၂၀၁၂ ခုနှစ်၊ နိုဝင်ဘာလတွင် မျက်ရှု နှစ်နှစ်ပြည့်သည်။ နှစ်နှစ်ဟူသည် လူ့သက်တမ်းနှင့် နှိုင်းယှဉ်လျှင် ဥမမယ် စာမမြောက်သေးသည့်အရွယ်။ သို့သော် မဂ္ဂဇင်းတစောင်၏ ဖြတ်သန်းမှုခရီးအတွက် အကဲဖြတ်ရလျှင်မူ စာပေရပ်တည်ချက်၊ ဦးတည်ချက်၊ ဦးတည်ပရိသတ်၊ ရှေးရှုရာလမ်းကြောင်းတို့ တည်ငြိမ်သင့်ပြီဟုထင်သည်။

 

စာတိုပေစ လက်ဆင့်ကမ်းရုံသာသာရှိသော အပျော်တမ်း အွန်လိုင်းမဂ္ဂဇင်း “မျက်ရှု” အနေဖြင့် ပန်းသတင်း လေညင်းဆောင်ပြီး အွန်လိုင်းစာရှုသူတို့ကြားတွင် တွင်ကျယ်လာခြင်းကို တဖက်မှ ကြည်နူးမိသော်လည်း၊ ယခုအချိန်အထိ ပရော်ဖက်ရှင်နယ်ဆန်သော မဂ္ဂဇင်းတစောင်အဖြစ် ရပ်တည်နိုင်ရန် အားနည်းချက်များစွာ ရှိနေသေးသည်ကို မိမိတို့ကိုယ်တိုင် သတိပြုမိပါသည်။ ၀န်ခံရလျှင် ယခုထက် ပိုမိုအောင်မြင်ရေးထက် ရှိနှင့်ပြီးသား အဆင့်ထက် လျော့ကျမသွားစေရန်ကိုပင် အထူးလုံ့လပြုနေရပါသည်။ မျက်ရှုသည် ကလောင်သစ်များ လက်ရည်သွေးရာ ဖြစ်ကောင်းဖြစ်မည်၊ မှတ်ဖွယ်မှတ်ရာ ထိုထိုစာကို ပြန်လည်မှတ်တမ်းတင်ရုံ၊ စိတ်အပန်းဖြေရုံမျှသော စာကို ဖျော်ဖြေရေးအနေဖြင့် ဖော်ပြရုံဖြစ်ကောင်းဖြစ်မည်။ သို့သော် လူမျိုးရေး၊ ဘာသာရေး အစွန်းရောက်မှုများ၊ ဘက်လိုက်မှု၊ အဆိပ်အတောက်ဖြစ်စေမှုများကိုတော့ အတတ်နိုင်ဆုံး ကင်းဝေးအောင် ဂရုပြုထားပါသည်။ မိမိတို့ ၀ဘ်ဆိုက်တွင် ဖော်ပြထားသော ကဗျာ၊ ၀တ္ထု၊ ဆောင်းပါး၊ အာဘော်များမှ ပေးလိုက်သော သုတ၊ ရသကို အရသာရှိစွာ စုပ်ယူမြိုချရသည့် အဆင့်မရောက်စေကာမူ ခါးသီးစွာ ထွေးထုတ်ပစ်လိုက်ရသည်အထိ အချည်းအနှီးမဖြစ်စေရန် ကြိုးစားထားပါသည်။

 

