(၁)

 

“ကျိုက်ကသာ အရပ်ဒေသသည်ကား ကျိုက်ထို စစ်တောင်း မြို့နှစ်မြို့ စပ်ကြား၌ ရှိ၏။ ၎င်း အရပ်လူတို့သည် သွားတော်ဓာတ် တဆူရသည်အတိုင်း မိမိတို့ ဒေသတွင် ဌာပနာ၍ စေတီ တည်လုပ် ကိုးကွယ်ထားကြ၏။ သုဓမ္မ၀တီမင်းမြတ်လည်း ကိုယ်တိုင်တော် ရွှေစကြာ ဖြန့်ချီ ကြွရောက်ပြီးကာလ ကြပ်မတ်တော်မူ၏။ ထိုအခါ သာသနာ သက္ကရာဇ် ၂၃၇ ခု ဖြစ်၏။ သွားတော်ဓာတ် ဌာပနာသော စေတီတည်သဥ့် ကွင်းစပ်နားက စေတီဘုရားကြီး ဖြစ်၏။ ၎င်းပြင် သာသနာတော် ၁၆၀၁ ခု ကောဇာသက္ကရာဇ် ၄၁၉ ခု၌ နော်ရထာမင်းစော သုဝဏ္ဏဘုမ္မိ သထုံပြည်ကို တိုက်ပြီးကာလ ပိဋကတ် ကျမ်းဂန် အကုန်နှင့် မွန်ရဟန်းပေါင်း ၁၀၀၀ ပင့်ယူသွားသောအခါ ကျိုက်ကသာ အရပ်၌ စားခန်းချသည်။ ထိုရဟန်းများ စားခန်းချ၍ ထိုင်သမျှ နေရာမှာ စေတီပေါင်း ၁၀၀၀ တည်ထား၏။ ၎င်း ဘုရားစေတီ ဘွဲ့တော် အမည်မှာ အထူးမရှိ “ကျိုက်လငီး” မွန်ဘာသာ ခေါ်၏။ ကျိုက္ကသာ ဆိုသည်လည်း ကျိုက္ကသာ မဟုတ်၊ ကျိုက်အပ်သား ကွမ်အပ်သား၊ နယ်ကုန်ဘုရား နယ်ကုန်ရွာ ဖြစ်သည်။”

 

မြတ်စွာဘုရား၏ သွားတော်ဓာတ် ၁၁ ဆူကို ဒါယကာ ၁၁ ဦးတို့ ရပြီးကာလ ဌာပနာ၍ စေတီတည်လုပ် ကိုးကွယ်ကြသော အခဏ်းမှ ကောက်နုတ်ချက်။ (စစ်ကဲတော်မင်း မောင်ရွှေနော် စီရင်သည့် မွန်ရာဇ၀င်နှင့် စေတီတော် သမိုင်းပေါင်းချုပ်)

 

ကျိုက်ထိုမြို့မှ ကျိုက္ကသာသို့ စန်ပလော (၀ါ) တုတ်တုတ် (၀ါ)  သုံးဘီးတပ် မော်တော်ဆိုင်ကယ်ဖြင့် သွားလျှင် (၁၅) မိနစ်ခန့်မျှသာ သွားချိန်ကြာမြင့်၏။ ရန်ကုန် – မုတ္တမ မီးရထားလမ်း နံဘေးတွင် တည်နေသောကြောင့် စာပို့ လော်ကယ် ရထားဖြင့် သွားလိုက သွားနိုင်သေးသည်။ ဤကဲ့သို့ သွားရေးလာရေး လွယ်ကူလှသည့် နေရာမျိုးတွင် ရှေးမြို့ဟောင်းကြီးမှာ ပုန်းလျှိုးကွယ်လျှိုးဖြင့် ၀ပ်စင်း၍ သင်္ခါရသဘောကို ဆင်ခြင်ပြီး တောရဆောက်တည်နေသည်ကို သတိမူ မိသူ အတော်ပင် နည်း၏။ မြို့ခံတို့ပင်လျှင် အရောက်အပေါက် နည်းလှချေ၏။ ကျိုက္ကသာ အရပ်သည်ကား ကျိုက်ထိုမြို့မှ (၇) မိုင်၊ (၅) ဖာလုံ အကွာ မြောက်လတ္တီကျူ ၁၇ ဒီဂရီ ၂၁ မိနစ် ၃၀ စက္ကန့် နှင့် အရှေ့လောင်ဂျီတွဒ် ၉၆ ဒီဂရီ ၅၅ မိနစ် ကြားတွင် တည်ရှိပြီး၊ စစ်တောင်းမြစ် နံဘေးမှ ကျေးရွာကြီးဖြစ်၍ လယ်ယာ ချောင်းမြောင်း ဖြစ်ထွန်း၏။ အပူ၊ အအေး မျှတ၏။ ခရီး လမ်းပန်းလည်း သာ၏။

 

