သူရာလေး ဖက်နေတာတောင် အတိတ်ဘဝ ကုသိုလ်က ကောင်းတယ်ဆိုတဲ့ facebook ဘော်ဒါတယောက်ရဲ့ အဆိုအရ… အမေရိကရောက်ပြီး ၁၀ ရက် မပြည့်ခင်မှာ ကိုယ်အလုပ်ရခဲ့တယ်။ minimum wage ပါပဲ။

 

ကိုယ် အမေရိက ရောက်တဲ့အချိန်မှာ ညီမအငယ် Sandra နေတဲ့ Inglewood မှာ နေတယ်။ Inglewood ဆိုတာ လော့စ်အိန်ဂျယ်လိစ်လေဆိပ်နဲ့ ကပ်လျက် city ပါ။ ညီမ အိမ်ရောက်တော့ အိမ်ရှေ့ဧည့်ခန်းမှာ ညီမက ခရီးသွားဖို့ အထုပ်အပိုးတွေ ပြင်ထားချထားတာ မြင်လို့….

“ဒါတွေက ဘာတွေလဲ…” လို့ ကိုယ်က မေးတယ်။

“သန်ဘက်ခါ.. ဗမာပြည်သွားမလို့.. မေမေ နေမကောင်းဖြစ်နေတယ်.. ကိုကို အိမ်စောင့်ပြီးနေခဲ့….” တဲ့။

 

ဒီလိုနဲ့ အမေရိကမှာ တယောက်ထဲ အူချာချာဖြစ်နေတုန်း ညီမအကြီးနေတဲ့ အိမ်နား၊ El Segundo Main Street ပေါ်မှာ  ဟိုနားဒီနား လျှောက်သွားနေ ဗမာပြည်က သွားဆရာဝန်လေး ဒေါက်တာတင်မောင်မောင်ကို မမျှော်လင့်ပဲ သွားတွေ့တယ်။

 

“ဟာ- ဝမ်းသာလိုက်တာ၊ ကိုအေးဝင်း လာမယ်ဆိုတာ ကျနော်ကြားတယ်… အလုပ်တွေ ရပြီလား…”

တယောက်အကြောင်းတယောက် သိပြီးသားတွေမို့ အဓိကကျတဲ့ အလုပ်အကြောင်းကိုပဲ သူက စ, စချင်းမေးလိုက်တာ။

”မရသေးဘူး၊ မေမေနေမကောင်းလို့ Sandra ဗမာပြည်ပြန်သွားတယ်…”

”လာလိုက်ခဲ့ ကျနော် မိတ်ဆက်ပေးမယ်..”

 

သူက အလုပ်ပြီးလို့ အလုပ်ကနေ ကားရပ်တဲ့ parking lot ဆီ လျှောက်လာတုန်း ကျနော်နဲ့ တွေ့တာ။ သူ့အလုပ်ကို ပြန်ခေါ်သွားပြီး supervisor နဲ့ မိတ်ဆက်ပေးတယ်။ သူ့မိတ်ဆွေ supervisor က အလုပ်အတွက် နောက်နေ့ကို ပိုင်ရှင်နဲ့ တွေ့ပေးမယ်ဆိုပြီး ချိန်းလိုက်တယ်။

 

ကိုယ့်ဆီမှာ social security ကဒ်တွေ ဘာတွေ လက်ထဲ မရှိသေးပေမယ့် လေဆိပ် လဝက  က ပေးလိုက်တဲ့ စာရွက်ရယ်၊ social security ဌာနက ထုတ်ပေးတဲ့ ယာယီ ဖြတ်ပိုင်းလက်မှတ်ရယ်နဲ့ သွားဆရာလေးတင်မောင်မောင် လုပ်တဲ့ RCI Micro Film Co. မှာ minimum wage နဲ့ အလုပ်ရသွားတယ်။ အလုပ်အကြောင်းတော့ ဒီလောက်ပဲ ရေးတော့မယ်… နောက်မှ……..။

 

ခု ပညာရေးအကြောင်းကို ရေးချင်လို့….။

 

ကိုယ်က ကျောင်းနေချင်တယ်။ စာသင်ချင်တယ်…။ ဘွဲ့ရဖို့ အလုပ်ရဖို့ ထက် ကျောင်းတက်ရတာကို ကျောင်းသားဖြစ်ရတာကို ကြိုက်လို့…။

 

အမေရိက ရောက်တဲ့နှစ် ကိုယ့် အသက်လေးဆယ်မှာ ကောလိပ်ကျောင်းသား ပြန်လုပ်တယ်။ ကျောင်းတက်ချင်လို့ ကိုယ့်နဲ့ အနီးဆုံး El Camino College ကို ဆက်သွယ်တော့ တနှစ်ပြည့်အောင် စောင့်လိုက်ပါတဲ့။ California မှာနေတာ တနှစ်ပြည့်ရင် ဒီပြည်နယ်နေတဲ့သူတဲ့ ဈေးနှုန်း တယူနစ် ၁၁ ဒေါ်လာပဲ ပေးရမယ်။ မဟုတ်ရင် တယူနစ် ၁၁၀ ဒေါ်လာ ပေးရမယ်တဲ့။ ဈေးက ၁၀ ဆလောက် ကွာတာနဲ့ တနှစ်ပြည့်အောင် စောင့်ရတယ်။

 

