ခံစားမှုနှင့်ယှဉ်သော………

 

လူငယ်ဘ၀ ဆယ်တန်းမအောင်သေးခင် အထက်တန်း ကျောင်းသားဘ၀နဲ့ ဆယ်တန်းကို လွန်မြောက်လို့ တက္ကသိုလ် ရောက်တဲ့ကာလ… ဒီကာလနှစ်ခုမှာ အချိန်က သိပ်မကွာပေမယ့်  စိတ်ခံစားမှုကတော့ အများကြီး ကွာသွားပါတယ်။ ဆယ်တန်းအောင်လို့ တက္ကသိုလ်ဆိုတာကြီးကို တကယ် မတက်ရသေးတဲ့အချိန်မှာတောင် မြကျွန်းညိုညိုတက္ကသိုလ်တို့ တက္ကသိုလ် တမာတန်းတို့ သစ်ပုတ်ပင်တို့ ဂျပ်ဆင်တို့ အမိတက္ကသိုလ်တို့ ရေနီမြောင်းတို့ စိန်ပန်းရိပ်တို့ဆိုတဲ့ တက္ကသိုလ်နဲ့ ပတ်သက်တဲ့ အသုံးအနုန်းကို ဖတ်ရကြားတာနဲ့တင်  ရင်တွေ ခုန်နေပါတယ်။ တက္ကသိုလ်နဲ့ ပတ်သက်တဲ့ အချစ်ဝတ္တုတွေကို ဖတ်လို့ ခံစားလို့ကောင်းတဲ့ အချိန်ပေါ့။

 

အဲဒီအချိန်မှာ မောင်ဝဏ္ဏရဲ့ “ပန်းတွေနဲ့ဝေ”တက္ကသိုလ်နောက်ခံ ၀တ္တုကနေ ရှပ်ရှင်အဖြစ် ထွက်လာပါတယ်။ မင်းသားက  ညွန့်ဝင်း၊ မင်းသမီးက ခင်ယုမေ။ ဒုတိယမင်းသားက အောင်လွင်။ လူငယ်ဘ၀ အတွေးထဲမှာ အချစ်တွေနဲ့ ထုံမွှန်းနေချိန်ဆိုတော့ အဲဒီကားကြည့်ရတာ အတော်လေးကို အရသာရှိပါတယ်။ စစချင်းအခန်းမှာကိုက လွမ်းစရာ။ မိုးတွေအုံ့မိုင်းနေတဲ့ တစ်ရက်နဲ့ ဇာတ်လမ်းကို အစပြုပါတယ်။ တက္ကသိုလ်ဆရာအဖြစ် သရုပ်ဆောင်တဲ့ညွန့်ဝင်း(အောင်လတ်လို့ ထင်ပါတယ်) ကျောင်းသွားဖို့အတွက် အခန်းတံခါးပိတ်ပြီး အပြင်အထွက်.. ကောင်းကင်မော့ကြည့် ထီးလေးကို လက်မှာချိတ်လို့ ထွက်အလာ “ယနေ့မိုးရွာမည် ထင်သည်” ဆိုတဲ့ စကားလေးနဲ့ စလိုက်တာကတော့ ဇာတ်ကားအဖွင့်ပါ။ “ပန်းတွေနဲ့ဝေ… ကိုယ့်ချစ်ဦးခေါင်းမှာ ပန်းကလေးတွေဝေ… ပန်းတွေနဲ့ဝေ ချစ်သူလဲ ပန်းလိုအမြဲ လန်းပါစေ…… တနေ့မမြင်ရရင် အမောမပြေ ချစ်လို့လား မေရေ….” အင်မတန်ဆိုလို့ ကောင်းခဲ့တဲ့ သီချင်းလေးပေါ့။

 

တကားလုံး ရန်ကုန်တက္ကသိုလ်နယ်မြေထဲမှာတင် ရိုက်ထားတာ များပါတယ်။ ထူးခြားတာက အပြင်မှာ နာမည်ကြီး ကဗျာဆရာ ဒေါင်းနွယ်ဆွေက တက္ကသိုလ်ဆရာအဖြစ် ၀င်ပြီး သရုပ်ဆောင်ပါတယ်။ ကျောင်းသားများကို စာသင်တဲ့အခန်းမှာ စကားနည်းနည်းလေး ပြောပြီး အမူအရာနဲ့ ရယ်အောင် လုပ်ပြသွားတယ်။ မင်းသားရဲ့  သူငယ်ချင်းအဖြစ်လဲ စာရေးဆရာ အောင်ပြည့်က သရုပ်ဆောင်ထားပါတယ်။ ခင်ယုမေဆိုတာနဲ့ သတိရစရာတွေ ပေါ်လာပြန်ပါတယ်။ မြန်မာမင်းသမီးတွေထဲမှာ ခေတ်အမီဆုံး ဖက်ရှင်တွေကို တီထွင်နိုင်သူပါပဲ။ သွက်လက်မြူးကြွစွာ သရုပ်ဆောင်နိုင်တဲ့ မင်းသမီးဖြစ်တဲ့အပြင် “စကားတက္ကသိုလ်”တို့ “ပျော်ပျော်ပါးပါး” တို့ “ယုန်ကလေး” တို့လို့ မြူးမြူးကြွကြွ သီချင်းတွေကို ကိုယ်တိုင်သီဆိုနိုင်တဲ့ အသံပါးပါးလေးနဲ့ ချိုတဲ့အသံရှိသူလို့ ပြောရင် မမှားပါဘူး။ သူ့ခေတ်က နာမည်ကျော် မင်းသားချောကျော်ဆွေနဲ့ ဘ၀လက်တွဲဖော်အဖြစ် ရုပ်ရှင်လောကထဲမှာ အတူဖြတ်သန်းခဲ့ပါတယ်။ ခင်ယုမေဆိုတဲ့ နာမည်ကနေ “မေ”လို့ တစ်လုံးထဲ ပြောင်းလဲခဲ့ပေမယ့် ပရိသတ်တွေရင်ထဲမှာတော့ အခုချိန်ထိခင်ယုမေပါဘဲ။

 

ကျော်ဆွေနဲ့ခင်ယုမေ အတွဲညီခဲ့တဲ့ “တောင်ခိုးဝေေ၀ မြူခြေဆိုင်းဆိုင်း”ကတော့ လှပတဲ့ ရှုခင်းတွေနဲ့ ကားလေးပါပဲ။ နောက်ကျော်ဆွေနဲ့ လမ်းခွဲပြီးတဲ့အချိန်မှာ ရုပ်ရှင်လောကက ခဏပျောက်သွားပြီး ပန်းတွေနဲ့ဝေကားမှာ ပြန်ပေါ်လာပါတယ်။

 

