ့ ညနေပိုင်း MBA အတန်းတွေနဲ့အပြိုင် ကျန်အတန်းက ကျောင်းသူ၊ ကျောင်းသားတွေခမျာ ဆရာ၊ ဆရာမတွေဆီမှာ မျက်နှာမငယ်ဖို့အရေး ဂုဏ်ဖို့ရတော့တာပါပဲ။ လေးစားစရာကောင်းတဲ့ ဆရာ၊ ဆရာမတွေလည်း ရှိပါတယ်။ သူတို့တွေမှာတော့ အမှန်တကယ်ကို ပင်ပန်းရပါတယ်။ ဘွဲ့လွန်အတန်းတွေအတွက် ည (၈) နာရီအထိ တနေကုန် အတန်းဆက်တိုက် ပင်ပင်ပန်းပန်း သင်ကြားနေရတာမျိုးလည်း ရှိတယ်။ စေတနာထားပြီး သူတို့က ကျောင်းသားနဲ့ ဆွေးနွေးဖို့ ဖိတ်ခေါ်တဲ့ အခါမျိုးကျတော့ နဂိုကတည်းက ကိုယ်သင်တဲ့ဘာသာရပ်မှာ ဗဟုသုတ အခြေခံမရှိတဲ့ကျောင်းသားတွေအဖို့ နဝေတိမ်တောင်ဖြစ်ပြီး ဘာမှ ပြန်မဆွေးနွေးနိုင်တာမျိုးလည်း ဖြစ်တတ်ပါတယ်။ အခုအချိန်အထိ အဲဒီ MPA ၊ MBA၊ MDev အတန်းတွေမှာ ဆရာ၊ ဆရာမ အင်အားလိုနေသေးသလို ဆရာ၊ ဆရာမအဆင့်အတန်းနဲ့ လျော်ညီအောင် နိုင်ငံတော်က ပံ့ပိုးပေးမှုမှာလည်း အားနည်းပါသေးတယ်။ တက္ကသိုလ်ဆရာ၊ ဆရာမဆိုတာ နိုင်ငံရဲ့ အသိဥာဏ်မြင့်မားသူအဆင့်အတန်းတွေထဲမှာ ထိပ်ဆုံးက  ပါပါတယ်။ တကယ်ဆို သူတို့ဟာ မိမိတို့ ဘ၀ရှင်သန်ရေးအတွက် သူတပါးကို မှီခိုရပ်တည်နေဖို့ကို မလိုဘူး။ ကိုယ်တတ်မြောက်ထားတဲ့ ပညာအပေါ် အမြဲဂုဏ်ယူမြတ်နိုးပြီး အရည်အသွေး တိုးတက်မြင့်မားနေအောင်၊ ပရော်ဖက်ရှင်နယ် ပီသအောင်ပဲ နေဖို့လိုပါတယ်။ ပညာရှင်ကို ပညာရှင်လို မသတ်မှတ်တာ၊ သူ့အဆင့်အတန်းနဲ့ လျော်ညီအောင် မထားတာ၊ ပညာရှင်ပိုင်းကလည်း နှလုံးရည်အားနည်းတာတွေသာ တက္ကသိုလ်ဝန်းကျင်မှာပါ ရှင်သန်နေရင် ဒီနိုင်ငံရဲ့ အနာဂတ်အလားအလာဟာ ကောင်းဖို့ ဘယ်လိုဖြစ်နိုင်တော့မှာလဲ။ ဒီတော့လည်း တနှစ်ပြီး တနှစ် မဟာတန်းဆင်းတွေ အရေအတွက်သာ များပြားလာတယ်၊ အရည်အသွေးက တိုးတက်မလာဘူး။ နိုင်ငံတကာ အဆင့်မီအောင် ဆိုရာမှာ ပြည်တွင်း ဆရာ၊ ဆရာမတင်မဟုတ်ဘဲ ပြည်ပတက္ကသိုလ်မှာ နာမည်ရနေတဲ့ ပါမောက္ခတွေပါ ခေါ်ယူသင်ကြားသင့်တယ်။ ဒါမှသာ ပြည်တွင်း ဆရာ၊ ဆရာမတွေအနေနဲ့လည်း အချင်းချင်းသင်ယူလေ့လာမှုရှိလာမှာ။ ရှေးရိုးစွဲလာတဲ့ အမူအကျင့်တွေ ပယ်ဖျက်နိုင်မှာ။ အင်္ဂလိပ်ခေတ်က ကျွန်ပညာရေးစနစ်ကြီး ဘာဖြစ်တယ်၊ ညာဖြစ်တယ်လို့ ၀ံသာနုစိတ်တွေ လွန်ကဲပြီး ဘယ်လိုပဲဆိုဆို အဲဒီပညာရေးစနစ်ကနေ ပေါက်ဖွားလာတဲ့ မြန်မာပညာရှိတွေ မြန်မာစာပေကို ကမ္ဘာသိအောင်၊ ဗုဒ္ဓတရားတော်တွေ ကမ္ဘာသိအောင် သူတို့ တတ်မြောက်လာတဲ့ ပညာတွေနဲ့ပဲ ကြံဆောင်ခဲ့ကြတာ ဒုနဲ့ဒေးပဲ။ ဒါဟာ ငြင်းမရတဲ့ အချက်ပါ။ နိုင်ငံခြားကို ကြောက်တတ်တဲ့ရောဂါ အရိုးစွဲစရာမလိုဘူး။ ကိုယ်တွင်းစိတ်ဓာတ်အင်အား ခိုင်မာဖို့ပဲ လိုပါတယ်။ ရန်ကုန်တက္ကသိုလ်ကြီး တခေတ်တခါကလို ပြန်လည်ဝေစည်ဖို့ဆိုရင် ပြည်ပပညာရေးနယ်ပယ်က ကျွမ်းကျင်သူတွေကို ဖိတ်ခေါ်ဖို့ အရေးကြီးပါတယ်။ ဒီတော့လည်း တွေးရပြန်တယ်။ ဘာသာစကားအခက်အခဲကြောင့် တို့ကျောင်းသားတွေ လိုက်နိုင်ပါ့မလားပေါ့။ ကိုလိုနီခေတ်တုန်းက ကျောင်းသားတွေဟာ ငယ်ငယ်က သာသနာပြုကျောင်းမှာ နေချင်နေ၊ ဒါမှမဟုတ် အမျိုးသားကျောင်းတွေမှာ နေချင်နေတယ်။ ဒါပေမယ့် တဘက်က ဘာသာတရားအခြေခံ သင်ကြားတဲ့ ဘုန်းတော်ကြီးကျောင်းတွေနဲ့လည်း မကင်းမကွာ ရှိကြတယ်။ အခြေခံပညာရေးမှာကတည်းက အင်္ဂလိပ်စာနဲ့ အကျွမ်းတ၀င်ရှိကြတယ်။ တက္ကသိုလ်ရောက်တော့လည်း နိုင်ငံခြားသား ဆရာ၊ ဆရာမနဲ့ပဲ သင်ကြားရတယ်ဆိုတော့ ပါဠိလည်း ရတယ်။ မြန်မာစာလည်း ပိုင်တယ်။ အင်္ဂလိပ်စာလည်း ကျွမ်းတယ်။ ဘာသာစကားပိုင်နိုင်တာ ပိုင်နိုင်သလို ကိုယ်ပိုင်အတွေးအခေါ်နဲ့လည်း ချင့်ချိန်နိုင်စွမ်းရှိလို့ ကိုယ့်အမျိုး၊ ဘာသာ၊ စာပေကို ဘယ်တော့မှ မပစ်ပယ်ပဲ တိုးတက်အောင်ပဲ အားထုတ်ခဲ့ကြတယ်။ ခုကျတော့ ပါဠိလည်းမသိ၊ မြန်မာလည်း မရ၊ အင်္ဂလိပ်လည်း မတတ်ဆိုတော့ကာ ပညာရေးနဲ့ ပတ်သက်ရင် မာမီကြီးဒေါက်တာဒေါ်မြင့်မြင့်ခင် ပြောတာကိုပဲ သွားသတိရမိတယ်။ “ပညာရေးမှာ ဟိုနားနည်းနည်း ဒီနားနည်းနည်း ပြင်လို့မရဘူး။ အမြစ်ကလှန်ပစ်ရမယ်” ဆိုတဲ့စကားကိုပေါ့။

