broken heart

 

မိုးတွေပြိုကျတဲ့ ထိုနေ့မှာ သူနဲ့ ငါ ကမ္ဘာခြင်းခြားခဲ့တယ်။ မရေရာတဲ့ အိပ်မက်တွေကို အဆိပ်ခတ်ခဲ့မိလို့ ငါဟာ သံသရာမှာ ထာဝရမိစ္ဆာတကောင်လို ရွံရှာခံခဲ့ရပြီ။ ဒီလမ်း ဘာလို့ ဆူး၊ ခယောင်းနဲ့ အမြဲကြမ်းရသလဲဆိုတာ တွေးမိရင်း ၀င်္ကပါထဲချာချာလည်ခဲ့ရတာများတယ်။ ဒီလိုနဲ့ ကောင်းကင်ကြီး ဆင့်ကာပြိုလဲ.. ငါလဲ တွင်းဆုံးကျရော။

 

မနေ့တနေ့ကပေါ့…။ ဒီစကားသံလေး သိပ်ချိုသာတာပဲ၊ နူးညံ့ညက်ညောတာပဲ အထင်ရှိတုန်း…။ ဒါ ပြစ်မျိုးမှည့်မထင်တဲ့။ သိပ်ကြိုင်လွန်းနေပြန်တော့လည်း ငါ မနမ်းဝံ့ဘူး။ မွှေးလွန်းတဲ့ ပန်း ကြာကြာဝါးမိတော့လည်း ခါးတာပါပဲ။ ဒီတော့ မနေ့တနေ့ကဆိုတာ ချန်ထားရစ်ခဲ့တဲ့ အိပ်မက်တွေ ဖြစ်ခဲ့ရပြန်တယ်။

 

ဆက်လျှောက်မယ်။ မယ်မဒီ .. မင်း ကိုယ်နဲ့ လိုက်ဝံ့သလား။ ပါရမီမဖြည့်ရင်နေပါ.. လက်ကို ကူဆွဲပေးရင် ကျေးဇူးကြီးလှပါပြီ။ ဒီလိုနဲ့ တရက်ပြီး တရက် … ကမ္ဘာမပျက်ခင်မှာပဲ ကမ္ဘာတွေ အထပ်ထပ်ပျက်ယွင်း.. ကဲ.. မယ်ဟေမာ သမုဒ္ဒရာကိုတောင် လက်ပစ်ကူးပြ၀ံ့တယ်ဆို။ ဘိလပ်ပြန်သန်းနဲ့ မေမြင့်.. မင်းအမြဲဆိုပြတဲ့ သီချင်းတွေ။ နောက်ဆုံးတော့ သူလည်း စစ်ကြိုခေတ်မှာ ကျန်ရစ်ခဲ့ပြန်တယ်။ ငါတော့ ဒီမှာ ကိုစောညိန်းရဲ့ “ပွင့်ဦး”ကိုတောင် နားမထောင်ရဲတော့တဲ့ အဖြစ်။

 

အနားမှာ ဘိုဖြူသီချင်းဖွင့်နေတယ်။ ကျွံနေတဲ့ ငါ့ခြေထောက်တွေကို ရိုက်ချိုးတော့ “မောင့်ကိုပဲ အချစ်ဆုံး” လို့ မင်းရဲ့ အနိုင်ပိုင်းမှုကို ကျလုကျခင် မျက်ရည်တွေနဲ့ ငါ ဂုဏ်ပြုလိုက်ပါတယ်။ ပြုံးသူမှာ မျက်ရည်စတွေနဲ့ပါလေ။

 

တိမ်လွှာတိမ်တိုက် ဝေဟင်မှာ လေဟုန်စီး ယီးလေလေ့ခိုချင်တယ်။ သစ်တောညို့ညို့အောက်က သွယ်ဝိုက်စီးဆင်းနေတဲ့ ချောင်းရေစီးသံကို တောင်ယာစိုက်ခင်းတွေပေါ်ကနေ နားထောင်ချင်တယ်။ ငါ့ဘ၀မှာ ကဗျာကို ခံစားတတ်တဲ့ နှလုံးသားကလွဲပြီး ကျန်တာ အပရိကပါ။ အားလုံးပျော်နေကြတော့လဲ ကမ္ဘာကြီးသာယာတာပေါ့လေ။ ငါ့ကမ္ဘာ စိုထိုင်း … မှုန်မှိုင်းနေတာ စင်္ကြာဝဠာနဲ့ ယှဉ်ရင် မြူမှုန်ပဲ။

 

ထားပါ..။ ငါ ရောဂါရင့်ခဲ့ပြီ။

နေခဲ့ပါ..။ ငါ သွားပါရစေ။

ထွက်သွားပါ..။ ငါ့အတွက် ငါပဲလိုတယ်။

မငိုပါနဲ့..။ အခါခါ သေဆုံးပြီးသား။

မရယ်ပါနဲ့…။ တကယ်မှ မပျော်ခဲ့တာ။

 

ခြေသံတွေ ဝေး.. ဒီလိုနဲ့ ငါလည်း တွေး ဆွေး ငေး။ ဆောင်းရာသီမှာ ငါ့နှလုံးသား ပတ်ကြားအက်ပြီ။

ဒါပေမယ့် ပတ်ကြားအက်ထဲ ကောက်ရိုးတမျှင် ကြားညှပ်နေတယ်။

ရာသီစာဟာ အခန့်မသင့်ရင် ရင်ကြပ်တတ်ပေမယ့် ရေငတ်တော့ပြေတယ်။

လက်ဆွဲမနှုတ်ဆက်ဘူး။ လက်ဝါးချင်းမရိုက်ဘူး။ လက်ပြ မချန်ရစ်ဘူး။

အလွမ်းတေးတွေ ထပ်မဆိုနဲ့။ ငါလည်း ပြဇာတ်တခန်းရပ်မယ်။

နောက်ဘ၀မှာ.. ငါ…. ရာမပဲ ဖြစ်ပါရစေ။

 

 

မျက်ရှု