“ပန်းတွေနဲ့ဝေ”ဇာတ်ကားကတော့ ပျော်စရာကောင်းတဲ့ တက္ကသိုလ် ကျောင်းသားများဘ၀ တစ်ယောက်နဲ့ တစ်ယောက် စကြနောက်ကြတာတွေ၊ ည အဆောင်ရှေ့မှာ သီချင်းဆိုကြတာတွေကတော့ အဲဒီခေတ်က ကျောင်းသားများ အကြိုက်ပေါ့။ တက္ကသိုလ်က စင်္ကြန်လမ်းလေးမှာ ချစ်သူကို စကားပြောဖို့စောင့်နေချိန်မှာ ကင်မရာရိုက်ချက်တွေကလဲ လှမလှ။ နောက် ဒီဇာတ်ကားမှာ နိမိတ်ပုံတွေ အတော်များတယ်လို့လဲ ထင်ပါတယ်။ ဒါပေမယ့် ဒီနိမိတ်ပုံတွေကြောင့်လဲ ဇာတ်က ပိုကြွသွားတယ်လို့ ထင်ပါတယ်။ ညွန့်ဝင်းက လက်ဆောင်ပေးဖို့ နှင်းဆီပန်းလေးနဲ့ ခင်ယုမေဆီအလာ လက်ကို နှင်းဆီဆူး စူးသွားတဲ့ အခန်းလေးတွေ၊ ချစ်သူလာမယ့်လမ်း သစ်ပင်အကွယ်က စောင့်တာတွေက ဇာတ်ကို အရှိန်မြင့်စေတဲ့ အခန်းတွေပေါ့။ ညွန့်ဝင်းဖွင့်ပြောမယ်လို့ အားတင်းလာတဲ့နေ့မှာ အရင်ချစ်ရေးဆိုလိုက်သူ အောင်လွင်ရဲ့အချစ်ကို ငြင်းပယ်စရာမရှိလို့ လက်ခံပြီးတဲ့အချိန်၊ ညွန့်ဝင်းက အားတင်းလို့ ဖွင့်အပြော။ ပထမဖွင့်ပြောသူကို လက်ခံပြီးဖြစ်လို့ ငြင်းပယ်။ ညွန့်ဝင်းကတော့ ရာထူးရာခံရှိသူကို လက်ခံချင်လို့ သူ့ကိုငြင်းပယ်တယ်ဆိုပြီး စိတ်ထဲမှာနာ။ အဲဒီကားထဲမှာ နောင်တချိန်မှာ သဘာဝမင်းသား ဖြစ်လာမယ့် သုမောင်က အင်မတန်မှကို လွမ်းစရာကောင်းတဲ့ နောင်မှာ အရမ်းကျော်ကြားလာမယ့် “ညိုရောင်မိုင်းမှုန် .. မိုးတိမ်ယံက ဆိုင်း ဆိုင်းရက်လေပြီ သက်ထားဘယ်သောခါမှနီးရပါမည်…… ချစ်မေတ္တာ သာစေကြောင်း… ဆုတောင်းပေမယ့် တာရှည်ခဲ့ပြီ… စင်္ကြာဝဠာကွာပင်ငြား စိတ်မှာသာပင် လိပ်ပြာထဲစွဲမိပြီ မတတ်သာ ခပ်ခွာခွာ နေချင်အုံး မုန်းလို့တော့ ဟုတ်ဘူး….” ဆိုတဲ့ “ချစ်မိုးကြီး”သီချင်းကို ဆိုပါတယ်။ ညွန့်ဝင်းကလည်း ဒီသီချင်းနဲ့အတူ လွမ်းပြတာ ကြည့်ရသူ ပရိတ်သတ် မငိုပေမယ့် မျက်ရည်စို့လာကြပါတယ်။ ရင်ထဲမှာ အငြိဆုံးအခန်းကတော့ နောက်ဆုံးအခန်းပါပဲ။ နှင်းဆီပင်တွေ ကြားမှာရှိတဲ့ ခုံတန်းလျားလေးပေါ်မှာ ဆွယ်တာလေး ခြုံပြီး ထိုင်နေတဲ့ ချစ်သူကို လာတွေ့တဲ့ အခန်းကတော့ အလွမ်းကို ပိုရင့်သွားအောင် သရုပ်ဆောင် သွားကြပါတယ်။

 