တချိန် မွန်လူမျိုးတို့ ကောင်းစားစဉ်အခါက ဈေး၊ မြို့ရိုး၊ ကျုံးမြောင်း စသည့် မြို့အင်္ဂါတို့ဖြင့် စည်ပင်ဖွံ့ဖြိုးခဲ့ဖူးသော မွန်မြို့ဟောင်းသည် ၂၁ ရာစုတွင်မူ မြို့အဖြစ်မှ ကျေးရွာကြီးအဖြစ်သို့ သက်ဆင်း လျှောပ သွားလေပြီ။ ရှေးဟောင်း သုတေသီ အချို့ မကြာခဏ လာရောက် လေ့လာခဲ့ကြဖူးသော်လည်း မြို့ဟောင်းကြီး၏ ဇာတာစန်းလဂ်မှာ ယနေ့ထက်တိုင် ကောင်းမွန်လာခြင်း မရှိသဖြင့် တောထဲတွင် ဒုံရင်း အတိုင်းသာ ကျန်ရှိနေရလေ၏။ ရှေးအတီတေက ကောင်းစားဖူးသည့် မွန်မြို့ဟောင်းနှင့် ဂ၀ံယဉ်ကျေးမှုတို့ခမျာမှာ ဇရာ၊ ဗျာဓိ သဘောကို ဆောင်၍ မရဏနောက်သို့ လိုက်တော့မည်ဟန် ပြင်နေလေသည်။ သို့သော် တချိန်က ကောင်းစားခဲ့ဖူးသည်ကို သက်သေပြနေသည့် အထောက်အထား အမြောက်အမြား ကျန်ရှိနေသေးသည်။ ထိုကျန်ရှိနေသော အထောက်အထားတို့မှာ ကလိယုဂ် ဆုတ်ကပ်ခေတ်ထဲတွင် သက်ဆိုး ရှည်မည့် လက္ခဏာ မပေါ်။ သမိုင်း သုတေသီ၊ ရှေးဟောင်း သုတေသီတို့ထက် ပို၍ လက်သွက်သည့် ဒေသခံ ခြံသမားတို့က ကွမ်းစိုက်ရန် အလို့ငှာ မြို့တံတိုင်းကို ဖြိုချပြီး မြေယာသုတေသန ပြုထားခြင်းကြောင့် မြို့တံတိုင်း နေရာ အချို့မှာ ပြိုကျ ပျက်စီး နေသည်ကို ၀မ်းနည်းဖွယ်ရာ တွေ့ရ၏။

 

(၂)

 

“မိနန်းကလိုင်း နေသောရွာသည် ရှေးရှေး ဟိုအခါကာလက ဟံသာဝတီ နယ်ဖျား နယ်ဆုံး နယ်စွန်း ရွာ ဖြစ်သောကြောင့် မွန်ဘာသာ “ကွမ်အပ်သား” မြန်မာစကားဖြင့် “အကုန်ရွာ” ခေါ်၏။ ဤရွာကို အစွဲပြု၍ မင်းသားအမည် “အပ်သားကုမာရ” “အကုန်မင်းသား” ဟု တွင်၏။ နောင်ကာလ ရှည်လျား ကာလရွေ့လျှော ပညာမဲ့သူလည်း ပေါသောကြောင့် လူမင်းသားကို ကျွဲမတိရစ္ဆာန်က မွေးထားလေဟန် ဧကန် ဧက၀ုစ် အမှန်အကန်ဟု ယုံမှတ်ခြင်း “အပ်သား” ကိုလည်း “ကသာ” ဟူ၍ “ကျိုက္ကသာရွာ၊ ကျိုက္ကသာမင်းသား၊ ကျိုက္ကသာဘုရား” ဟု စကား နေရာမကျ၊ အဓိပ္ပါယ်မရ ခေါ်ဝေါ်ကြခြင်း ဖြစ်ကုန်၏။ ရှေးအစဉ်အဆက်က ဟံသာဝတီပြည်၏ အရံ လက်အောက်ခံမြို့ငယ်ဖြစ်သော စစ်တောင်းပိုင် ကွမ်အပ်သား နယ်အကုန်သည် ကဒပ်ချောင်း ဖြစ်၏။ သုဝဏ္ဏဘုမ္မိ သထုံပြည်၏ လက်အောက်မြို့ငယ် တိုက္ကလား နယ်အကုန်သည်လည်း ကဒတ်ချောင်းဖြစ်၏။”

 

“ကုလားတို့ သံတိုင် စိုက်မှတ်သည်ကစ၍  ဟံသာဝတီ ကျွန်း ရင့်မာသည့်တိုင်အောင် နှစ်ပေါင်း ၉၀ ကျော် အတွင်း သမလ၊ ၀ိမလ ညီနောင်မင်း နှစ်ပါးတို့ မွေးဘွားခြင်း၊ ဒုံဇိုင်းတူ ဟံသာဝတီသို့ လာရောက် ထီးနန်းစိုက်ခြင်း အကြောင်း” မှ ကောက်နုတ်ချက်။ (စစ်ကဲတော်မင်း မောင်ရွှေနော် စီရင်သည့် မွန်ရာဇ၀င်နှင့် စေတီတော် သမိုင်းပေါင်းချုပ်)

 