 

(၅)

ပြည်သူ၊ ပြည်သားတွေ အသိဥာဏ် ရင့်သန်ဖို့၊ ဝေဖန်ပိုင်းခြားနိုင်စွမ်းရှိတဲ့ ဥာဏ်ပညာရနိုင်ဖို့ ပညာရေးစနစ်ကို အမြစ်ကနေလှန်ပြီး အခုနေပြုပြင်ရင်တောင် နောက်မျိုးဆက်တခုစာ နှစ်နှစ်ဆယ်လောက်တော့ အနည်းဆုံး အချိန်ယူရဦးမှာပဲ။ အဲဒီအခြေအနေတောင် ရောက်လိုက်ပါ့မလားပဲ။ ခုတောင် ဘာတဲ့.. ဂယက်ထနေတဲ့ မျိုးစောင့်ဥပဒေ။ အဲဒီ မျိုးစောင့်ဥပဒေအကြောင်းပြောရရင် လူ့အခွင့်အရေးပါလာမယ်။ ဘာသာရေးပါလာမယ်။ နိုင်ငံရေးပါလာမယ်။

 

မျိုးစောင့်ဥပဒေကို မထောက်ခံရင် အမျိုးဖျက်တဲ့။ အထူးသဖြင့် ကန့်ကွက်ပါတယ်လို့ ပြောလိုက်တဲ့သူဟာ အမျိုးသမီးဖြစ်နေရင် အမျိုးသစ္စာဖောက်လို့ တန်းပြီး တံဆိပ်ကပ်လိုက်တော့တာပဲ။ မေးစရာရှိတာက ဒီမျိုးစောင့်ဥပဒေဟာ လူမျိုးကို ကာကွယ်ချင်တာလား။ ဘာသာကို ကာကွယ်ချင်တာလား။ အမျိုးသမီးတွေကို ကာကွယ်ချင်တာလား။ မြန်မာနိုင်ငံမှာ တိုင်းရင်းသားမျိုးစုံနေထိုင်ပါတယ်။ ဗုဒ္ဓဘာသာကိုးကွယ်တဲ့ မြန်မာအများစုနဲ့ အချို့သော တိုင်းရင်းသားတွေ ရှိတယ်။ ခရစ်ယာန်ဘာသာ ကိုးကွယ်တဲ့ တိုင်းရင်းသားတွေရှိတယ်။ မွတ်ဆလင်၊ ဟိန္ဒူ ဘာသာဝင်တွေရှိတယ်။ ငါတို့ ဗုဒ္ဓဘာသာ အမျိုးသမီးတွေကို ကာကွယ်ဖို့၊ ဗုဒ္ဓဘာသာကြီး အဓွန့်ရှည်တည်တံ့ဖို့ဆိုရင် တရားပြလို့ရတယ်။ စည်းရုံးလို့ရပါတယ်။ ဒါပေမယ့် ဘာမှ ဥပဒေအဖြစ် တင်သွင်းစရာ၊ လက်ခံစဉ်းစားစရာအကြောင်းမရှိဘူး။ တိုင်းရင်းသားတွေနဲ့ လက်နက်ကိုင်ပဋိပက္ခတွေ ရပ်စဲဖို့ ပြောဆိုနေကြချိန်၊ ဗမာလူမျိုးကြီးဝါဒ လွှမ်းမိုးလွန်းတယ်လို့ တိုင်းရင်းသားတွေရဲ့ စိတ်ထဲမှာ ခံစားနေရချိန်မှာ ဒီမျိုးစောင့်ဥပဒေကြီးဟာ အမျိုးသားစည်းလုံးညီညွတ်ရေး၊ ပေါင်းစည်းရေးအတွက် ဘယ်လိုမှ မဆောင်ကြဉ်းပေးတဲ့အပြင် အချင်းချင်း စိတ်ဝမ်းကွဲမှုကို ပိုတိုးစေတယ်။ ဘာသာရေးရှုထောင့်က ကြည့်မယ်ဆိုရင် ဗုဒ္ဓဘာသာဟာ ခြိမ်းခြောက်ခံနေရတဲ့ အနေအထားမို့လို့ ကာကွယ်ရပါတယ်ပဲ ဆိုပါစို့။ ဒီ့အတွက်ဆိုရင်တော့ ဘာဥပဒေမှ ပြဌာန်းစရာမလိုပါဘူး။ လူသတ်မှုဖြစ်ရင် ပြစ်ဒဏ်ချမှတ်ဖို့၊ မုဒိန်းမှုဖြစ်ရင် ပြစ်ဒဏ်ချမှတ် အရေးယူဖို့ ဘယ်လိုပဲ ဥပဒေနဲ့ တားဆီးတားဆီး လူသတ်မှုတွေ၊ မုဒိန်းမှုတွေ လျော့ကျမသွားပါဘူး။ လူဆိုတာ ကိုယ်မြတ်နိုးရင်၊ စူးနစ်စွာ ယုံကြည်သက်ဝင်ရင် ဒီလမ်းကြောင်းအတိုင်းလိုက်တယ်၊ ကျင့်သုံးတယ်၊ စောင့်ထိန်းတယ်။ ဥပဒေဆိုတဲ့ ဘယ်လိုသတ်မှတ်ချက်နဲ့မှ တားဆီးထားလို့မရဘူး။ ဗုဒ္ဓဘာသာမှာ ဘုရားရှင်ဟောကြားထားတဲ့အတိုင်း လိုက်နာကျင့်သုံးသူ ဘယ်နှဦးရှိလို့လဲ။ ဘုရားကျောင်းကန်တွေကို သွားတဲ့သူ လူတစ်ရာမှာ ၉၅ ယောက်လောက်က ယတြာလာချေတာ။ ပြင်းပြင်းထန်ထန်ပြောရရင် ဘုရားနဲ့ အပေးအယူလာလုပ်တာ။ အရှင်ဘုရားကို ဒါ ဒါ ကပ်လှူပူဇော်တယ်။ တပည့်တော် ဘာလေး အောင်မြင်ရပါလို၏ ဆိုပြီး လာဘ်ထိုးတာ။ ဘုရားရှင်လည်း ပရိနိဗ္ဗာန်ပြုသွားတာ ကြာပြီ။ သူ့ကို ကိုးကွယ်ဖို့ မလိုဘူး။ သူဟောကြားတဲ့ တရားတော်တွေကိုပဲ လိုက်နာကျင့်သုံးဖို့ ဟောခဲ့ပေမယ့် နားဝင်တဲ့သူနည်းပါတယ်။ ဒါကြောင့် ဒီသာသနာနှစ်ငါးထောင်ပဲ တည်တံ့မယ်လို့ ဆိုကြတယ်။ နှစ်ငါးထောင်ဖြစ်ဖြစ် နှစ်တသောင်းဖြစ်ဖြစ် အရေးမကြီးပါဘူး။ အရေးကြီးတာက သံကို ဖျက်တာ သံပဲဆိုတာကို သိထားဖို့ပါပဲ။ ဒီဘာသာတရားနဲ့ ပတ်သက်ပြီး သေချာမသိ၊ သေချာမလေ့လာ၊ စိတ်ဓာတ်ခွန်အားနည်းနေရင်၊ နောက်ပြီး ရေလိုက်လွဲနေရင် တဖြည်းဖြည်း ပျောက်ကွယ်သွားမှာပဲ။ ဗုဒ္ဓသာသနာကို အဓွန့်ရှည်တည်တံ့အောင် ကြံဆောင်တဲ့ သံဃာတော်တွေရဲ့ အခန်းကဏ္ဍအလွန်အရေးကြီးပါတယ်။ ဒီနေရာမှာ ၀ိနည်းနဲ့ မလျော်ကန်တဲ့ အပြုအမူတွေ၊ မာတုဂါမတွေနဲ့ ဒွေးရောယှက်တင်နေတာတွေ၊ ဗေဒင်၊ အင်း၊ ၀ိဇ္ဇာတွေဘက်လိုက်ပြီး ဘုရားဟော အစစ်အမှန် အနှစ်သာရကိုတောင် မရယူနိုင်သူ တက်ဘုန်းကြီးတွေ ရှိနေရင် အဲဒီ တက်ဘုန်းကြီးတွေကသာ သာသနာညှိုးနွမ်းဖို့ အဓိကဖျက်ဆီးသူ အဖျက်သမားတွေပဲ။ သံဃာများအနေနဲ့ မိမိ စည်းကို မိမိ လုံအောင် အရင်ထိန်းသိမ်းရင် ဒီဘာသာတရားအပေါ် သက်ဝင်ယုံကြည်နေသူတွေအဖို့ စိတ်ချမ်းသာစရာလည်းရတယ်။ ဒီအပေါ်မှာ ပိုပြီး တန်ဖိုးထားချင်စိတ်လည်း ပေါ်ပါလိမ့်မယ်။ နို့မဟုတ်ရင် ဘုရားသားတော်ကိုယ်တိုင်က အကျင့်သီလ မခိုင်မာလေခြင်းဆိုပြီး ကိုယ့်ချွေးနည်းစာနဲ့ နေ့စဉ် ဆွမ်းလောင်းကုသိုလ်ယူနေရတဲ့ ဗုဒ္ဓဘာသာဝင်တွေရဲ့ မချမ်းမြေ့မှုက ဗုဒ္ဓဘာသာပြိုလဲယိုင်နဲ့ဖို့ ပိုပြီးခြိမ်းခြောက်နိုင်စွမ်းရှိပါတယ်။ နောက်တခု တရားတော် ပြန့်ပွားရေးနဲ့ သာသနာမပြုဘဲ၊ သာသနာကို မထိန်းသိမ်းဘဲ သင်္ကန်းတလွှားလွှားနဲ့ အစွန်းရောက်ဝါဒီဖြစ်ပြနေတာဟာ ဗုဒ္ဓတရားတော်နဲ့ ဆန့်ကျင်ရာရောက်တဲ့အပြင် ဘုန်းကြီးဆိုတာ ဒီဘာသာရဲ့ သက်ရှိပြယုဂ်ဖြစ်တဲ့အတွက် ဗုဒ္ဓဘာသာအပေါ် တခြားလူမျိုးတွေ၊ ဘာသာခြားတွေက အမြင်လွဲစရာ ဖြစ်နိုင်ပါတယ်။ ဒါတောင် အရှင်ဝီရသူကို ဦးတည်ပြီး ကိုယ့်ဘာသာကို စော်ကားတယ်လို့ ယူဆချက်တွေနဲ့ တိုင်းမ်မဂ္ဂဇင်းကို ကန့်ကွက်နေတာကို လူမှုကွန်ယက်စာမျက်နှာတွေမှာ တွေ့နေရသေးတယ်။ မီဒီယာကတော့ မီဒီယာအလုပ် လုပ်မှာပဲ။ တဘက်ကို လက်ညှိုးထိုးမယ့်အစား ကိုယ့်တာကို အရင်လုံအောင် အချင်းချင်း စောင့်စည်းကြ၊ ထိန်းကျောင်းကြတာမျိုးက ပိုပြီး သင့်တော်ပါလိမ့်မယ်။