အချိန်ပြည့် (တပတ် နာရီ ၄၀ ) လုပ်ပြီး တနှစ်ပြည့်တော့ အချိန်ပိုင်း ကျောင်းတက်တယ်။ micro film မှာ အလုပ်လုပ်ဖော် ဗီယက်နမ် မိန်းကလေးနှစ်ယောက်က သူတို့ လုပ်တဲ့ စနေ – တနင်္ဂနွေ အလုပ်မှာ လုပ်မလား ဆိုလို့၊ တပါတ်မှာ ၇ ရက် လုံးလုံး အလုပ်လုပ်လိုက်သေးတယ်။

 

စက်မှုတက္ကသိုလ်မှာ ၇ နှစ်တက်ခဲ့တယ်။ ၅ တန်းပဲ ရောက်တယ်။ ထောင်ကထွက်တော့ စာပေးစာယူပဲ တက်လို့ ရတယ်။ အဲဒီတုန်းက စာပေးစာယူကလည်း စတာ သုံးနှစ်ပဲ ရှိသေးတော့ တတိယနှစ်က အကြီးဆုံး။ စက်မှုမှာ ပဉ္စမနှစ်ကနေ စာပေးစာယူမှာ တတိယနှစ် စ တက်ရတော့ နှစ်နှစ်မှာ ကျောင်းက ပြီးသွားပြန်တယ်။ ဒါတောင် ကိုယ်တက်တဲ့ တတိယနှစ်က နှစ်ကုန် စာမေးပွဲ ဖြေရဖို့ ၂ လပဲ ကျန်တော့တာ၊ ဦးသက်လွင်က မီရာရထားမှာ အတင်း ချိတ်ပေးလိုက်တယ်။ ဓါတုအင်ဂျင်နီယာသမားက ဓါတုဗေဒ အဓိကဘာသာမှာ တက်တယ်။

 

နောက်ကျတဲ့ခြေထောက် သစ္စာဖောက် ဗမာပြည်က အသက်လု ထွက်ပြေးလာရတော့ ကိုယ့်မှာ ပညာရေးသက်သေခံ အထောက်အထား ဘာမှ ပါမလာဘူး။ ခုမှ သွားတောင်းနေလို့လဲ သွားတောင်းတဲ့ သူ ဒုက္ခရောက်မှာ..၊ ဗိုလ်ခင်ညွန့်တို့က ပြဿနာရှာလိုက်မှာ…။

 

ဒီမှာ ကောလိပ်ဝင်ဖို့ Placement test ဆိုတာ ဖြေရတယ်။ စိုးပိုင်သီချင်းတပုဒ်လား မပြောတတ်ဘူး မကျေနပ်ဘူး တစ်က ပြန်စမယ်….။ သင်္ချာနဲ့ အင်္ဂလိပ်စာ ဖြေပြီး သင့်တော်တဲ့ အတန်းမှာ ရတယ်။

 

CIS ဆိုတဲ့  Computer Information System major ကို ယူတယ်။ semester တခုမှာ နှစ် ဘာသာ ယူဖြစ်တော့ ၇ – ၈ ယူနစ် ရတယ်။ တနှစ်ခွဲလောက်ကြာတယ်။ စုဗူးထဲ ယူနစ်လည်း တော်တော်ရနေတုန်း အခြား ပြည်နယ်မှာ နေတဲ့ ကိုယ်လို ဒုက္ခသည် ရဲဘော် မဝေနဲ့ စကားစပ်မိတော့ သူက စကောလားရှစ် လျှောက်ပါလားဆိုပြီး အကြံပြုတယ်။

 

သူပို့ပေးတဲ့ လျှောက်လွှာလိပ်စာနဲ့ လျှောက်လိုက်တာ စကောလားရှစ်ရသွားတယ်။ သူ့ စကောလားရှစ်က OSI Open Society Institute တဲ့။ OSI ဆိုတာ ဘာလဲတော့ ကိုယ်လဲ မသိခဲ့ဘူး။ ကိုယ်က Rangoon Institute of Technology က လာတာ ဆိုတော့  သူလည်း Institute တခုခုနေမှာပေါ့လို့ ထင်ပါတယ်။ နှစ်အတော်ကြာပြီး မှ OSI ဆိုတာ ကို သိရတယ်။ ဘာပဲဖြစ်ဖြစ် ကိုယ့်ကျောင်းတက်ဖို့ သူပိုက်ဆံပေးခဲ့တယ်။ သူ့ကျေးဇူး ရှိပါတယ်။

 

သူ့အလိုအရ စကောလားရှစ်ယူ ကျောင်းတက်ရင၊် ကျောင်းကို အချိန်ပြည့် တက်မှ ရမယ်ဆိုလို့ ကိုယ် အလုပ်က ထွက်လိုက်တယ်။ ဒီလိုနဲ့ သူ့ငွေနဲ့ semester နှစ်ခုရပြီး၊ တတိယ semester မှာ ကိုယ့်အမျိုးသမီးက ဦဏှောက်သွေးကြောပေါက် သွားလို့ ဆေးရုံတက်ရတာနဲ့၊ မောင်အေးဝင်းရဲ့ ထုံးစ၊ံ ပညာရေးတပိုင်းတစမှာ ကျောင်းကို ဖြတ်ပြီး အလုပ်ပြန်ဝင်လိုက်ရပါတယ်။

 

အေးဝင်း (လမင်းတရာ)