၂၀၁၁  နှစ်ဦးပိုင်းတွင် ကျိုက္ကသာမြို့ဟောင်းသို့ ကျွန်ုပ် ခရီးဆန့်ခဲ့၏။ ကျိုက္ကသာမြို့ဟောင်းမှ ကြွင်းကျန်သမျှ အထောက်အထား တို့ကို ရုပ်သံမှတ်တမ်း တင်ရန်အတွက် ရှေ့ပြေးခရီး သွားရောက်ခြင်း ဖြစ်၏။ ကျိုက်ထိုသို့ မသွားမီ မှတ်တမ်းမှတ်ရာတို့ကို လက်လှမ်းမီသလောက် ရှာကြည့်မိသည်။ ဘိလပ်ရောက် သမိုင်းပါရဂူတန်း တက်ရောက်နေသူ ဆရာဘိုဘိုလန်းစင်က ပညာရှင် အချို့ သုတေသန ပြုဖူးသည်ဟု သတင်းပေးသည်။ Elizabeth Moore နှင့် စံဝင်းတို့ပြုစုသော သုတေသနစာတမ်း တစ်စောင် ရှာတွေ့သည်။ အဖိုးတန် စာတမ်းတစ်စောင်ပင် ဖြစ်၏။ စစ်ကဲတော်မင်း မောင်ရွှေနော် စီရင်သည့် မွန်ရာဇ၀င်နှင့် စေတီတော် သမိုင်းပေါင်းချုပ် တစ်စောင်လည်း  ရခဲ့သည်။

 

ကျိုက်ထိုမြို့သို့ ရောက်၍ ဂ၀ံမြေနီလမ်းကို နင်းမိသော် မိမိ၏ အိမ်ယာ ပြန်ရောက်သွားသည့်နှယ်။ စင်စစ် အပေါင်၊ ကျိုက်ထို စသည့် အရပ်ဒေသတို့မှာ ကျွန်ုပ်၏ ငယ်ပေါင်းကြီးဖော်များပင် ဖြစ်၏။ ငယ်စဉ်က ဖခင်ကြီး ကွင်းဆင်းရာ လိုက်သွားရင်း မြို့ဟောင်းသို့ မကြာခဏ ရောက်ဖူးသည်။ ဒေသခံ မွန်လူမျိုး လယ်သမားကြီးတို့၏ ပေါင်ပေါ်တွင် ခေါင်းချ အိပ်ရင်း ယင်းတို့ ပြောပြသည့် မွန်ရာဇ၀င် ပုံပြင်များကို နားထောင်ဖူးသည်။

 

အထူးထူးသော မွန် ရာဇ၀င် ဇာတ်လမ်းတို့ကို နားထောင်ရသည်မှာ ကြည်နူးဖွယ်၊ စိတ်အား တက်ကြွဖွယ်ရာပင် ဖြစ်တော့၏။ ထိုစဉ်က ကျွန်ုပ်မှာ သမိန်ဗရမ်း၊ ရာဇာဓိရာဇ် စသူတို့ကို မွန်သူရဲကောင်းများ ဖြစ်မှန်း မသိ၊ ဗမာ သူရဲကောင်းတွေချည်းပဲ ဟု အထင်ရောက်မိသဖြင့် “ဘဘတို့ ပြောတာက မွန် သူရဲကောင်း မဟုတ်ဘူး။ ကျွန်တော်တို့ ဗမာ သူရဲကောင်းတွေပဲ” ဟု ခံပက်လေ့ ရှိသည်။ ထိုသော် မွန်လူကြီးများက ဟက်ဟက်ပက်ပက်  ရယ်ကြ၏။ “ကွန်ဗလိုင် (မြန်မာဘာသာ – ကိုလူပျို) မင်း ဖတ်ဖူးတဲ့ သူရဲကောင်း မသံလုံး အပိုင်စားရတဲ့ တိုက်ကုလားမြို့ ဆိုတာက ဟောဟို ကဒပ်ချောင်း အစပ်မှာ ဆုံးတယ်။ တိုက်ကုလားနဲ့ နယ်ကုန်ရွာက ကဒပ်ချောင်းပဲ ခြားတယ်။ ဟိုဘက်ကမ်းက သုဝဏ္ဏဘူမိ သထုံ အပိုင်၊ ဒီဘက်ကမ်းက တို့ ကျိုက္ကသာက ဟံသာဝတီ အပိုင်ကွ။ နောက်ပြီး ကွမ်အပ်သား မင်းသားဆိုတာ တို့ ကျိုက္ကသာရွာကပဲ” ဟု အစချီ၍ ကွမ်အပ်သား မင်းသားနှင့် အမျိုးစပ်ပြ လေ့ရှိသည်။ ထိုသော် ကျွန်ုပ်စိတ်တွင် “သြော် ရာဇ၀င်မှာသင်တဲ့ သူရဲကောင်းဆိုတာ ငါတို့ ကျိုက်ထိုသားတွေပဲ။ ငါတောင် အခန့်သင့်ရင် သူရဲကောင်း ဖြစ်နိုင်တာပဲ”ဟု မအပ်မရာ တွေးမိခဲ့ဖူးသည်။

 

(၃)

 

ကျိုက္ကသာ မြို့ဟောင်းကား နံနက်ခင်း မြူခိုးများ အကြားတွင် ၀ိုးတ၀ါး။ ဂ၀ံ မြေနီလမ်း နံဘေးရှိ စစ်တောင်း တူးမြောင်းဟောင်းထဲတွင် ရွှံ့လူးနေသော ကျွဲအုပ်က တညွံ့ညွံ့ အသံပေးသည်။ ခပ်လှမ်းလှမ်း လယ်ကွင်းထဲတွင် တအိအိ ရွေ့လျားနေသည့် ကျွဲအုပ်များ၊ ကျွဲ ကျောကုန်းထက်တွင် မတ်တပ်ရပ်၍ လိုက်ပါလာသော ကျွဲကျောင်းသားတစ်ဦးက လက်ဝှေ့ရမ်းပြီး နှုတ်ဆက်သည်။ ရွာအ၀င် လမ်းဘေး တစ်ဖက်တစ်ချက်တွင်  ပျဉ်းမပန်းများ ပွင့်ချင်တိုင်း ပွင့်နေကြ၏။ ကုက္ကိုပင်အောက်မှ ကျိုက္ကသာဘူတာတွင် ကွမ်းပွဲစားများ ပျားပန်းခပ်နေကြလေ၏။ ကျိုက္ကသာမှာ အရင်အတိုင်းပင်။ အပြောင်းအလဲ များများစားစား မရှိလှ။ မြို့တွင်း၊နယ်ဝေး ဖုန်းပြောနိုင်သည်၊ စန်ပလော၊ ထော်လာဂျီ အငှားလိုက်သည် ဟူသည့် ဆိုင်းဘုတ်များသာ တိုးတက်လာသည်ဟု မြင်မိသည်။