အာရပ်စကား မခါဆီယာမှတဆင့် ပြင်သစ်တို့ အသံဖလှယ်၍ ဖြစ်လာသော မဂါဆင်၊ တဖန် အင်္ဂလိပ်တို့က မဂ္ဂဇင်းဟု ခေါ်ပြီး၊ ပါဠိဘာသာ မဂ္ဂဇညကို မြန်မာအခေါ်အဝေါ်အားဖြင့် မဂ္ဂဇိန်ဟု ဆရာကြီးဦးမောင်မောင်က စတင်သုံးစွဲခဲ့သည်ဟု ဦးခင်မောင်ထွန်း၏ “မြန်မာမဂ္ဂဇင်း” စာတမ်း (မြန်မာမှုစာစဉ်၊ တက္ကသိုလ်များ စာအုပ်ပြုစုထုတ်ဝေရေး ကော်မတီ၊ ၁၉၇၅၊ ဇန်န၀ါရီ) တွင် မှတ်သားရဖူးပါသည်။ ရှေးဟောင်းကျမ်းဂန်လာ ဘာသာရေးအဆုံးအမ စာများမှသည် ၀တ္ထု၊ ကဗျာအပြင် အမြင်ဖွင့် အတွေးအခေါ် စာပေများစုံလင်လာသည်အထိ တစတစ တိုးတက်လာသော မြန်မာမဂ္ဂဇင်းများသည် ယခုအခါ အရည်အသွေးထက် အရေအတွက်နှင့် စီးပွားရေးအတွက် ကျားကန်နေရသော အနေအထားသို့ ကျဆင်းလာသည်။ ထိုအချိန်တွင် မိမိတို့စိတ်ကြိုက် လွတ်လပ်စွာရေးသားနိုင်သော အီလက်ထရောနစ် မီဒီယာ၏ အခန်းကဏ္ဍမှာ တခေတ်ဆန်းလာပြီး စာဖတ်သူများထံ အချိန်တိုအတွင်း ပြန့်နှံ့နိုင်သော အားသာချက်များရှိလာသည်။ ထို့ကြောင့် ဘာသာရေး၊ အတွေးအခေါ်၊ ပညာရေး၊ နိုင်ငံရေး၊ သုတ၊ ရသ စသဖြင့် အမျိုးမျိုးသော ခေါင်းစဉ်ဖြင့် အွန်လိုင်းမဂ္ဂဇင်းများ ပေါ်ပေါက်လာပါသည်။ အွန်လိုင်းမဂ္ဂဇင်း၏ အားသာချက်မှာ ရုပ်သံများကိုပါ ပူးတွဲတင်ဆက်နိုင်သည်။ မိမိတို့ သိမီသလောက် ရန်ကုန်မဂ္ဂဇင်းလောကတွင်လည်း လွန်ခဲ့သော ၇ နှစ်ဝန်းကျင်မှစ၍ ဗွီဒီယိုမဂ္ဂဇင်းဟူ၍ ဒီဗီဒီအခွေဖြင့် အရုပ်အသံများ ဝေဝေဆာဆာထည့်သွင်း ဖန်တီး ထုတ်ဝေသည်များ ရှိလာသည်။ ဤသည်မှာ တမျိုးတီထွင်ဆန်းသစ်မှု ဖြစ်ကောင်းဖြစ်မည်။ ထို့ကြောင့် မျက်ရှုအနေဖြင့် ရုပ်သံကဏ္ဍတွင် ခေတ်ဟောင်း ပြဇာတ်နှင့် ရေဒီယိုဇာတ်လမ်းများ ပြန်လည်တင်ဆက်သွားရန် ရည်ရွယ်ထားသည်။ ထို့ပြင် ယခု နှစ်နှစ်မြောက်မှ စ၍ အခန်းဆက်ဝတ္ထုများကို ဖော်ပြရန် စီစဉ်ပြီး “စာအုပ်ရည်ညွှန်း” ကဏ္ဍသစ်ကိုလည်း တိုးချဲ့သွားရန်ရှိသည်။ နောင် သုံးနှစ်မြောက် နှစ်ပတ်လည်၊ လေးနှစ်မြောက် နှစ်ပတ်လည်များတွင် ယခုကဲ့သို့ အားနည်းချက်ကို ၀န်ခံနေရသည့်အနေအထားမှ အမှားကင်းစွာနှင့် ခေါင်းမော့ရင်ကော့နိုင်သော အခြေအနေဖြစ်ရန် မျှော်လင့်သည်။

 

ယခုထက်တိုင် မျက်ရှုကို ယုံကြည်စွာ ဖတ်ရှုအားပေးသော အွန်လိုင်းစာရှုသူများ၊ အကျိုးအမြတ်မမျှော်ကိုးဘဲ မေတ္တာရည်လျက် စာမူပေးပို့ကြသော ဘလောဂ်ဂါ ညီအကို၊ မောင်နှမများ၊ စာရေးဆရာ၊ ဆရာမကြီးများ၊ ဝေဖန်အကြံပေးသူအပေါင်းအား အထူးကျေးဇူးတင်ကြောင်း မှတ်တမ်းတင်အပ်ပါသည်။ မျက်ရှုသာမက ကျန်ရှိသော အွန်လိုင်းမဂ္ဂဇင်းများလည်း အရှည်သဖြင့် တည်တံ့ကြပါစေဟု ဆန္ဒရည်သန်မိပါသည်။ နည်းပညာခေတ်တွင် စီးမျောနေမိကြသူတို့အတွက်မူ ထိုမဂ္ဂဇင်းများသည် အသိဥာဏ်ဖွံ့ဖြိုးစေရန် သုတကိုလည်းကောင်း၊ နှလုံးသားအဟာရ တင်းပြည့်စေရန် ရသကိုလည်းကောင်း အချိန်ဒေသ၊ နေရာကွာဝေးမှုကို လျစ်လျူရှု၍ ပေးစွမ်းနိုင်သော စွမ်းဆောင်ရှင်များ ဖြစ်ကြပေသည်။

 

 

မျက်ရှုဝိုင်းတော်သားများ ကိုယ်စား

စီစဉ်သူ