မြန်မာပြည်တွင် NGO တွေ အများကြီး ပြုပြင်ရဦးမည်ဟု စက်တင်ဘာ ၁၁ ရက်နေ့က မြန်မာနိုင်ငံ လူမှုရေးလုပ်ငန်းပညာ နှီးနှောဖလှယ်ပွဲတွင် ဒေါက်တာ အောင်ထွန်းသက်က ပြောကြားသည်။

 

လက်ရှိ မြန်မာပြည်တွင် NGO ဆိုင်းဘုတ်များ ထောင်ထားသော်လည်း တကယ် လက်တွေ့ သွားကြည့်သည့်အခါ တချို့အဖွဲ့များတွင် လူတစ်ဦးမှ မရှိဟု ဆိုသည်။ လိပ်စာတစ်ခုနှင့် လှူဒါန်းမှုအား သရုပ်ပြ၍ လုပ်နေသောကြောင့် NGO များ နာမည်ပျက်စေသဖြင့် ယင်းကဲ့သို့ မလုပ်သင့်ဟု ၎င်းက ဆိုသည်။ ကိုယ့်အိတ်ထဲ ကိုယ်ထည့်နေသော NGO များ ရှိနေသမျှ နိုင်ငံတော်ဘက်မှ အသိအမှတ်ပြု (Registration) လက်မှတ်ရဖို့ မလွယ်ကူဟု သိရသည်။

 

လက်ရှိ မြန်မာပြည် NGO လောကတွင် မျှော်မှန်းချက် (mission) ခေတ်စား၍ အချိန်ရှိသမျှ ယင်း (mission) သာ ပြောနေကြသည်ဟု ဆိုသည်။ (mission) ရှိခြင်းကိုလည်း နံရံမှာ ချိတ်ထားသည်ဟုသာ ပြနေကြသည်။ တကယ်တမ်းဆိုလျှင် ယင်း (mission) မှာ မိမိ NGO တစ်ဖွဲ့လုံးမှ အလွတ်နီးပါး အားလုံး ရရှိဖို့ အရေးကြီးသည်ဟု ၎င်းက ဆိုသည်။ ငွေရရင် ငွေနောက်လိုက်သော NGO မဖြစ်ရန်လိုအပ်ပြီး NGO လုပ်သူများမှာ ထူးခြားမှု ရှိရန်လည်း လိုအပ်သည်ဟု ဆိုသည်။ (Human Resource Development , HRD) နှင့် ပတ်သက်ပြီး NGO လုပ်သူများသည် အရည်အသွေး ပြည့်ဝရန် လိုသည်ဟု ဆိုသည်။ နိုင်ငံတော် သမ္မတကလည်း Good Governance အား NGO တွင်လုပ်ရန် လိုအပ်သည်ဟု မှာကြားထားပြီးဖြစ်သည်။

 

ဆရာ ဒေါက်တာအောင်ထွန်းသက်က “NGO မှာ ဥက္ကဌ ဆုံးဖြတ်ရင် အားလုံး ပြီးတယ်ဆိုရင် အဲ့ဒီ NGO ဘယ်တော့မှ အောင်မြင်မှာ မဟုတ်ဘူး။ တစ်ဖွဲ့နဲ့ တစ်ဖွဲ့ခေါင်းဆောင်ပိုင်း တော်သူရှိသလို မတော်သူလည်း ရှိပါတယ်။ အာဏာရှင်ဆန်သော NGO တွေ မြန်မာပြည်မှာ အများကြီး တွေ့နေရတယ်။ အရေးကြီးတာက ကိုယ့်အတွက် လုပ်တာ မဟုတ်ဘူး။ အများအတွက် လုပ်တာဆိုတာကို သိဖို့လိုပါတယ်။ NGO ဟာ အလုပ်လုပ်ရင် ဘာလုပ်မယ်ဆိုတာကို စဉ်းစားဖို့ လိုတယ်။ အကုန်လုံး လျှောက်မလုပ်သင့်ဘူး။ လုပ်သင့်လုပ်ထိုက်တဲ့ အလုပ်ပဲ လုပ်စေချင်တယ်။ NGO မှာ လုပ်ရင် Corruption မရှိစေရဘူး” ဟု ပြောသည်။

 