 

ဆယ်စုနှစ်တစ်ခုကျော်မျှ ကွဲကွာနေသည့်  အသိအကျွမ်းဟောင်းတို့နှင့် ပြန်လည်ဆုံတွေ့ရသဖြင့် ပြောစရာစကားများ မကုန်နိုင် မခန်းနိုင်။ အတန်ကြာမှ လာရင်းအကြောင်းကို ပြန်လှည့်ပြီး မြို့ရိုးရှိရာဘက်သို့ မိတ်ဆွေဦးကြီးတို့နှင့် ထွက်ခဲ့၏။ စစ်တောင်းမြစ်ပြင်ကို ဖြတ်တိုက်လာသည့် လေအဟုန်ကြောင့် မြေနီဖုန်မှုန့်တို့ တထောင်းထောင်း ထနေလေ၏။

 

ဦးစွာ မုဆိုးမဂူဟု အမည်တွင်သည့် “ဂ၀ံ”ကျောက်ဂူသို့ ရောက်သည်။ ဤ “ဂ၀ံ”ကျောက်ဂူထဲသို့ ကျွန်ုပ်ငယ်စဉ်က ၀င်ရောက် ဆော့ကစားဖူးသည်ကို ကောင်းစွာ မှတ်မိသည်။ မုဆိုးမဂူမှာ “ဂ၀ံ”ကျောက်တောင်ကိုထွင်း၍ တည်ဆောက်ထားသော လူလုပ်ဂူဖြစ်ပြီး အတွင်း၌ “၀င်္ကဘာ”သဖွယ် ဖန်တီးထားသော အခန်းငယ် များစွာ ရှိသည်။ တစ်ခန်းမှ တစ်ခန်းသို့ ကူးလူး  သွားရောက်ရန် မလွယ်ကူလှချေ။ ၀င်္ကဘာ ဖွဲ့ပြီး အခန်းကန့်ထားသောကြောင့် ၀င်နေကျ မဟုတ်လျှင် မျက်စိလည် လမ်းမှားပြီး အပြင်သို့ ပြန်ထွက်ရန် မလွယ်ချေ။ ဂူ အတွင်းမှ အပြင်ကို ကောင်းစွာ မြင်နိုင်သည်။

 

ပါးစပ်ရာဇ၀င်အရ သထုံပြည် ပျက်ပြီးနောက် မွန်မိဖုရားတစ်ပါး လာရောက် ပုန်းအောင်းရာ နေရာဖြစ်သည် ဟု ဆိုကြသည်။ Elizabeth Moore နှင့် စံဝင်းတို့၏ သုတေသန အစီရင်ခံစာတွင်မူ ခမာမင်းသမီးဟု ပြဆိုသည်။ ထိုစာတမ်းတွင် ကော့ဘိန်းရွာအနီးရှိ တွင်းတစ်ရာ ကို အစောပိုင်းကာလတွင် စစ်ရေးအတွက် အသုံးပြုရန် တည်ဆောက်ခဲ့ဟန် ရှိသည်ဟု မှတ်တမ်းတင်ထားသည်ကိုလည်း တွေ့ရ၏။ တွင်းတစ်ရာ နောက်ခံသမိုင်းမှာ ယနေ့ခေတ်တွင် အတော်ပင် ကွဲလွဲနေသည်။ ဒေသခံတို့၏ မိမိတို့ဒေသကို အမွှန်းတင်လိုသည့် အစွဲအလမ်း ချဲ့ကားမှုများကြောင့် ထိုတွင်းတစ်ရာကို ကျန်စစ်သား သထုံပြည်ကို သိမ်းစဉ်က လက်ဆော့ပြီး လှံဖြင့် ထိုးရာမှ ကျန်ရစ်သည် တွင်းများဟု ဆိုနေကြလေသတတ်။ ကျိုက်ထိုမြို့မှာ ရှေးမှီနောက်မှီ လူကြီးတစ်ဦး၏ အလိုအရမူ ထိုတွင်းတစ်ရာကို တူးခဲ့သူမှာ ကျန်စစ်သားလည်း မဟုတ်၊ မွန်ဘုရင်လည်း မဟုတ် မာစတာဂျပန်ငပုများသာ ဖြစ်သည်ဟူ၏။ ဂျပန်ခေတ်က ဘော့ဘိန်းရွာအနီးတွင် ဂျပန်စစ်စခန်းနှင့် လေယာဉ်ကွင်း ရှိခဲ့ဖူးသည်။ မဟာမိတ်တို့၏ ဗုံးဒဏ်ကို တိမ်းရှောင်ရန် ဂျပန်တို့ တူးထားရစ်ခဲ့သော ဗုံးခိုကျင်းများသာ ဖြစ်သည်ဟု ထို ရှေးမီနောက်မီ ဆရာကြီးက တစ်ထစ်ချ ဆိုသည်။ သူ့အယူအဆကို သမိုင်းပညာရှင်တို့ ကြားမိဟန်မတူ။ သူ့အယူနှင့်သူ ဟုတ်တုတ်တုတ်ပင် ဖြစ်သည်။