ခင်ယုမေနဲ့ ညွန့်ဝင်းရဲ့နောက်ထပ်ကောင်းတဲ့ ကားကတော့ ချိုပြုံး၊ မေနွဲ့တို့နဲ့အတူ သရုပ်ဆောင်ထားတဲ့ “ရွှေခြည် ငွေခြည် တန်းပါလို့” ပါ။ နောက်ကျနော် ကြိုက်ခဲ့တဲ့ မင်းသားထဲမှာ သုမောင်လဲပါပါတယ်။ စပြီး ကြည့်မိတဲ့ ကားကတော့ “အကြင်တို့ လင်မယား” ပါပဲ။ မောင်နှမ၀မ်းကွဲ တော်စပ်တဲ့သူ နှစ်ယောက်ကို လင်မယားခန်းထားပြီး ရိုက်လို အဝေဖန်ခံခဲ့ရတာကို မှတ်မိနေပါသေးတယ်။ ဒီကားက ညားခါစလင်မယားနှစ်ယောက် ကမောက်ကမဖြစ်တာတွေကို ရိုက်ပြထားပေမယ့် တကယ့်ပညာပေးကားလို့ ပြောရင်လဲ ရပါတယ်။ အိမ်ထောင်ကျတဲ့အခါ ကိုယ်ဘာသာကိုယ် အိမ်ခွဲမနေဘဲ နှစ်ဖက်မိဘအိမ်မှာ နေတဲ့အခါ မိန်းကလေးဘက် လိုက်နေတဲ့အခါ ယောကျာ်းကို ပြုစုရင် အိမ်ကမကြိုက်၊ ယောက်ျားလေးဘက် လိုက်နေပြန်တော့ မိန်းမကို ယုယရင် အိမ်ကမကြိုက်၊ ကိုယ့်ဘာသာကိုယ် ခွဲနေပြန်တော့ မလုပ်တတ်မကိုင်တတ်နဲ့ အဆင်မပြေ၊ ကမောက်ကမ ဖြစ်ရတာကို ရိုက်ပြထားတာပါ။ တကယ်တော့ “ကိုယ်ဥမှ ကိုယ်ခင်တယ်”ဆိုတဲ့ ကျနော်တို့ မြန်မာလူမျိုးရဲ့ မှားယွင်းနေတဲ့ လူနေမှုစရိုက်ကို ပြင်စေချင်တဲ့ ဆန္ဒနဲ့ ရိုက်ပြသွားတာကတော့ အသေအချာပါပဲ။ တကယ်သဘောကျခဲ့တဲ့ အခန်းကတော့ လင်မယား စိတ်ဆိုးပြီး ယောက်ျားက အိမ်ပေါ်ကနေ ဆင်းသွား၊ မိန်းမက အိမ်နီးနားချင်းတွေရဲ့ တိုက်တွန်းမှုနဲ့ ယတြာတွေချေပြီး ယောက်ျား ပြန်လာအောင်လုပ်၊ ယောက်ျားက စိတ်ပြေလို့ ပြန်လာချိန် ယတြာချေတာနဲ့ တိုးတော့ သူဘာသာသူ ပြန်လာတာကို ယတြာချေလို့ လာတယ်လို့ ထင်မှာစိုးလို့ ပြန်လှည့်သွားတာတွေပါ။ မယုံကြည်သင့်တာတွေကို ယုံကြည်တာ ကိုးကွယ်မှု မှားနေတာကို ပါးပါးလေး ဆန့်ကျင်ပြသွားတယ်လို့ ထင်ပါတယ်။ ရယ်စရာကောင်းတဲ့ အခန်းတွေကတော့ အဖွားက မြေးကို မော်တော်ကားဝယ်ပေးလို့ အိမ်အောက်မှာ ထားတာ ကားမှန် ဖြုတ်ပြီး အခိုးခံရတာတို့၊ ကားက ကန်ထဲကို ရေသောက်ဆင်းတဲ့ အခန်းတွေပေါ့။

 

