နေပြည်တော် ခရိုင်အတွင်း အကြီးစား စက်မှုအလုပ်ရုံ အကောင်အထည်ဖော် တည်ဆောက်နေခြင်းကြောင့် ယင်းအလုပ်ရုံ စီမံကိန်း တည်ဆောက်သည့် နီးစပ်သော နေရာများတွင် အိမ်ခြံမြေ ၀ယ်ယူစုဆောင်းသူများနှင့် စီးပွားရေး လုပ်ငန်းများ လုပ်ကိုင်ရန် ၀ယ်ယူရင်းနှီးမြှုပ်နှံမှု များပြားလာသောကြောင့် နေပြည်တော် အိမ်ခြံမြေဈေးကွက်တွင် ဈေးနှုန်းတက်များ မြင့်တက်လျက် ရှိကြောင်း သိရသည်။

 

“ဒီနားမှာက စက်မှုဇုန် ဆောက်မှာဆိုတော့ လုပ်ငန်းရှင်တွေက ဒီဇုန်နဲ့ နီးစပ်တဲ့ နေရာလေးမှာ မြေကွက်ကို သူ့ထက်ငါ ဈေးပိုပေးပြီး ၀ယ်လာကြတယ်လေ။ အဲဒါကြောင့် ဒီနားက မြေကွက်လေးတွေ ဈေးနည်းနည်း တက်လာတယ်” ဟု ဘောဂ၀တီ တိုးချဲ့ရပ်နေ ဦးတင်ရွှေက ပြောသည်။

 

တည်ဆောက်နေသည့် အကြီးစား မော်တော်ယာဉ် တပ်ဆင်ပြုပြင်ရေး အလုပ်ရုံစီမံကိန်းကို နေပြည်တော် ပျဉ်းမနားရှိ ကျောက်ချက်ကျေးရွာနှင့် ကင်းပွန်းတန်း ကျေးရွာကြား၊ ဘောဂသီရိ အဝေးပြေး ယာဉ်ရပ်နားစခန်းအနီး၊ အဟာရသုခ ဈေးအနီး၊ ရာဇဌာနီ လမ်းမကြီး လမ်းဆုံအနီးတို့တွင် တည်ဆောက်နေခြင်း ဖြစ်ကြောင်း သိရသည်။

 

၂၀၁၁ ခုနှစ် နှစ်ဆန်းပိုင်းတွင် ကျောက်ခက် ကျေးရွာရှိ ပေ ၄၀ နှင့် ပေ ၆၀ မြေကွက်လျှင် ကျပ်သိန်း ၄၀ ၀န်းကျင်ခန့်သာ ရှိခဲ့ရာမှ ယခုနှစ်လယ်ပိုင်းတွင် ယင်းကျေးရွာရှိ မြေကွက်များမှာ ကျပ်သိန်း ၁၅၀ ၀န်းကျင်ထိ အမြင့်ဈေးများ ရရှိလာကြောင်း ဒေသခံများက ဆိုသည်။

 

“နေရာနဲ့ အကျယ်အ၀န်းတော့ ကွာတာပေါ့။ ၂၀၁၁ ကုန်လောက်က ကျပ်သိန်း ၄၀ လောက်ပဲ ပေါက်ဈေး ရှိတဲ့ မြေကွက်က အခု ကျပ်သိန်း ၉၀ – ၁၀၀ လောက်ထိ ဈေးရလာတယ်” ဟု နေပြည်တော်၊ ပျဉ်းမနား၊ ကျောက်ချက်ကျေးရွာမှ ဦးမြင့်ခိုက်က ပြောသည်။

 

အလားတူ ဘောဂသီရိ အဝေးပြေး ယာဉ်ရပ်နားစခန်း အနီးရှိ ဘောဂ၀တီ တိုးချဲ့ရပ်ကွက်တွင်လည်း မြေကွက်ဈေးနှုန်းများ မြင့်တက်လာကြောင်း သိရသည်။ ယင်းရပ်ကွက်တွင် ပေ ၄၀၊ ပေ ၆၀ မြေကွက်အား ၂၀၁၁ နှစ်ဆန်းပိုင်းတွင် ကျပ်သိန်း ၅၀ ၀န်းကျင်သာ ပေါက်ဈေးရှိခဲ့ရာမှ ယခုနှစ်လယ်ပိုင်းတွင် ကျပ်သိန်း ၁၅၀ ၀န်းကျင်အထိ ပေါက်ဈေးရှိလာကြောင်း သိရသည်။

 

၂၀၁၁ ခုနှစ်တွင် ပျဉ်းမနားမြို့နယ် ရာဇဌာနီ လမ်းမကြီး ဘေးဝဲယာရှိ မြေကွက်များသည် ကျပ်သိန်းပေါင်း သောင်းဂဏန်းအထိ မြင့်တက်လာကြောင်း၊ ဘောဂ၀တီ တိုးချဲ့ရပ်ကွက်ရှိ မြေကွက်များသည်လည်း ကျပ်သိန်း ၁၅၀ မှ ကျပ်သိန်း ၃၅၀ အထိ မြင့်တက်လာကြောင်း၊ ပေါင်းလောင်းတိုးချဲ့ ရပ်ကွက်ရှိ မြေကွက်များသည်လည်း ကျပ်သိန်း ၅၀၀ မှ ကျပ်သိန်း ၁၀၀၀ အထိ မြင့်တက်လာကြောင်း သိရသည်။

 

အောင်ကိုကိုလတ်(မြစ်မခ)

မန္တလေးအလင်း

စက်တင်ဘာ ၂၃ ရက်၊ ၂၀၁၁ ခုနှစ်