 

ရှေးဟောင်း ရာဇ၀င် သုတေသီတို့ကမူ ထို မုဆိုးမဂူသည် မြို့ရိုး အနားတွင် တည်နေခြင်း၊ လူလုပ်ဂူဖြစ်ပြီး ရန်သူကို ခုခံကာကွယ်ရန် စနစ်တကျ ပြုပြင်ထားသည့် လက္ခဏာများ တွေ့ရခြင်း စသည်တို့ကြောင့် မြို့ရိုးစောင့် သူရဲသူခက်တို့ နေနား စခန်းချရာ အဆောက်အအုံ ဖြစ်သည်ဟု ကောက်ချက်ချသည်။ ဂူ၏ အလျားမှာ (၅၃) တောင်ခန့်၊ အနံမှာ (၁၃) တောင်ခန့် ရှိပြီး ဂူ အပေါက်ဝမှာ (၁) တောင်ခွဲ မျှသာ ကျယ်၏။ အတွင်းသို့ ၀င်ရ ခက်၏။ အတွင်း၌ အခန်းငယ် များစွာရှိသည်။ အခန်း အရေအတွက်ကို ရေတွက်ကြည့်ရန် စိတ်ကူးရှိခဲ့သော်လည်း ဂူ အလယ်ပိုင်းနှင့် အနောက်ခြမ်းမှာ ပြိုကျနေလေသဖြင့် အခန်းပေါင်း မည်မျှ ရှိသည်ကို မှတ်တမ်းတင်ရန် မဖြစ်နိုင်တော့ပြီ။ ပြိုကျနေသည့် ဂူ အလယ်ပိုင်းတွင် အခန်းကျယ် တစ်ခုရှိပြီး ထိုအခန်းထဲတွင် ဂ၀ံ ကျောက်သားဖြင့် ပြုလုပ်ထားသော ကျောက်ကုတင် တစ်လုံး ရှိသည်ကို ကောင်းစွာ မှတ်မိသည်။ ယခုမူကား ထို ကျောက်ကုတင် ရှိရာသို့ သွားရန် မဖြစ်နိုင်တော့ပြီ။ ထို အခန်းနေရာမှာ လုံးဝ ပြိုကျ ပျက်စီး သွားလေပြီ။ သို့နှင့် ဂူ အထက်သို့ ကုတ်တွယ်တက်ပြီး ပြိုကျနေသည့် နေရာကို ကြည့်မိ၏။ အချို့သော အခန်းနံရံများမှာ အတော်ပင် ကောင်းသေး၏။ ပြုပြင် ထိန်းသိမ်းရန် အချိန်မီသေး၏။ သို့သော်လည်း စနစ်တကျ ထိန်းသိမ်းမည့်သူ မရှိ။ သည်အတိုင်း ဆက်သွားလျှင် နောက်ဆယ်နှစ်ခန့် အကြာတွင် အလာကောင်းသော်လည်း အခါနှောင်းသည့် အဖြစ်မျိုးနှင့် ကြုံရဖွယ်ရှိသည်ဟု နိမိတ်ဖတ်မိသည်။

 

ဂူ အ၀င်ဝ အခန်းတွင်မူ ကုတင်တစ်လုံး၊ အုန်းတံမြက်စည်း တစ်ချောင်းနှင့် အမွှေးတိုင်အကျိုး သုံးလေးချောင်းခန့် တွေ့ရသည်။ မုဆိုးမဂူနှင့် အနီးတ၀ိုက်တွင်  ဓူတင်ဆောက်တည်နေသော ဘုန်းကြီးတစ်ပါး သာသနာပြုရန် အလို့ငှာ ရောက်ရှိနေသည်ဟု ကြားရ၏။ ထို ဘုန်းကြီး၏ လုပ်ပုံလုပ်ပေါက်မှာ ဝေဖန်ရ အတော်ပင် ခက်လှ၏။ ထို တောပျော် ကိုယ်တော်သည်  ဂူ အထက်တွင် ဖုံးလွှမ်းနေသော ခြုံနွယ်ပိတ်ပေါင်းတို့ကို ရှင်လင်းရန် ဂူ အနောက်ခြမ်းမှ စ၍ အရှေ့ဘက်ခြမ်းနား အထိ မီးပြင်းတိုက်ထားသောကြောင့် ဂူထဲတွင် ပြာမှုန်များဖြင့် အတိပြီး၏။ ဂူ အပြင်တွင်လည်း လေဝှေ့တိုင်း ပြာမှုန်များ လွင့်ပျံနေလေ၏။

 