 

အမျိုးသမီးကာကွယ်ရေးအတွက်၊ တနည်း မြန်မာအမျိုးသမီးတွေကို ဘာသာခြားတွေကယူပြီး သူတို့ဘာသာ အတင်းသွတ်သွင်းနေလို့ ဒီလိုဥပဒေထုတ်ဖို့လိုတယ်လို့ ပြောရအောင်လည်း ခိုင်မာတဲ့ အကြောင်းတရပ်မဟုတ်ဘူး။ အမျိုးဘာသာ ထိန်းသိမ်းဖို့ အမျိုးသမီးကပဲ တာဝန်ရှိတယ်ဆိုတယ်ဆိုတဲ့ စကားရဲ့ အဓိပ္ပါယ်ဟာ အမျိုးသမီးကို ကာကွယ်ဖို့ထက် ခွဲခြားဖိနှိပ်ဖို့ ပိုပြီးသက်ရောက်ပါတယ်။ ကိုလိုနီခေတ်မှာ အမျိုးသမီးတွေ ပိတ်ပါးအင်္ကျီဝတ်ရင် ဘုန်းကြီးတွေကတောင် တုတ်နဲ့ရိုက်တာ၊ ကာတွန်းဆရာ၊ စာရေးဆရာတွေက သူတို့စာပေလက်ရာတွေနဲ့ ပညာပေးတာတို့ဟာ တကယ်တော့ အမျိုးသမီး အဆင့်အတန်းကို နှိမ့်ချထားတာပဲ။ အမျိုးသားတွေ ဘိုကေဆံတောက်ထားတာ၊ ရှူးဖိနပ်စီးတာမျိုးကိုကျတော့ အမျိုးသားရေးလက္ခဏာကို ခြိမ်းခြောက်တယ်လို့ မယူဆကြဘူး။ ခန္ဓာကိုယ်ဖွဲ့စည်းပုံ အချိုးအစားချင်းမတူလို့ အမျိုးသမီးတွေ ပိတ်ပါးအင်္ကျီဝတ်တာ မသင့်တော်လို့ ကန့်ကွက်တယ်ဆိုရအောင်လည်း ဟီရိသြတ္တပ္ပမရှိသူဟာ မရှိသလိုဘဲ သွားမှာပဲ။ ဒါကို တဦးချင်းသီးခြားစီဖြစ်တဲ့ အမှုမျိုးအနေနဲ့ ဆွဲဆောင်စည်းရုံး တရားပြလို့ရတယ်။ ဒါပေမယ့် အမျိုးသားရေးအနေနဲ့ ခေါင်းစဉ်တပ်စရာမလိုဘူး။ ဘာအကြောင်းအရာပဲဖြစ်လာ ဖြစ်လာ အမျိုးသားရေးလက္ခဏာ မပျောက်ပျက်ရေးအတွက် ပြောကြမယ်ဆိုရင် အမျိုးသမီးကိစ္စကိုချည်းပဲ ရှေ့တန်းတင်တာဟာ မ တွေကို ပျားရည်နဲ့ ၀မ်းချတာပဲ။ အရေးပါသယောင် မြင့်မြတ်သယောင် ဟန်ပြပြီး သူ့အခွင့်အရေးကို ကန့်သတ်တာပဲ။ စစ်အစိုးရလက်အောက်မှာ နှစ်ပေါင်းကြာရှည်စွာ နေလာတဲ့ လူထုက အမြဲတစေ လူ့အခွင့်အရေး လူ့အခွင့်အရေး ပြောနေခဲ့ကြတာဟာ အပြောသက်သက်ပဲလား။ လူ့အခွင့်အရေးဆိုတာကို တကယ်သက်ဝင်ယုံကြည်တာလား ဆိုတာလည်း ဆန်းစစ်ကြည့်မိတယ်။ အမျိုးသမီးအခွင့်အရေးနဲ့ ပတ်သက်ပြီး အခွင့်သင့်လို့ မြန်မာပြည်က လူ့အခွင့်အရေးလို့ ဟစ်ကြွေးနေသူတွေရဲ့ ယုံကြည်ချက်တွေကို တကယ်တမ်း ဆန်းစစ်ကြည့်မိတဲ့အခါ နည်းနည်းတော့ အူကြောင်ကြောင် နိုင်ပါတယ်။ ကျား၊ မ တန်းတူညီမျှမှု ဂျဲန်ဒါ လုပ်နေသူတချို့ရဲ့ စိတ်ထဲမှာ ဂျဲန်ဒါဆိုတာ အမျိုးသမီးဘ၀ မြှင့်တင်ရေး၊ အမျိုးသမီး ဦးစားပေးရေးလို့ပဲ စွဲမှတ်နေကြတယ်။ အမျိုးသမီးတွေဟာ နှစ်ပေါင်းများစွာ ဖိနှိပ်ခွဲခြားခံရလို့ သူတို့ဘ၀ကို မြှင့်တင်ရေးက အရေးကြီးတာ မှန်ပါတယ်။ ဒါပေမယ့် ဂျဲန်ဒါညီမျှရေးဆိုတဲ့ ဝေါဟာရဟာ ကျားဖြစ်စေ၊ မ ဖြစ်စေ၊ ကျားမဟုတ်၊ မ မဟုတ် လိင်တူချစ်သူဖြစ်စေ လူသားတိုင်း လူသားဂုဏ်ရည် အပြည့်အ၀ရှိဖို့၊ ခွဲခြားမှုတွေ ပပျောက်ဖို့ လုပ်နေတဲ့ ဆောင်ရွက်ချက်ပါ။ အဲဒါကို မြန်မာပြည်က ဂျဲန်ဒါအရေး ရှေ့ကနေ ဆောင်ရွက်သူတွေကို ဂေးအကြောင်း ပြောရင် သူတို့အလုပ်နဲ့ မသက်ဆိုင်ဘူး ထင်နေကြတယ်။ ဒီတော့ လူ့အခွင့်အရေးသမားဆိုတာတွေဟာ အရေးကြုံရင် သူ့အခွင့်အရေး၊ ငါ့အခွင့်အရေး ခွဲတတ်သူတွေလားလို့ ထင်စရာပေါ့။ အဲဒီလိုပဲ ဗမာလူမျိုးကြီးဝါဒကို ရွံမုန်းပြီး တိုင်းရင်းသားများနဲ့ တန်းတူညီမျှ အခွင့်အရေးရဖို့ တောင်းဆိုနေတဲ့သူတွေမှာလည်း သူတို့ပြည်နယ်တွေမှာ အင်အားအကြီးဆုံး သူတို့လူမျိုးတွေပဲ အုပ်စိုးချင်တဲ့ စိတ်မျိုးရှိနေတတ်တယ်။ တခြားမျိုးနွယ်စုလေးတွေရဲ့ အရေးကိစ္စကို လျစ်လျူရှုတာမျိုး ရှိနေပါတယ်။ မတရားမှုကို တကယ်လက်မခံချင်တာ၊ တန်းတူညီမျှမှုကို တကယ်မြတ်နိုးတာဆိုရင် ဘယ်လို ခွဲခြားမှုမျိုးဖြစ်လာပါစေ အဖိနှိပ်ခံဘက်ကနေပဲ ရပ်တည်ပေးသင့်ပါတယ်။ သူတို့တွေ ကြွေးကြော်ခဲ့တဲ့ လူ့အခွင့်အရေး၊ လူသားတိုင်း တန်းတူညီမျှ ရှိမှုဆိုတာ ဘာအတွက်ပါလဲ။ အခု မြန်မာနိုင်ငံမှာ အမျိုးသမီးတွေမှာ အမျိုး၊ ဘာသာ အကြောင်းပြပြီး အဖိနှိပ်ခံနေရပါတယ်။

 

ဒါပေမယ့် လူ့အခွင့်အရေးဘိုးအေနိုင်ငံကြီးတွေတောင် အမျိုးသားရေးနဲ့ပတ်သက်ရင် သူတို့လူမျိုး၊ သူတို့နိုင်ငံကို သိပ်ခြိမ်းခြောက်လာပြီဆိုရင် ပြတ်ပြတ်သားသား ချေမှုန်းပါတယ်။ သို့သော်ငြားလည်း ထိုထိုသော နိုင်ငံကြီးတွေဟာ ဥပဒေဘောင်အတွင်းက လုပ်တယ်။ ကျိုးကြောင်းဆီလျော်တယ်လို့ ယူဆလို့ရတဲ့ ဆင်ခြေတွေ ဖန်တီးထားတယ်။ နောက်ပြီး အင်အားကြီးမားတယ်။ မြန်မာနိုင်ငံက ဒီလမ်းကြောင်းကို လိုက်လို့မရဘူး။ မတူညီတဲ့အခြေအနေရှိရတဲ့အထဲ ကိုယ့်နိုင်ငံသားတွေက ဆင်ခြင်တုံတရားလျော့နည်းတယ်။ သွေးဆူလွယ်တယ်။ လူ လူချင်း တန်းတူထားမှု၊ ဦးစားပေးမှု၊ လေးစားသမှုနဲ့ ယဉ်ကျေးတာမျိုးမရှိဘူး။ တနည်း Civilized မဖြစ်ဘူး။ အဲတော့ အကြောင်းအရာ တခုခုဖြစ်တိုင်း သတ်မယ်၊ ဖြတ်မယ်၊ မီးရှို့မယ်နဲ့ လူရမ်းကားလမ်းစဉ်ကို အလွယ်တကူ ပါသွားတယ်။ ပညာသားပါစွာ မကိုင်တွယ်တတ်ဘူး။ အစစအရာရာ ရုန်းကန်နေရတဲ့ မပြည့်စုံတဲ့ အင်အားနည်းနိုင်ငံငယ်လေးမှာ ဒီလိုမတည်ငြိမ်မှုတွေဟာ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အဟန့်အတားတွေချည်းပဲ။ နိုင်ငံရေးဘက်ကနေ ကြည့်မယ်ဆိုရင်တော့ ဒီအခြေအနေကနေ အမြတ်ရသွားတဲ့ မီဒီယာတွေ၊ ပါတီတွေ၊ နိုင်ငံရေးသမားတွေ ရှိပါတယ်။ အရှင်ဝီရသူဆီကို ကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးအသင်းက ဦးအောင်သောင်း လာရောက်ပြီး ဆည်းကပ်လှူဒါန်းတဲ့ ဓာတ်ပုံတွေ ၂၀၁၂ ခုနှစ်မှာ လူမှုကွန်ယက်တွေပေါ်မှာ ပလူပျံခဲ့ရုံနဲ့ သည်ကိုယ်တော်ကို သူလျှို၊ ဒလံလို့ တိတိပပ စွတ်စွဲလို့ မရသော်ငြားလည်းဘဲ လူမျိုးရေးပဋိပက္ခတွေ တခုပြီးတခု ဖြစ်ပေါ်လာအောင်သာမကဘဲ သည်လို ရှုပ်ထွေးနေတဲ့ အခြေအနေ၊ တိုင်းပြည်အခြေမခိုင်သေးတဲ့ အနေအထားမှာ ဒီအကြောင်းအရာကြီးကို ရှေ့တန်းတင်ပြလာတာ တိုက်ဆိုင်မှုလို့ ပြောမယ်ဆိုရင်တောင် တော်တော် ထူးဆန်းတဲ့ တိုက်ဆိုင်မှုလို့ ဆိုရမှာပဲ။ လက်နက်လို အပ်တိုတချောင်း မကိုင်ဘူးပြောရုံနဲ့ အကြမ်းမဖက်ဘူးလို့ အဓိပ္ပာယ်မသက်ရောက်ပါဘူး။ အကြမ်းဖက်စေလိုတဲ့ စိတ်ဆန္ဒတွေ လှုံ့ဆော်ရင် ဒါဟာ သွေးထိုးမှုပဲ။ အယူဝါဒတခု၊ သဘောတရားအမှားတခု သွတ်သွင်းလိုက်တာဟာ လက်နက်ထက်ပိုပြီး ထိရောက်တယ်။ မျိုးရိုးစဉ်ဆက် လိုက်မယ့်ရောဂါပဲ။ တဘက်ကလည်း ဒီအရေးကိစ္စအပေါ် အာရုံစိုက်တဲ့သူများတာနဲ့အမျှ အစိုးရနဲ့တိုင်းရင်းသား ပြဿနာတွေအပေါ်၊ အောက်ခြေလူတန်းစားတွေရဲ့ စားဝတ်နေရေး မပြေလည်မှုအပေါ်၊ လွှတ်တော်အတွင်း အားပြိုင်မှု၊ ထိုင်ခုံလုမှုတွေအပေါ် ပြည်သူတွေ သိသိသာသာ အာရုံနည်းသွားပါတယ်။