နောက် ကျနော်နှစ်သက်တဲ့ သုမောင်ရဲ့ ကားကတော့  ခင်သီတာထွန်း၊ သုမောင်ရယ်နဲ့ ကောလိပ်ဂျင်နေ၀င်းတို့ သရုပ်ဆောင်ထားတဲ့ ကားပါပဲ။ “အချစ်နဲ့သူ၏ ကိုကို” ဆိုတဲ့ ကားပါ။ အဝေးပြေးကားကြီးတစ်စင်းနဲ့ပဲ ဇာတ်ကားတစ်ကားလုံး ပြီးသွားခဲ့တာပါ။ အိမ်က ပေးစားတာကို မလိုချင်လို့ ထွက်လာတဲ့ မင်းသမီးကို သူ့အဖေက လူပျောက်ကြော်ငြာ ထည့်လိုက်ပါတယ်။ သူ့သမီး သတင်းကို ပေးနိုင်ရင် ဆုငွေပေးမယ်ပေါ့။ အဲဒါကို ကားထဲမှာ ပါလာတဲ့ မင်းသားက သတင်းစာဖတ်တော့ သိသွားပါတယ်။ ဒါပေမယ့် ခပ်တည်တည်နေတတ်၊ မိန်းမတွေနဲ့လည်း ကင်းကင်းနေတတ်တဲ့ မင်းသားက သိပေမယ့် အရောမ၀င်ပါဘူး။ ဂွတီးဂွကျ ဘုဂလန့်မင်းသားနဲ့ ဆတ်ဆတ်ထိမခံ မင်းသမီးက အမြဲတမ်းငြိပြီး ပြဿနာတွေဖြစ်တဲ့ ကားလေးပေါ့။ ဟာသကားလေးပါပဲ။ အမှတ်ရစရာ အကောင်းဆုံးကတော့  ကားပြန်ပေးဆွဲတဲ့ လူဆိုးကို တိုက်ပုံအကျီအောက်က လျက်ဆားပုလင်းနဲ့ ထောက်ပြီး လွတ်အောင် ကြံခဲ့တာရယ်၊ လမ်းမှာတည်းတဲ့ ညမှာ မင်းသားက မယ်ဒလင်လေး တီးလို့ “ချစ်ခြင်းအစဆိုတာ…. မျက်စိပသာဒ..” ဆိုတဲ့ စာသားလေးပါတဲ့ သီချင်းလေး “မောင့်သက်လယ်” (မူရင်းအဆိုရှင် ဂီတာစိမ်းမောင်)သီချင်းကို ပြန်ဆိုတာပါပဲ။ ဇာတ်လမ်းအချုပ်မှာတော့ မင်းသမီးက မင်းသား သူ့ကို ချစ်တယ်ဆိုတာကို မယုံ။ သူ့အဖေဆီက ဆုငွေလိုချင်လို့ သူ့ကို စောင့်ရှောက်တယ် ထင်ပါတယ်။ တကယ်တမ်း ဆုငွေ လာယူချိန်မှာ သူစိုက်ထားတဲ့ ပိုက်ဆံ(အကြော်နှစ်ခုဖိုးတောင် မချန်ပါဘူး)ပဲ အတိအကျ ယူသွားတာ သိမှ မင်းသမီးက မှားမှန်းသိ။ အဲဒီအချိန်မှာတော့ အသိက နောက်ကျ အိမ်က ပေးစားတဲ့သူကို လက်ထပ်ဖို့ သဘောတူ ခေါင်းညိမ့်ပြီးပါပြီ။ နောက်ဆုံးတော့ မင်္ဂလာဆောင်ဖို့ အချိန်ရောက်နေမှ မင်းသားက မင်းသမီးကို မင်းသမီးအဖေ အကူအညီနဲ့ ထွက်ပြေးပေါ့။ တော်တော်လေး ရယ်ရပါတယ်။  ဒါတွေကတော့ ခံစားမှုအပြည့်နဲ့ ကြည့်ခဲ့တဲ့ ရုပ်ရှင်လေးတွေပေါ့။

 