“တယ် ခက်တဲ့ ရသေ့ပဲ” ဟု ကျွန်ုပ် လွှတ်ခနဲ ဆိုလိုက်မိသည်။ ထို ကိုယ်တော်၏ သာဝက ဖြစ်ဟန်တူသူ တစ်ဦးက “ရသေ့ မဟုတ်ဘူးဗျ။ ဦးဇင်းဗျ ဦးဇင်း … ဒီ ဂူထဲမှာ တရားကျင့်ကြံ အားထုတ်နေတာ” ဟု မျက်နှာထား ခပ်တင်းတင်းနှင့် ဆို၏။ ထိုသူ၏ ခက်ထန်သော မျက်နှာကို မြင်ရ၍ အာချောင်သည့် ပါးစပ်ကို ဘရိတ်အုတ်ပြီး လွန်သွားသည့် စကားကို လျှောချကာ “ကောင်းတာပေါ့ ဦးလေးရဲ့ ဒီလို မီးနဲ့ မတိုက်ရင် ဂူ တစ်ခုလုံး ခြုံနွယ် ပိတ်ပေါင်း ဖုံးသွားမှာပဲ”ဟု လေချိုသွေးရသည်။ မီးသင့် ပြာမှုန့်နှင် မိုးရေတို့  ထိတွေ့ ဓာတ်ပြုပြီး ဂ၀ံ ဂူနံရံတို့ လောင်မီးဓာတ်သင့်ကာ ထပ်မံ ပြိုကျဖွယ် ရှိသည်ကို တွေးမိသည်။ သို့သော်လည်း အတွန့်တက်ရန် အခွင့်မသာ။ ထို့နောက် ဂူ သက်တမ်းကို ပညာရှင်တို့ ကာဗွန် နည်းစနစ်ဖြင့် စစ်ဆေးလိုပါက လွယ်လင့်တကူ အသုံးပြုနိုင်ရန် ဂူနံရံမှ ကျောက်သား တစ်ဖဲ့ ဖဲ့ယူခဲ့သည်။ ဂူ အတွင်းပိုင်းမှာ အနည်းငယ် စိုစွတ်နေလေသဖြင့် ကျောက်သားကို လွယ်လင့်တကူ ဖဲ့ယူနိုင်သည်။ ဇရာ၊ ဗျာဓိ သဘောကို ဆောင်နေသည့် ဂူ နံရံနှင့် အမိုးမှာ မကြာမီ ကာလတွင် မရဏ စခန်းသို့ လျှောက်လှမ်းတော့မည် ဖြစ်၏။

 

(၄)

 

မုဆိုးမဂူမှ အတွင်းမြို့ရိုး ထင်ထင်ရှားရှား တည်ရှိရာ ကျိုက်ခနုံ ဘုရားကုန်းသို့ ရောက်သွားပြန်၏။ အုတ်ချပ်ဟောင်းများ အတော်ပင် တွေ့ရသေးသောကြောင့် ၀မ်းသာမိသည်။ “၈၈ အရေးအခင်းတုန်းက ရွာထဲကလူတွေ လမ်းခင်းဖို့ ဒီ အုတ်မြို့ရိုးကို လာဖြိုလို့ မနည်း ပြောထားရတယ်”ဟု ရွာခံ ဦးမြဟန်က ဆို၏။ “ရွှံ့ဗွက်များ ထူထပ်လေရာ အုတ်မြို့ရိုး ဖြို၍ လမ်းဖို့အံ့” ဟူသည့် ဆောင်ပုဒ်ကို လက်ကိုင်ထားသည့် ရွာသူရွာသားများ ပါတကားဟု တွေးမိသည်။

 

ကျိုက်ခနုံ စေတီတော်မှာ ရွှေဆေး တ၀င်းဝင်းနှင့် နေရောင် အလက်တွင် ပြိုးပြိုးပြက်ပြက်။ ပန်းရန်ဆရာ အချို့ စေတီပျက် တစ်ဆူကို ပြုပြင်နေသည်ကို တွေ့ရ၏။ မလှမ်းမကမ်းရှိ ဇရပ်ထဲတွင် ကျောင်းသားတစ်သိုက်ကို မဆလာ စပ်ရန် ညွန်ကြားနေသည့် သာသနာပြု ဦးဇင်းနှင့် တွေ့ရ၏။ ၀တ်ဖြည့်ပြီး လာရင်း အကြောင်းကို လျှောက်ထားလိုက်သော် ဦးဇင်းမှာ အတော်ပင် ၀မ်းပန်းတသာ ဖြစ်သွား၏။ “ကောင်းတာပေါ့ ဒကာလေးရယ် . ဦးဇင်း မလဲ ဒီ သမိုင်းဝင် စေတီတော်တွေ ပြိုပျက် နေတာကိုတွေ့တော့ စိတ်ထဲ မကောင်းဖြစ်တာနဲ့ တတ်စွမ်းသလောက် ပြုပြင် ထိန်းသိမ်းနေရတာပဲ၊ အလှူခံလဲ ကိုယ်ပဲ၊ မဆာလာဖျော်လဲ ကိုယ်ပဲ” ဟု ဆို၏။ “ဒကာကြီးတို့ အခုလို လာကြည့်ပြီး ဒီ ရှေးဟောင်း အဆောက်အအုံတွေကို ပြုပြင်ရင်တော့ သိပ် ကောင်းမှာပဲ” ဟုလည်း တိုက်တွန်း စကားဆိုသေးသည်။ စင်စစ် ကျွန်ုပ်မှာ ရှေးဟောင်း အဆောက်အအုံများကို ထိန်းသိမ်းရန် မဆိုထားဘိ ဦးဇင်းကိုပင် န၀ကမ္မ မကပ်လှူနိုင်ဘဲ ဦးဇင်း ဖျော်တိုက်သည့် ဆူပါကော်ဖီမစ်နှင့် ငှက်ပျောသီးကို ပါးဖြဲနားဖြဲ စားသောက်ရင်း လေဖမ်း ၀ါးရမ်းချည်ခြင်းမျှသာ ဖြစ်ရကား ဦးဇင်း၏ တိုက်တွန်း စကားကြောင့် ရှက်သလို ရွံ့သလိုလို ဖြစ်မိသည်။ သို့ကြောင့် “ဒီလိုပဲပေါ့ ဦးဇင်းရာ တနေ့နေ့တော့ ဖြစ်လာမှာပေါ့”ဟု ချွေးသိပ်စကားဆိုပြီး တောပျော်မထေရ်ကြီးကို ညာတာပါတေးလုပ်၍ ကျောင်းအောက်သို့ ခပ်သုတ်သုတ် ပြေးဆင်းကာ စေတီရင်ပြင်ဘက်သို့ ထွက်ခဲ့၏။