 

(၆)

တလောက ဒုတိယအကြိမ်ပြန်ထုတ်တဲ့ စာရေးဆရာမ မိုးမိုး(အင်းလျား) ရဲ့ “သုံးလွန်းတင်မှ ကြိုး” ၀တ္ထုကို ဖတ်မိတော့ မျိုးစောင့်ဥပဒေနဲ့ ပတ်သက်ပြီး ဘ၀င်မကျတဲ့ စိတ်ကနေ လယ်သမားအရေးဘက်ကို ကူးပြောင်းသွားပြန်တယ်။ ဆိုရှယ်လစ်ခေတ်က လယ်သမားတွေရဲ့ အခက်အခဲတွေကို ရေးပြသွားတဲ့ ၀တ္ထုကောင်းတပုဒ်ပါပဲ။ ဒါပေမယ့် လယ်သမားဘ၀ကတော့ ကိုလိုနီခေတ်ဖြစ်ဖြစ်၊ ဖဆပလခေတ်ဖြစ်ဖြစ်၊ ဆိုရှယ်လစ်ခေတ်၊ ဒီနေ့ခေတ်အပါအ၀င် န၀တ၊ နအဖခေတ်ဖြစ်ဖြစ် အသုံးချခံ၊ အဖိနှိပ်ခံဖြစ်ရတဲ့ဘ၀ကတော့ အတူတူပါပဲ။ မနှစ်က ဧရာဝတီတိုင်းမှာ ဆန်စပါးစိုက်ပျိုးထုတ်လုပ်မှု သုတေသနအတွက် သွားတော့ လယ်သမားတွေရဲ့ ဘ၀ကို ကိုယ်တွေ့မျက်မြင်ကြုံတွေ့ခဲ့ရတယ်။ မိုးမိုး(အင်းလျား) ၀တ္ထုထဲကလိုပဲ ဆိုရှယ်လစ်ခေတ်မှာ ဘ၀ပျက်ခဲ့ရတာတွေဟာ ၀တ္ထုထဲကထက်တောင် ပိုပါသေးတယ်။ သတ်မှတ်ထားတဲ့ စပါးတင်းပြည့်မီအောင် အစိုးရကို မပေးသွင်းနိုင်လို့ ကိုယ်ပိုင်ဆိုင်တာလေးတွေကို ပေါင်းနှံ ရောင်းချပြီး စပါးကို အပြင်ဈေးနဲ့ဝယ်ပြီး အစိုးရဆီမှာ ပြန်သွင်းရတာတွေ၊ ရေရှည်မရပ်တည်နိုင်တော့လို့ လယ်ရောင်းပြီး တခြား တမြို့ တရွာပြောင်းရွှေ့သွားတာတွေ၊ စပါးခိုးရောင်းတာ မိသွားလို့ အသတ်ခံရတာတွေဟာ အခုနေ နားထောင်ကြည့်ရင် ဒဏ္ဍာရီတွေများ ဖြစ်နေမလားပဲ။ ဒါပေမယ့် ယနေ့ခေတ်အထိ လယ်ယာမြေ ပိုင်ဆိုင်မှု အငြင်းပွားတာတွေ၊ အဓမ္မလယ်သိမ်းခံရတဲ့အနေအထားတွေနဲ့ ချိန်ထိုးကြည့်ရင်တော့ ဘယ်ခေတ်မဆို လယ်သမားဘ၀ နိမ့်ပါးစော်ကားခံရတာတွေကို လက်မခံနိုင်စရာအကြောင်းမရှိဘူးလို့ ထင်ပါတယ်။ တနိုင်ငံလုံး စားသောက်ဖို့ စပါးစိုက်ပျိုးရတဲ့ လယ်သမားမိသားစုတွေခမျာ ၀မ်းလည်းမ၀ဘူး၊ ခါးလည်း မလှပါဘူး။ တလောက တီဗွီကလာတဲ့ သတင်းကိုကြည့်မိတော့ စီမံကိန်းတည်ဆောက်အကောင်အထည်ဖော်ဖို့ လယ်ယာမြေတွေကို အသုံးပြုလိုက်ရလို့ လယ်သမားတွေကို ထောက်ပံ့ကြေးပေးတယ်လို့ ကြေညာတယ်။ လျော်ကြေးဆိုရင်လည်း လျော်ကြေးပေါ့။ ထောက်ပံ့ကြေးဆိုတော့ကာ လယ်သမားကပဲ တဖန် သူတို့ကို ကျေးဇူးရှင်ဆိုပြီး ကျေးဇူးတင်ရမယ့်အချိုးပဲ။ ခုတော့ ဟိုက ဒီက လျော်ကြေးတွေ ပေးပါတယ်လို့တော့ ပြောနေကြတာပဲ။ ဒီပမာဏဟာ လယ်သမား ကျေနပ်တဲ့ပမာဏဟုတ်မဟုတ်၊ တသက်လုံး စပါးပဲ စိုက်တဲ့တတ် သူတို့ဘ၀ လယ်ယာမြေမရှိဘဲ ရပ်တည်နိုင်တဲ့အရင်းအနှီး ဟုတ်မဟုတ်တော့ မသိဘူး။ လယ်သမားဆိုတာကလည်း များသောအားဖြင့် ထောက်ပံ့ကြေးလို့ သုံးနှုန်းထားပြီး ပေးတဲ့ လျော်ကြေးစာချုပ်အပေါ်မှာ လက်မှတ်ထိုးပါဆိုတာတောင် ကြက်ခြေပဲ ခတ်တတ်တဲ့သူမျိုးဆိုတော့ ပေးတာယူ၊ ကျွေးတာစား မရတာနဲ့စာရင် ရတာတော်သေးတာပေါ့ဆိုတာလောက်နဲ့ နှုတ်ပိတ်သွားကြတဲ့သူချည်းပဲ။ လယ်ယာမြေမှတ်ပုံတင်ရေးလုပ်ငန်းစဉ်တွေ လယ်သမားတွေ သိအောင်ဆိုပြီး အသိပညာပေးတဲ့ ကွင်းဆင်းလုပ်ငန်းတွေမှာ စာရေးသူ ပါသွားတုန်းက လယ်သမား တော်တော်များများဟာ ရုံးကနားဆိုရင် မျက်နှာကို မလှည့်ချင်ကြဘူးဆိုတာ သိရတယ်။ အစိုးရဌာနဆိုတာတွေကလည်း သိပ်ဟောက်ကိုး။ ဟိုသွားဦး၊ ဒီသွားဦး၊ ပြန်လာဦး၊ နေဦး၊ ဒီအဆင့်လုပ်ဦး၊ ဟိုထောက်ခံချက်ယူဦးဆိုရင် ခဏခဏ လာရတဲ့ခရီးစရိတ်၊ ဘာမှန်းမသိ အဆင့်ဆင့်ဖြတ်ကျော်နေရတဲ့ လုပ်ငန်းစဉ်တွေကြောင့် လယ်သမားခမျာ ခေါင်းချာချာလည်ပြီး အစိုးရဌာနတွေဆိုရင် ဝေရမဏိ ရှောင်ကြဉ်ပါ၏ ဆိုတာမျိုးဖြစ်ကုန်ရော။ ဘယ်လိုပဲ ရှောင်ရှောင် ကိုယ်က ရှောင်ပေမယ့် ကိုယ့်ကိုတည့်တည့်တိုးပြီး မိမိပိုင်ဆိုင်တဲ့လယ်မြေကို လာသိမ်းတော့ သေတာထက်မထူးတဲ့ ဘ၀မှာ ကိုယ့်အခွင့်အရေးအတွက် ဆန္ဒပြကြမှာပဲလေ။ ဒါကို ပညာတတ်လူတချို့ရဲ့ အမြင်မှာ “ဒီလယ်သမားတွေနှယ် အားအားရရ ဆန္ဒပြနေတယ်” ဆိုတာမျိုး အထက်စီးအမြင်၊ အထက်စီးလေသံနဲ့ ဝေဖန်ကြတာ ၀မ်းနည်းစရာကောင်းပါတယ်။ စပါးပဲ စိုက်ပြီး လယ်ထဲမှာပဲ ရှင်သန်နေရတဲ့ လယ်သမားဟာ သေနတ်လည်း မကိုင်တတ်ပါဘူး။ သူတို့တတ်နိုင်တာဆိုလို့ ဒီလိုအော်ဟစ် အရေးဆိုတာလောက်ပဲ ရှိတာပါ။ တခါတခါတော့လည်း တွေးမိတယ်။ ဒီလို ဝေဖန်တဲ့ ပညာတတ်လူတချို့ဟာ အသိဥာဏ်နည်းတယ်လို့ သူတို့ဆိုနေတဲ့ လယ်သမားကို အပြစ်တင်မယ့်အစား အစိုးရကို Advocacy ဆိုတဲ့ ကိုယ်စားပြုအရေးဆိုပေးတာမျိုး၊ မူဝါဒညှိနှိုင်းပေးတာမျိုး ဘာလို့မလုပ်ကြပါလိမ့်လို့ပေါ့။ အဲလိုမလုပ်ဘဲ တဘက်ထဲကိုပဲ အပြစ်ပြောနေတာကိုမြင်ရတော့ အင်အားကြီးလို့ ကိုယ်မတတ်နိုင်တဲ့ကိစ္စကျတော့ လက်ရှောင်နေပြီး အင်အားနည်းတဲ့သူအပေါ်မှာတော့ မညှာမတာ ပြောထွက်ရက်သလားလို့ စဉ်းစားစရာပါပဲ။ ဒီကြားထဲ လယ်သမားအရေး ဗန်းပြပြီး လယ်သမားအတွက် သူရဲကောင်းလိုလို နိုင်ငံရေးအမြတ်ထုတ်တဲ့သူတချို့ကြောင့်လည်း လယ်သမားဆန္ဒပြပွဲတွေရဲ့ ကြီးမြတ်မှုဟာ သေးသိမ်စရာဖြစ်ကုန်တယ်။ ရွေးကောက်ပွဲနီးလာရင်တော့ လယ်ယာမြေတွေ၊ လယ်သမားဘ၀တွေ ဘယ်လိုဖွံ့ဖြိုးတိုးတက်ကောင်းမွန်အောင် လုပ်ပါမယ်ဆိုတဲ့ ကတိပေးချက်တွေနဲ့ မဲဆွယ်တရားတွေ နေရာအနှံ့မှာ ကြားရဦးမှာပါ။ အခုထက်ထိတော့ လယ်ယာမြေအရေးကိုင်တွယ်ဆောင်ရွက်တဲ့ လက်ရှိအစိုးရပိုင်းတာဝန်ရှိသူ လူကြီးမင်းကိုယ်တိုင် သိမ်းယူထားတဲ့ လယ်ယာမြေတွေကိုက မနည်းမနောဆိုတော့ ဒီလယ်သမားတွေအတွက် တရားမျှတမှုဟာ အလှမ်းဝေးနေဆဲပဲ။ စိုက်ပျိုးစရိတ် တဧက နှစ်သောင်းကနေ တသိန်းအထိ တိုးပေးလိုက်တာကိုပဲ အစိုးရက ပြောနေတယ်။ အဲဒီ စိုက်ပျိုးစရိတ်နှစ်သောင်းတုန်းက ကိုယ့်အလှည့်မပါမှာစိုးလို့ အဆင့်ဆင့်လာဘ်ထိုးရတာတွေ (အထူးသဖြင့် ကျေးရွာလူကြီးတွေ စားသာတဲ့ခေတ်ပေါ့)၊ နောက်ပြီး နှစ်သောင်းထဲကနေ စုငွေပြန်စုရမယ်ဆိုပြီး စိုက်ဘဏ်ကနေ ဖြတ်ယူထားတဲ့ ပိုက်ဆံတွေဟာ န၀တလက်ထက်မှာ စခဲ့တာဆိုတော့ အနည်းဆုံး နှစ်နှစ်ဆယ်ရှိပြီ။ အဲဒီအတွက် ဘာစာအုပ်မှ မရှိဘူး။ ဘာသက်သေမှမရှိဘူး။ ဘယ်လောက်စုငွေရှိပြီဆိုတာလည်း ဘယ်လယ်သမားမှ မသိဘူး။ ဒါတွေ အခု ဘယ်လိုလုပ်မှာလဲဆိုတာလည်း ဒီနေ့အထိ အဖြေမရှိဘူး။ လယ်သမားက အချိန်တန်လို့ ပြန်ဆပ်ရရင်တော့ အတိုးရော၊ အရင်းပါ အကုန်ဆပ်ရတယ်။ နောက်တမျိုး ခံရတဲ့ ၀ဋ်ဒုက္ခက န၀တ၊ နအဖခေတ်မှာ စံပြစိုက်ကွင်းစိုက်ရတာပဲ။ နွေစပါးစိုက်ရမယ်၊ ဆင်းရွှေလီစိုက်ရမယ် စသဖြင့်ပေါ့။ ရေရတာမရတာ၊ ရာသီကောင်းတာ မကောင်းတာ ဘာမှ မကြားချင်ဘူး။ စိုက်ဆိုစိုက်ပဲ။ စိုက်တိုင်းလည်း ရှုံးတော့ ဘယ်လယ်သမားကမှ မစိုက်ချင်ဘူး။  ဒီတော့ ရွာမှာရှိတဲ့ လယ်သမားတွေ အချိုးကျ ပိုက်ဆံကောက်ပြီးတော့ ကြိုးစားပြီး စိုက်မယ့် အခြားလယ်သမားကိုသာ ၀ိုင်းပံ့ပိုးပေးကြတယ်။ အဲဒီလယ်သမားစိုက်တာလည်း မအောင်မြင်တဲ့အခါ ကျေးရွာလူကြီးကနေ လယ်သမားတွေဆီကနေ ပိုက်ဆံထပ်ကောက်ပြီး ကျေးရွာအုပ်စုလူကြီးဆီ သွားလာဘ်ထိုးပြီး တာဝန်ရှိသူ ကြည့်မယ့်အထဲမှာ သူတို့ရွာက လယ်ကို မကြည့်အောင် ဆောင်ရွက်ပေးဖို့ အသနားခံကြတယ်။ ကျေးရွာအုပ်စုလူကြီးအနေနဲ့လည်း သူအုပ်စုတစုလုံးမှာ ဖြစ်ထွန်းအောင်မြင်တဲ့ စံပြစိုက်ကွင်းမရှိတဲ့အခါ မြို့နယ်လူကြီးဆီ သွားပြီး သူ့အုပ်စုကို မလာဖို့ နှုတ်ပိတ်ပြန်ရော။ ဒီလိုနဲ့ အဆင့်ဆင့် လာဘ်စားမှုတွေနဲ့အတူ နိုင်ငံတော်လူကြီးမင်းများ လာရောက်တဲ့အခါ ကြည့်ပျော် ရှုပျော်အသင့်တော်ဆုံးဖြစ်မယ့် စိုက်ကွင်းကို ရွေးပြတဲ့အခါ အထက်လူကြီးများကလည်း စိုက်ပျိုးစွမ်းအား ပြည်ထွန်းကားတွေ၊ စပါးတောင်လိုပုံတွေ မြင်ယောင်ပြီး ပီတိသောမနတွေ ဖြာကုန်ကြပါလေရော။ အဆုံးသတ်ပြောရရင် လယ်သမားဘ၀ နိမ့်ကျမှုဟာ ဒီလူ ဒီမူနဲ့ကတော့ ဒီတသက်အထက်တက်ဖို့ မမြင်ဘူးဆိုတာပါပဲ။ ဖျာပုံနယ်က လယ်သမားတဦးပြောတာ ကြားယောင်မိတယ်။ “ဆရာမရေ… လယ်သမားတွေထဲမှာ ဦးဆုံးတော်လှန်တဲ့ ဆရာစံ ကြိုးပေးခံရမှတော့ ကျနော်တို့ လယ်သမားတော်လှန်ရေးက တာထွက်ကတည်းက ဦးကျိုးနေပါပြီဗျာ” တဲ့။