အထူးသဖြင့် လူမှုရေး အသင်းအဖွဲ့ (Civil Society) မှာ လုပ်ကြသော လူငယ်များအနေဖြင့် NGO တွင် စေတနာ့ဝန်ထမ်း (Volunteer) အဖြစ် လုပ်ခြင်းဟာ မိမိသဘော ဆန္ဒအရ လုပ်ခြင်း ဖြစ်ရမည်ဟု ဆိုသည်။ ခိုင်း၍ လုပ်ရမည်ဆိုလျှင် မလုပ်ကြရန်နှင့် NGO သည် အစိုးရနှင့် မတူမှုအား သိရန် လိုအပ်သည်ဟု ဆိုသည်။

 

ယင်းကဲ့သို့ ဖြစ်စဉ်ရှိလျှင် NGO မဖွဲ့ရန် လိုအပ်ပြီး အစိုးရအဖွဲ့အစည်းသာ ယင်းကဲ့သို့ လုပ်ဆောင်သည်ဟု ဆိုသည်။ NGO ဆိုသည်မျာ အကောင်းဆုံး ဖြစ်စေခြင်း၊ အစိုးရနှင့် မတူခြင်းနှင့် ပုဂ္ဂလိကများနှင့် မတူခြင်း စသော အချက်များ ရှိသည်ဟု ဆိုသည်။ “NGO မှာ စွမ်းအားတွေ အပြည့်ရှိရမယ်။ နောက်ပြီး NGO (သို့) Civil Society မှာ လုပ်တဲ့ လူတွေဟာ တီထွင်နိုင်မှု (creative) ရှိရမယ်။ သမားရိုးကျ ခေါက်ရိုးကျိုးတဲ့ ပုံစံဆိုရင် NGO မှာ မလုပ်ကြနဲ့။ အမိန့်ကို နာခံတတ်သူတွေ NGO မှာ မလုပ်တာ အကောင်းဆုံးပါ။ ဖောက်ထွက်ရမယ့်၊ ထိုးဖောက်ရမယ့် ဥာဏ်တွေ ရှိဖို့ လိုအပ်ပြီး သူများ မလုပ်တဲ့ ကတ်သီးကတ်သတ် အလုပ်တွေကို NGO လူတွေ လုပ်တတ်ရမယ်။ NGO မှာ Retirement မရှိသင့်ဘူး။ ရုံးချိန် မရှိသင့်ဘူး။ ဒီအရည်အချင်းတွေကို သိရပါမယ်” ဟု ပြောသည်။

 

ရွှေမင်းသား ဖောင်ဒေးရှင်းမှ ဥက္ကဌ ဦးမြတ်သူဝင်းက “NGO ဆိုတာ မြန်မာပြည်မှာ လွန်ခဲ့တဲ့ အချိန်ကတည်းက ရှိခဲ့တာပါ။ ဆရာ ဒေါက်တာအောင်ထွန်းသက်ရဲ့ သုံးသပ်ချက်ကို ရာခိုင်နှုန်းပြည့် ထောက်ခံပါတယ်။ ကျွန်တော်တို့ဆီမှာ NGO တွေ မဖွံ့ဖြိုးသေးပါဘူး။ ကိုယ်ပိုင် လက်ကိုင်တုတ် လုပ်နေကြတာပဲ များပါတယ်။ အဲဒါတွေကို ဘယ်လို ခေါ်ကြမလဲဆိုရင် အမှိုက်ထုပ်တွေလို့ ခေါ်လို့ ရပါတယ်။ ဒီလိုလုပ်လို့လည်း ရေရှည် ရပ်တည်နိုင်ဖို့ မလွယ်ပါဘူး။  ပြတ်ပြတ်သားသား လုပ်တဲ့ ခေါင်းဆောင်ပိုင်းနဲ့ အာဏာရှင်နဲ့ မတူဘူးပေါ့။ အဖွဲ့သားတွေရဲ့ ဆန္ဒကို ရယူကာ ခေါင်းဆောင်က ပြတ်ပြတ်သားသား လုပ်တဲ့ သဘောကို မြင်မိဖို့ လိုပါတယ်” ဟု ပြောသည်။

 

စိုးရာဇာထွန်း

ပြည်သူ့ခေတ်ဂျာနယ်

စက်တင်ဘာ ၂၂ ရက်၊ ၂၀၁၁ ခုနှစ်