 

ကျောက်ထီးတန္တုဟု ကျွန်ုပ်တို့ သုံးလေ့သုံးထ ရှိသော်လည်း ကျောက်ထီးတော်ကို မြင်ဖူးသူ ယနေ့ခေတ်တွင် အတော်ပင် ရှားပေလိမ့်မည်။ ရှားပါးပစ္စည်းဖြစ်နေသည့် ကျောက်ထီးတော်ကား မြေပြင်ထက်တွင် သင်္ခါရ သဘောကို ဆောင်နေသည်ကို စေတီရင်ပြင်တွင် တွေ့ရ၏။ လူ့ယဉ်ကျေးမှုတစ်လျှောက် ကျောက်ခေတ်၊ သံခေတ် စသည်ဖြင့် အဆင့်ဆင့် တိုးတက်ခဲ့သည်ကို မြေခနေသည့် ကျောက်ထီးတော်ကြီးက သာဓက ပြလျက် ရှိ၏။ မကြာမီကာလတွင် စတီးလ်ထီးတော်တို့ ခေတ်ကောင်းလာပေလိမ့်ဦးမည်။ ထိုသော် ယခု ၀င့်ဝင့်ကြွားကြွား နေရာယူထားသော ညီတော် သံထီးတော်ကလေးကို ဤ နောင်တော် ကျောက်ထီးတော်ကြီးက သံဝေဂယူရန် တရားပြပေလိမ့်မည်။ ထိုမျှသာမက စတီးလ် ထီးတော်ကိုလည်း မာန်မာန မထောင်လွှားရန် ဖျောင်းဖျ ပြောဆိုပေလိမ့်မည်။ စေတီတော် လိုဏ်ပေါက်တွင် ကျိုက္ကသာရွာမှ တူးဖော် ရရှိသည့် အဘယမုဒြာ ဆင်းတုတော် ရုပ်ပွား မိတ္တူ ဘုရားတစ်ဆူ ရှိ၏။ ရွှေဆေးတန်ခိုးကြောင့် ၀င်းဝင်းလက်နေ၏။ တူးဖော်ရရှိသည့် ရုပ်ပွားတော်ကို ရှေးဟောင်း သုတေသနဌာနတွင် ထိန်းသိမ်းထားသည်ဟု သိရ၏။

 

ကျိုက်ခနုံစေတီ ကုန်းတော်မှ ဆင်းကာ အပြင်မြို့ရိုး ရှိရာဘက်သို့ ထွက်ခဲ့၏။ နေလည်း အတော်ပင် မြင့်လာလေပြီ။ အပြင်မြို့ရိုးမှာ အတော်ပင် ရှည်လျား၏။  ရှေးဟောင်း သုတေသီ အချို့၏ မှတ်တမ်းများ အရ အပြင်မြို့ရိုးသည် မျဉ်းဖြောင့် မဟုတ်သည့်ပြင် မြို့ထောင့် အရပ်တို့မှာ ထောင့်မှန် မကျဘဲ ကွေးဝိုင်းဝိုင်း အသွင်ကို ဆောင်၏။ ထို့ပြင် မြို့ထောင့်များ ပီပြင် ထင်ရှားခြင်း မရှိသောကြောင့် ဆောက်လုပ်ရေး အတတ်ပညာများ မဖွံ့ဖြိုးမီ ကာလကပင် တည်ခဲ့သော မြို့ဖြစ်မည်ဟု ယူဆပြီး ပဲခူး၊ သထုံ မြို့များထက် သက်တမ်း ကြီးရင့်မည်ဟု ကောက်ချက်ချကြ၏။

 