 

(၇)

ဇွန်လ (၁၉) ရက်နေ့မှာ Happy Birthday, The Lady လို့ လူမှုကွန်ယက်ဖြစ်တဲ့ ဖေ့စ်ဘွတ်ခ်ပေါ်ကနေ ဆုမွန်ခြွေခဲ့တယ်။ လေဒီဟာ တကယ်တော့ စာရေးသူရဲ့ ငယ်ဘ၀ကတည်းက လေးစားအတုယူ အားကျဖွယ် အမျိုးသမီးတဦး၊ သူရဲကောင်းတဦးပါပဲ။ စာရေးသူတို့ နေတဲ့မြို့ကို ၂၀၀၂ ခုနှစ်မှာ လာတုန်းက ပထမဆုံးအကြိမ် သူ့ကိုမြင်ဖူးတာမို့ လူအုပ်ကြီးကြားထဲမှာ တိုးညှပ်နေတာတောင် မမောနိုင်ဘဲ ၀မ်းသာစိတ်နဲ့ မျက်ရည်တောင် ကျခဲ့မိတယ်။ သားပျောက်နေသူက မိခင်ကို ရုတ်တရက်ပြန်တွေ့လိုက်ရသလို “အမေ.. အမေ” တကြော်ကြော် ခေါ်ရင်းနဲ့ပေါ့။ ၂၀၁၀ ခုနှစ်မှာ သူ ပြန်လွတ်မြောက်လာတော့လည်း သတင်းကြားကြားချင်း တက္ကစီငှားပြီး သူ့အိမ်ရှေ့ကို အမေ .. အမေနဲ့  တမ်းတရင်း အပြေးသွားခဲ့ပါသေးတယ်။ ဒါပေမယ့် ၂၀၁၁ ခုနှစ် ပါတီရဲ့ ဆုံးဖြတ်ချက်နဲ့အတူ ကြားဖြတ်ရွေးကောက်ပွဲဝင်မယ်ဆိုတာ သိရတော့ ၀မ်းနည်းစိတ်က လျှံတက်လာတယ်။ ပြည်သူတွေ ကောင်းစားဖို့အတွက် သူ့ကို အသုံးချရင်လည်း ခံမယ်ဆိုပေမယ့် သူ့ကို အသုံးချခံလိုက်ရုံနဲ့ ပြည်သူဘ၀ ဘာမှ မထူးခြားသွားဘူးဆိုရင်တော့ မြွေပါလည်း ဆုံး၊ သားလည်း ဆုံး ဖြစ်မှာလေ။ ကိုယ်ချစ်ခင်လေးစားရတဲ့သူဆိုတော့ သူ့ဂုဏ်သိက္ခာလည်း မပွန်းပဲ့စေချင်ဘူး။ ဒါပေမယ့် တကယ်တမ်း ဖြစ်လာခဲ့ရင် လေဒီအနေနဲ့က ဂုဏ်သိက္ခာပဲဖြစ်ပြီး သန်းပေါင်းခြောက်ဆယ်သော ပြည်သူတွေကတော့ ဘ၀နဲ့ လောင်းကြေးထပ်ရမှာမို့ ရင်ထိတ်စရာကောင်းလှပါတယ်။ လေဒီရဲ့အချို့သော ခြေလှမ်းတွေကို မထောက်ခံပေမယ့် ပုဂ္ဂိုလ်ရေးထိပါးပြီး ဝေဖန်တဲ့ ဘယ်လိုဝေဖန်မှုမျိုးကိုမှ မနှစ်သက်ခဲ့ဘူး။ ကိုယ်လည်း မလုပ်နိုင်ဘူး။ သူ့မှာလည်း လူမရှိဘူး။ လွှတ်တော်ထဲသွားပြီး တူတာတွေကို ပေါင်းလုပ်မယ်လို့ ကြွေးကြော်ခဲ့သူရဲ့ အတိုက်အခံပြုသံတွေ တိုးတိတ်လွန်းသွားတာကိုလည်း မကျေနပ်ဘူး။ ဒီလို လုံချာလည်နေတဲ့ ခံစားမှုတွေနဲ့ နေ့စဉ်နဲ့အမျှ ဖေ့စ်ဘွတ်ခ်ကြည့်ပြီး စိတ်မချမ်းသာမှုမျိုးစုံနဲ့ ရင်မောရတယ်။ ဒါတောင် ကိုယ်က သာမန်ပြည်သူပဲရှိသေးတာ။ တနေ့က သုတေသနတခုအတွက် ပါတီတခုရဲ့ ထိပ်ပိုင်းခေါင်းဆောင်တဦးနဲ့ တွေ့ဖြစ်ပါတယ်။ စာရေးသူက ဖွံ့ဖြိုးရေးနဲ့ပတ်သက်တဲ့ အမြင်တွေကိုပဲ မေးပါတယ်။ သုတေသနမေးခွန်းတွေပြီးလို့ စကားစမြည်ပြောကြတဲ့အခါ သူ့ရဲ့ မကျေနပ်သံတချို့ကို ကြားရတယ်။ “ဂန်ဘာရီလာတုန်းက တွေ့ဆုံညှိနှိုင်းရေးအတွက် စကားပြောဖို့ ဟိုဘက် ဒီဘက်အချက်တွေ တောင်းဆိုကြတဲ့အခါ အဲဒီအမျိုးသမီးက ဘာတခုမှ လက်မခံဘဲ ထောင်ထဲပဲပြန်ဝင်တယ်။ သူ ငြင်းလိုက်တော့ ကျနော်တို့လည်း ထောင်ထဲမှာပဲ ဆက်နေရတော့တာပေါ့။ ကျနော်တို့ အဲဒီအချိန်တုန်းက တော်တော်မျှော်လင့်ခဲ့ပါတယ်။ ဒါပေမယ့် ခေါင်းဆောင်ရွေးမှားသွားတော့ အချိန်တွေ ကုန်သွားတာပေါ့။ ၂၀၁၀ မှာ ကိုယ့်လမ်းကိုယ်လျှောက်မယ်ဆိုပြီး ပါတီထောင်ခဲ့တယ်။ ခုတော့ သူလည်း လွှတ်တော်ထဲကို လာတာပဲလေ။ ဒါပေမယ့် ကျနော်တို့ ပါတီ ဘယ်လိုပဲ ဥပဒေကြမ်း တင်သွင်းဖို့ ကြိုးစားကြိုးစား တော်တော်များများကို ခဏနေပါဦးဆိုပြီး လွှတ်တော်ကနေ ဆိုင်းငံ့ထားပြီး နောက်ကျမှ ကြံ့ဖွံ့ပါတီအနေနဲ့ မလိမ့်တပတ်လုပ်ပြီး ပြန်တင်တယ်။ နောက်ပြီး ဦးရွှေမန်းက ခများတို့ ပါတီမှာ ဥပဒေကြမ်းသွင်းဖို့ ဥပဒေကျွမ်းကျင်သူလည်း မရှိဘဲနဲ့ လုပ်လို့မဖြစ်ဘူး။ ဒီတော့ ဒါကို အဆိုအဖြစ် ပြန်ပြောင်းပါဆိုပြီး သီးခြားခေါ်တွေ့ပြီး ငေါက်သေးတယ်။ အဲတော့ လွှတ်တော်ဟာ အတိုက်အခံမရှိတဲ့ လွှတ်တော်ဖြစ်နေတယ်။ ဒီကြားထဲ ဦးရွှေမန်းက သူ သမ္မတဖြစ်ချင်တော့ အဲ့ဒီအမျိုးသမီးရဲ့ ခါးကိုလှမ်းဆွဲထားတာမျိုး လုပ်ချင်သေးတယ်။ လွှတ်တော်ထဲမှာ ပြောကြဆိုကြတဲ့အခါ NLD က ဘာမှ မပြောဘဲနေရင်တောင် NLD ပြောပါဦး၊ NLD ပြောပါဦးနဲ့ ဇွတ်အတင်းလမ်းကြောင်းပေးတယ်။ အများအမြင်မှာ သူရဦးရွှေမန်း အတော်ပြောင်းလဲလာတဲ့ပုဂ္ဂိုလ်ပေါ့။ ဒါပေမယ့် တနေ့တော့ သူ ဒီအမျိုးသမီးကို ကန်ထုတ်ပြစ်မှာပဲလေ။ အဲဒီအမျိုးသမီး အဲဒီအခါကျမှ နောင်တရလိမ့်မယ်”။ ၅၆ ပါတီစလုံးနဲ့တွေ့ရင် ပါတီမျိုးစုံရဲ့ သဘောထားမျိုးစုံကို ကြားရမှာမို့၊ နောက်ပြီး ကိုယ့်သုတေသနနဲ့လည်း တိုက်ရိုက်မသက်ဆိုင်တာမို့ စာရေးသူအနေနဲ့ ဘာမှ မှတ်ချက်မပေးခဲ့ပါဘူး။ လက်ရှိအစိုးရအပေါ်မှာ အမြဲသံသယမကင်းတဲ့ ပြည်သူတယောက်အနေနဲ့တော့ လေဒီက ပူးပေါင်းမယ်လို့ ဆုံးဖြတ်တာကိုသိလိုက်ကတည်းက စိုးရိမ်မကင်းဖြစ်ခဲ့မိတာပဲ။ စိတ်မကောင်းဖြစ်မိတာပဲ။ သူဟာ အသိဥာဏ် ပြည့်စုံထက်သန်သူမို့ ဒီလောက်တော့ သူ သိမှာပါလေလို့ အကောင်းမြင်စိတ်က ဖြည့်တွေးပေမယ့် “ပညာရှိ သတိဖြစ်ခဲ” ဆိုတဲ့စကားမျိုးလည်း ရှိသေးတာမို့ ကိုယ့်ထမင်းကိုယ်စားပြီး ရတက်မအေးဖြစ်နေရသေးတယ်။

