ငါရပ်နေတဲ့ ဒီမြေကြီးဟာ ငါ့အဖေရဲ့ အဖိုးခုတ်ထွင်ရှင်းလင်း

အစပြုလို့ ဘ၀အခြေတည်ခဲ့တဲ့ နေရာပေါ့။

ငါ့အဖိုးဟာလည်း အနောက်ကလာသူတွေရဲ့လက်ထဲ

ကြွေးမဆုံးရအောင် အသက်နဲ့ရင်း ဒီမြေကို ကာကွယ်သွားခဲ့သေးတယ်။

ဒီမြေကြီးတွေ ကျန်းမာရေးကောင်းမှ ၀မ်းလှမှာမို့

စောင့်ရှောက်ပါလို့ တဖွဖွမှာတဲ့ ငါ့အဖေ

ခေါင်းချသွားတော့ သူ့အရိုးပြာတွေ ဒီမြေပေါ်မှာ ငါကြဲရင်း ငိုခဲ့တယ်။

 

အိုးသစ်အိမ်သစ် ထူထောင်တော့မယ့် ငါ့သားဟာလည်း မျှော်လင့်ချက်တွေနဲ့

ဒီမြေကြီးကို စိုက်ပျိုးထွန်ယက်နေလေရဲ့။

ညက အိပ်မက်ထဲ အရှေ့အရပ်ကလာတဲ့ နဂါးကြီးဟာ

ဒီမြေထက်ဝယ် ဖွဲ့ခွေနေလေတော့ ဇောချွေးတွေနဲ့ လန့်နိုးလာခိုက်မှာ

မြို့က ဆရာလေးပြောတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေအရ

ဒီမြေတွေကို ငါတို့မပိုင်ဘူးဆိုတာ သွားအမှတ်ရနေမိတယ်။

 

“သူခိုးက လူဟစ်” ဆိုတဲ့ ဆိုရိုးစကားရဲ့ အနက်အဓိပ္ပာယ် တွေးဆနေမိခိုက်မှာပဲ

ဘိုးဘေး ဘီဘင်တွေရဲ့ ကျိန်စာတွေ ငါ့နားထဲမှာ ပဲ့ထင်ထပ်နေတယ်။

ငါနားမလည်တဲ့ နိုင်ငံရေးအရ ငါတို့မျိုးဆက်တွေပဲ မှားခဲ့တာလား ထားပါတော့လေ။

မိုးပေါ်ကကျလာတဲ့ မြေပိုင်သခင်ကြီးရယ်

လွတ်လပ်စွာ အသက်မွေးဝမ်းကျောင်း ရှင်သန်ခွင့်လေးများရှိရင်

လွတ်လွတ်လပ်လပ်လေး စိုက်ပျိုးပါရစေ။

မြေစောင့်ဘီလူးတွေကို ပူဇော်ပသပြုနေရတာတွေလည်း

တတ်နိုင်သမျှ လွတ်ငြိမ်းချမ်းသာခွင့်လေး ပေးသနားပါ။

လွတ်လပ်တဲ့ ဈေးကွက်စီးပွာရေးဆိုရင်လည်း

တို့တောင်သူတွေ ပါဝင်ပတ်သက်ခွင့်ရှိပါရစေ။

ဖွင့်လိုက် ပိတ်လိုက် ခဏခဏနဲ့ ကုန်သည်ပြုသမျှ နုရလွန်းလို့ပါ။

ဆင်းရဲနွမ်းပါးမှု ပျောက်ဖို့ မြေယာစီးပွားဖွံ့ဖြိုးတိုးတက်ရမယ်ဆိုရင်လည်း

လွတ်လွတ်လပ်လပ် လိုအပ်တဲ့အခါ

တို့မြေတွေကို ပေါင်နှံရောင်းချ ရင်းနှီးခွင့်လေးပြုပါ။

 

လူကြီးမင်းတို့ကိုလည်း ယုံပါတယ် ဒါပေမယ့်

အချုပ်အခြာ အာဏာသုံးရပ် တကယ်လွတ်လပ်တယ်ဆိုရင်

တမိုးထဲအောက် အတူတူနေရသူအချင်းချင်း

မြေယာကိစ္စတွေ အငြင်းပွားခဲ့ရရင်

လွတ်လပ်တဲ့ တရားစီရင်ခွင့်ရဲ့ တရားမျှတမှုကိုလည်း

ခံစားစံစားပိုင်ခွင့် နိုင်ငံသားတစ်ယောက်အနေနဲ့ ရပါရစေ။

 

တို့ပိုင်တယ်လို့ ထင်ထားတဲ့မြေတွေကို

တို့တွေထက် “ပိုင်” သူတွေ ရောက်လာပြီး ကိုင်ချင်တဲ့အခါ

“ဦးပိုင်” မပြနိုင်တာနဲ့ အနိုင်ယူကာ

တို့ဆိုင်ခွင့်တွေ မဆုံးရှုံးရပါစေနဲ့။

အများခေါင်းစဉ်ပြကာ ကုမ္ပဏီအကျိုး သယ်ပိုးလိုစိတ်လေး နည်းနည်းလျော့ပါ။

နဂါးမျက်စောင်း အကြောင်းသုံးပါး မရွေးလို့

တို့မြေကြီးတွေ ပြာချရတော့မယ်ဆိုရင်လည်း

နိုင်ငံတ၀ှမ်းက သုံးပုံတစ်ပုံသော မြေယာမဲ့တွေရဲ့ဘဝ

ခ၀ါချရတော့မယ့် အဖြစ်ကို အသိရှိစေချင်ပါတယ်။

 

တောင်သူ့စကား တောင်သူသာကြား

တောင်သူသာ စာနာနားလည်နိုင်တာမို့

တို့တွေရဲ့ တိုင်ပင်စုဝေးစုဖွဲ့ခွင့်ကို ဘာအကြောင်းနဲ့မှ

တားမြစ်မပိတ်ပင်သင့်ပါဘူး။

သုံးတတ်ရင် ဆေးမို့ နှလုံးအေး ကြည်ဖြူစွာနဲ့ ခွင့်ပြုသင့်ပါတယ်။

နောက်ဆုံးတော့လေ မိုးပေါ်က ကျလာမယ့် မြေပိုင်သခင်ကြီးတွေရယ်

လူကြီးမင်းတို့ရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေလေး ပြန်ဖတ်ကြပါဦးလို့

ဆုတောင်းသမှု ပြုလိုက်ပါရစေ။         ။

 

ဝင်းမျိုးသူ (Eco Dev)

 

 

(၂၀၁၂ ခုနှစ်၊ ဇန်န၀ါရီလ ၁၈ ရက်၊ ပါ့ခ်ရွိုင်ရယ် ဟိုတယ်တွင် ကျင်းပသွားသော “မြေ” အမည်ရ ကဗျာရွတ်ဖတ်ပွဲတွင် ဆရာ ၀င်းမျိုးသူ ရွတ်ဆိုသွားသည့် ကဗျာကို မျက်ရှုမှ ပြန်လည် ဖော်ပြခြင်းဖြစ်ပါသည်။ ဆရာ့အား ကြိုတင် ခွင့်တောင်းခြင်း မပြုမိသည့်အတွက် ဤစာမျက်နှာပေါ်မှ အနူးအညွတ် တောင်းပန်အပ်ပါသည်။)