ကျနော်ငယ်ငယ်က ရုပ်ရှင်အတော်လေး ကြိုက်ခဲ့ပါတယ်။ အခု ပြန်ပြောပြနိုင်တဲ့ ကားတွေက ကျနော်အတော်လေးကို နှစ်သက်လွန်းလို့ စိတ်ထဲမှာ မမေ့မပျောက်နိုင်ဘဲ ကျန်နေတာလေးတွေကို ဘာမှတ်တမ်းစာအုပ်မှ ပြန်မလှန်ဘဲ ကိုယ်မှတ်မိတာလေးတွေကို ပြန်တွေးလို့ ရေးခဲ့တာပါ။ ကျနော်ကြည့်တော့ ကြည့်ဖူးတယ်။ သိပ်မမှတ်မိကားတွေလဲ အများကြီးပါ။ ညွန့်ဝင်းနဲ့ မြင့်မြင့်ခင်တို့ရဲ့ မမထားနဲ့အပါ (အရင်က အေ၀မ်းတင်မောင်နဲ့ မေရှင်)၊  ကြည်ကြည်ဌေးရဲ့ ပန်းပန်လျက်ပါ။ ညွန့်ဝင်းညီ မင်းသားချော ၀င်းဗိုလ်ပါတဲ့ ပုလဲငုံ၊ ၀င်းဦးအကို ၀င်းညွန့်ပါတဲ့ သခွတ်ပန်း၊ မင်းသမီးဒေစီကျော်ဝင်းရဲ့ မှဲ့တစ်ပေါက်၊ အောင်လွင်နဲ့ အေးအေးသင်းရဲ့ မာယာထောင်ခြောက်၊ ညွန့်ဝင်းနဲ့ ၀ါဝါရဲ့ ချစ်သူဝိုင်းဝိုင်းလည်၊ တင်တင်နွဲ့ရဲ့ ကျမမှာ မိန်းမသား၊ တွံတေးသိန်းတန်နဲ့ မြင့်မြင့်ခိုင်ရဲ့ လွမ်းစေတီနဲ့ မာယာရှင်၊ ကောလိပ်ဂျင်နေ၀င်းရဲ့ ကျောက်ဘီးလူးနဲ့ ပပ၀င်း၊ စိုးရွှေရဲ မြေမှာပွင့်သော မေတ္တာပန်း၊ မြတ်လေးရဲ့ ငို၍ရီ၍ မရသော မျက်နှာ စသဖြင့်  ကြည့်ဖူးတဲ့ကားတွေ ပြန်ပြောမယ်ဆိုရင် အများကြီးပါ။ ကြည့်ဖူးတဲ့ ကားတွေရှိသလို မကြည့်ဖူးတဲ့ ကားတွေလဲ အများကြီး ရှိနိုင်ပါတယ်။ ကျနော်တို့ငယ်ငယ်က ရုပ်ရှင်မကြည့်ရတဲ့ အချိန်တွေလဲ အများကြီးရှိခဲ့ပါတယ်။ ပထမအစမ်းစာမေးပွဲ ဒုတိယအစမ်းစာမေးပွဲနဲ့ အတန်းတင်စာမေးပွဲကြီး နီးရင် ရုပ်ရှင်ကြည့်ခွင့် အပိတ်ခံရပါတယ်။ အိမ်က လူကြီးတွေက တားမြစ်တာပါ။ ဒါပေမယ့် ခိုးလဲ မကြည့်ရဲပါဘူး။ ဒါကြောင့်လဲ စာမေးပွဲပြီးရင် ရုပ်ရှင်ရုံမှာ ကျောင်းသားကျောင်းသူတွေ အပြည့်ပေါ့။

 

ငယ်ငယ်က ရုပ်ရှင်ကြည့်တုန်းက စိတ်ထဲမှာ ကြည့်ချင်လို့ ကြည့်ပါတယ်။ ရုပ်ရှင်ထဲက ပျော်ရင် လိုက်ပျော်မယ်၊ ငိုရင် လိုက်ငိုမယ် မတရားတာပါရင် ကော်ဆဲမယ်။ တကယ့်ကို အရသာရှိရှိ ကြည့်ခဲ့ရတာပါ။ နောက်ခံစားတတ်တဲ့ အရွယ်မှာကျတော့ မင်းသားကို အားကျလို့ပေါ့။ အားတယ် လက်ထဲ ပိုက်ဆံရှိတယ်ဆိုရင်  ကားလဲတိုင်း ကြည့်တယ်။ ပျော်စရာကောင်းခဲ့သလို ရုပ်ရှင်ကြည့်တာလဲ အလုပ်တစ်ခုလိုပါပဲ။ ဒါပေမယ့် နည်းနည်းလေး အရွယ်ရတော့ စာတိုပေစတွေ ဖတ်ပြီး

ကိုယ် လေးစားအားကျရသူတွေ ပြောတာကို နားထောင်လို့ နားယောင်တတ်လာတဲ့ အချိန်မှာ အင်္ဂလိပ်ကားတွေ အကြည့်များလာပြီး မြန်မာရုပ်ရှင်ကို အကြည့်နည်းလာပါတယ်။ ရုပ်ရှင်တစ်ကားကို ကြည့်ပြီးတိုင်း စိတ်တိုင်းမကျတာတွေ များလာပါတယ်။ အဲတော့ ရုပ်ရှင်ကိုလဲ အကြည့်နည်းသထက် နည်းလာပြီး သူများ ကောင်းတယ်အပြောများမှ ကြည့်ဖြစ်ပါတော့တယ်။

 

 

(ဆက်လက်ဖော်ပြပါမည်)

 

ကိုပေါက် (မန္တလေး)

(၁၇.၉.၂၀၁၁)