 

(၈)

အနန္တ စင်္ကြာဝဠာမှာ လက်ရှိလူတွေ နေထိုင်နေတဲ့ ကမ္ဘာဆိုတာ မြူမှုန်မျှသာပါပဲ။ ဒီမြူမှုန်လေးမှာ ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုး၊ ကိုယ့်အ၀န်းအ၀ိုင်းဆိုတာ စင်္ကြာဝဠာနဲ့နှိုင်းယှဉ်ရင် ကိုင်တွယ်ပြစရာမရှိလောက်အောင်ကို သေးငယ်လှပါတယ်။ ကမ္ဘာဖြစ်တည်စ ကမ္ဘာဦးမှာ လူတွေမှာ လူမျိုးရယ်၊ နိုင်ငံရယ်၊ ဘာသာရယ် ခွဲခြားထားမှုမရှိဘူး။ အလားတူစွာ ယနေ့ခတ်မှာလည်း သာတူညီမျှ မြတ်နိုးသူတွေက လူမျိုးရေး၊ ဘာသာရေး နယ်စည်းမခြားဖို့ လှုံ့ဆော်နေကြပါတယ်။ ဒါပေမယ့် ဒါဟာ မလွယ်ပါဘူး။ လူဦးရေချင်း မတူကြဘူး။ သယံဇာတပိုင်ဆိုင်ကြွယ်ဝမှုချင်း မတူကြဘူး။ ကိုးကွယ်ယုံကြည်မှုချင်း မတူကြဘူး။ ဖွံ့ဖြိုးမှုချင်း မတူကြဘူး။ တပြေးညီညှိဖို့ ပြောလာတိုင်း ပြောတော့သာ တပြေးညီ၊ လက်တွေ့မှာတော့ တားဆီးထားတဲ့ စည်းတွေ ဖယ်ရှားလိုက်ရင် အင်အားငယ်သူတွေမှာ အင်အားကြီးသူတွေရဲ့ ၀ါးမြိုခြင်း ခံရဖို့ အလားအလာပိုများတာမို့ ကိုယ့်ကမ္ဘာနဲ့ကိုယ် စည်းအထပ်ထပ် တည်းနှောင်လိုကြတယ်။ နောက်ဆက်တွဲအနေနဲ့ မငြိမ်းချမ်းမှုတွေဟာ ကမ္ဘာကြီးရဲ့ တနေရာမဟုတ် တနေရာမှာ ပေါ်ပေါက်နေဦးမှာပဲ။

 

တချို့က ဘ၀ရဲ့ဖြစ်တည်မှုဟာ သေရင် ပြီးပြီလို့ ပြောကြတယ်။ သေရင် ပြီး၊ မပြီး မသိပေမယ့် ရှင်သန်နေဆဲမှာတော့ မမြင်ချင်လည်း မြင်နေရ၊ မကြားချင်လည်း ကြားနေရတော့ နေလို့ မပျော်ဘူး။ ဘာပဲဖြစ်ဖြစ် လက်တွေ့ကျဖို့က အရေးကြီးတယ်ဆိုတဲ့ အတွေးမျိုးဝင်လာပြန်တော့လည်း အဝေးကြီးမစဉ်းစားချင်ရင်တောင် မနက်ဖြန်တိုင်းမှာ ကိုယ်နိုင်တဲ့ အ၀န်းအ၀ိုင်းလောက်အောင်ကိုဖြင့် သာယာစေချင်တာပါပဲ။

 

သော်တာသစ်