ဤမြို့ဟောင်းကြီး တည်ရှိနေကြောင်းကို၁၉၇၆ ခုနှစ်တွင် မြန်မာနိုင်ငံ သမိုင်း အဖွဲ့ဝင် သစ်တော မင်းကြီး ဦးအောင်မြင့်က ကောင်းကင်ဓာတ်ပုံများကို ဖတ်ရှုရာမှ စတင်တွေ့ရှိခဲ့ခြင်း ဖြစ်ပြီး ရှေးဟောင်း သုတေသီတို့က ကျိုက္ကသာသည် ပျူမြို့တော်ဟောင်း ဖြစ်သည် ဟု ယူဆသည်။ မြို့ဟောင်းကို ခံမြို့များဖြစ်သည့် စစ်တောင်း၊ ကော့ထင်း၊ အရက်သမ၊ ၀င်းက၊ ဇုတ်သုတ်တို့က ၀န်းရံခဲ့ဟန် တူသည်။ ပညာရှင်တို့၏ လေ့လာချက်များအရ ကျိုက္ကသာမြို့ဟောင်းသည် အခြား မွန်မြို့ဟောင်းများ ဖြစ်သည့် သုဝဏ္ဏဘူမိ၊ ဟံသာဝတီတို့နှင့် ဆတူနီးပါရှိပြီး ပဲခူးမြို့သစ်၊ ရခိုင် ဓည၀တီ၊ ဝေသာလီ မြို့ဟောင်းတို့နှင့် နှိုင်းယှဉ်လျှင် သေးငယ်သော်လည်း မှော်ဘီ စမ္ပါနဂိုရ် မြို့ဟောင်းထက် ကြီးမား၏။ မြို့ကို အတွင်းမြို့ရိုး (၇) ထပ်၊ အပြင်မြို့ရိုး တို့ဖြင့် ၀န်းရံထားသည်။ မြို့သဏ္ဌာန်မှာ စတုဂံလည်း မကျ၊ အ၀ိုင်းအ၀န်းလည်း မဟုတ်။ မြေမြင့်ရာ ကုန်းတန်း တစ်လျှောက် မြို့တံတိုင်း အထပ်ထပ် ၀န်းရံပြီး တည်ခဲ့ဟန် တူသည်။ အတွင်းမြို့ရိုးမှ စတုဂံ ပုံသဏ္ဍာန် နွယ်သော်လည်း အတွင်းမြို့ရိုးမှာ ရှည်မြောမြော အသွင်ကို ဆောင်၏။

 

(၅)

 

သုတေသီအချို့ လာရောက် တူးဖော်လေ့လာပြီးနောက် မြေပြန်ဖို့ထားခဲ့သည့် နေရာများကိုလည်း တွေ့ရ၏။ ရှေးဟောင်း သုတေသနဌာနတွင် ကျိုက္ကသာအကြောင်း အထောက်အထား မှတ်တမ်းမှတ်ရာများ ပြုစုပြီး ကောင်းမွန်စွာ ထိန်းသိမ်းထားသည်ဟု ကြားသိရ၍ ၀မ်းမြောက်မိသည်။ သို့သော်လည်း ဤသို့သော မြို့ဟောင်းကြီး တောကြုံအုံကြားတွင် တိမ်မြုပ်နေရသည့် အဖြစ်ကို မကျေမချမ်း ဖြစ်မိသည်။ ကျိုက္ကသာနယ်တစ်ဝိုက်ကို ရှေးဟောင်းသုတေသန နယ်မြေအဖြစ် စနစ်တကျ ထိန်းသိမ်းပြီး ခရီးသွားနယ်မြေ အဖြစ် အသွင်းပြောင်းသော် ဤမြို့ဟောင်းကြီး၏ ဇာတာစန်းလဂ် တိုးတက်လာဖွယ်ရာ ရှိသည်ဟု တွေးမိသည်။ မသကာ ကျိုက္ကသာဒင်္ဂါးတံဆိပ် ချောကလိတ်ပြား ထုတ်ပြီး ရောင်းချရုံဖြင့်ပင် မြို့ဟောင်းကြီး ထိန်းသိမ်းစရိတ် ပြန်ရလောက်သည်ဟု စီးပွားတွက် တွက်မိသည်။ ကျွန်ုပ်မူကား ရှေးဟောင်း သုတေသီလည်း မဟုတ်၊ ရာဇ၀င်ဆရာလည်း မဟုတ် တောင်မရောက် မြောက်မရောက်သူမို့ ကျိုက္ကသာမြို့ဟောင်း၏ စန်းလဂ် တိုးတက်ကောင်းမွန်လာပါစေဟုသာ ပတ္တနာ ချွေမိတော့သည်။ ထို့နောက် လက်စွဲတော်ကင်မရာဖြင့် မြင်သမျှတွေ့သမျှ အဟောင်းအမြင်း အဆွေးအမြည့်များကို မှတ်တမ်းတင်ဓာတ်ပုံရိုက်ပြီး အခွင့်အခါသင့်လျှင် ကျိုက္ကသာမြို့ဟောင်းနှင့် ပက်သက်သည့် မြေမျက်နှာသွင်ပြင်ဆန်းစစ်မှုနှင့် မြေပုံပြုစုနိုင်ရန် အလို့ငှာ တည်နေရာ လတ်တီကျု၊ လောင်ဂျီတွဒ်ကို GPS ဖြင့် တိုင်းထွာကာ ပြန်ခဲ့ရလေသတည်း။

 

မောင်ကျပ်ခိုး

မြန်မာသက္ကရာဇ် ၁၃၇၃၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၄ ရက် ဗုဒ္ဓဟူးနေ့၊ ခရစ်နှစ် ၂၀၁၁ ခု နိုဝင်ဘာ ၂၃ ရက်။

 

ကိုးကား

၁။ စစ်ကဲတော်မင်း မောင်ရွှေနော် စီရင်သည့် မွန်ရာဇ၀င်နှင့် စေတီတော် သမိုင်းပေါင်းချုပ်

၂။ The Gold Coast: Suvannabhumi? Lower Myanmar Walled Sites of the First Millennium A.D. – ELIZABETH MOORE AND SAN WIN