ရန်ကုန်-မန္တလေးနှင့် မန္တလေး- မြစ်ကြီးနား ရထားလမ်းပိုင်း အပါအ၀င် ရထားသံလမ်း အရှည်မိုင် ၃၀၀၀ ကျော်ကို ကန်ထရိုက်စနစ်ဖြင့် ပြန်လည် ပြင်ဆင်သွားရန် စီစဉ်လျက် ရှိသောကြောင့် ကန်ထရိုက်များအား ဖိတ်ခေါ်လျက်ရှိကြောင်း မြန်မာ့မီးရထား လုပ်ငန်းမှ သိရသည်။

 

“မိုင် ၃၀၀၀ ကျော်ကို ပြုပြင်ထိန်းသိမ်းသွားမှာ ဖြစ်တဲ့အတွက် ကန်ထရိုက်ဦးရေကို သတ်မှတ်ထားတာ မရှိဘူး။ ကန်ထရိုက် အများကြီး လိုအပ်မှာပါ” ဟု မြန်မာ့မီးရထားလုပ်ငန်း အထွေထွေမန်နေဂျာ (မြို့ပြ) ဦးသီဟန်က ပြောသည်။

 

သံလမ်းပြုပြင်ရန် ပုဂ္ဂလိက လုပ်ငန်းရှင်များကို လျှောက်လွှာခေါ် ယူထားပြီး လက်ရှိတွင် ပုဂ္ဂလိက လုပ်ငန်းရှင်များ အနေဖြင့် စိတ်ဝင်စားမှု ရှိနေပြီး လျှောက်လွှာ တင်ထားကြကြောင်း သိရသည်။

 

မြန်မာ့မီးရထားမှ တစ်နိုင်ငံလုံး အတိုင်းအတာနှင့် ရထားသံလမ်း ပြုပြင် ထိန်းသိမ်းရေးလုပ်ငန်း အပ်နှံရန်အတွက် ကန်ထရိုက်များ ခေါ်ယူရာတွင် ပြီးစီးမှု အပေါ်တွင် မူတည်၍ ဘဏ္ဍာငွေ ချမှတ်ပေးသွားမည်ဖြစ်ကြောင်း မြန်မာ့မီးရထားမှ အထွေထွေမန်နေဂျာ (မြို့ပြ) ဦးသီဟန်က ပြောသည်။

 

မြန်မာနိုင်ငံတွင် ရထားလမ်း ခရီးမိုင်ပေါင်း ၃၀၀၀ ကျော်ရှည်လျားသည့် အဓိက ရထားလမ်းပိုင်း ၁၄ ပိုင်းဖြစ်သည့် ရန်ကုန် – မန္တလေး၊ မန္တလေး – မြစ်ကြီးနား၊ ပဲခူး-မော်လမြိုင်၊ မော်လမြိုင်-ရေး-ထားဝယ်၊ ရန်ကုန်-ပြည်၊ ပြည်-တောင်တွင်းကြီး၊ ကျောက်ပန်းတောင်း-ပုဂံမြင်းခြံ၊ မန္တလေး-လားရှိုး၊ သာစည်-ရွှေညောင်၊ ရွှေညောင်- တောင်ကြီး-နမ့်စန်-မိတီ်္ထလာ-မြင်းခြံ၊ ပုလိပ်-မြင်းခြံ၊ မန္တလေး-မုံရွာ၊ ချောင်းဦး-ပခုက္ကူ- ကလေး-၊ ခင်ဦး-ရေဦး-မုံရွာ စသည့် ရထားလမ်းပိုင်းများ အားလုံးကို ပြုပြင်ထိန်းသိမ်း သွားမည်ဖြစ်ကြောင်း၊ ဖော်ပြထားသည့် ရထားလမ်းပိုင်းများကို အစဉ်လိုက် ဦးစားပေး ပြုပြင်သွားမည်ဖြစ်ကြောင်း ဦးသီဟန်က ပြောသည်။

 

အဆိုပါ မီးရထားလမ်းပိုင်းများ ပြုပြင်ထိန်းသိမ်းရေးအတွက် မြန်မာ့မီးရထားသို့ စာရင်း ပေးသွင်းသူများကို စက်တင်ဘာလလယ်တွင် မြန်မာ့မီးရထားမှ တာဝန်ရှိသူများက ခေါ်ယူတွေ့ဆုံ ဆွေးနွေးသွားမည် ဖြစ်ပြီး အကျိုးအမြတ် ကိစ္စမှာ လုပ်ငန်းလက်ခံသူ ကန်ထရိုက်တာများ ကိစ္စသာဖြစ်ပြီး မြန်မာ့မီးရထားသည် လုပ်ငန်း လက်ခံသူသာဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

 

ရထားသံလမ်း ခံနိုင်ရည် အားနည်းမှုကြောင့် ပြီးခဲ့သည့် သြဂုတ် လကုန်ပိုင်းအတွင်း ရန်ကုန်တိုင်း ဒေသကြီးအတွင်း အင်းစိန်-ရန်ကုန် မြို့ပတ်ရထားသည် ကမာရွတ်မြို့နယ် လှည်းတန်းဘူတာအနီး တွဲချော်မှု ဖြစ်ပွားကာ ရထားတွဲ တိမ်းမှောက်ခဲ့သည်။

 

ပိုင်ပိုင်(မြစ်မခ)

မန္တလေးအလင်း

စက်တင်ဘာ ၂၃ ရက်၊ ၂၀၁၁ ခုနှစ်