မျက်စိပေါက်ကျဉ်းကျဉ်းလာတယ်
  အကာလခေတ်ဟာ ကာရာအိုကေဆိုင်ထဲက သီချင်းတစ်ပုဒ်ဆိုရင် မန္တလေးဟာ မျက်စိပေါက် ကျဉ်းကျဉ်းလာတယ်လို့ ပြောလို့ရမလား။   ဟိုး……….တုန်းက… စီနီယာ၊ ဂျူနီယာ စကားမပြောတဲ့ အရင်တုန်းက……… အကိုကြီး၊ ညီလေးအတွေး မတွေးတဲ့ မန္တလေးဟာ ခုတော့ မျက်စိပေါက် ကျဉ်းကျဉ်းလာတယ်။   လူသေလူဖြစ် ဓမ္မမျိုးကွဲတွေကို နားမလည်ပေမယ့် လူဝင်လူထွက် လမ်းကြောင်းပေါ်မှာတော့ မန္တလေးဟာ မျက်စိပေါက် ကျဉ်းကျဉ်းလာတယ်။   ကူးပြီးတော့ လူးတယ်။ အဲဒီနောက် ဆက်လိုက်ဆံလိုက်ကြတာမှာ သွယ်သွယ်လေးဖြစ်သွားရော အဲဒါနဲ့ ကူးလူးဆက်သွယ်ရေးဆိုတာ ဖြစ်လာတယ်…။     ရွှေခြေကျင်းမလေးတွေက နယ်စပ်ဖြတ်လို့ ပြေးထွက်သွားပြီးတဲ့နောက် အပိုင်းပိုင်းအစစနဲ့ အစားပြန်ရလိုက်တာတွေက အရှင်နှစ်ပါး ရထားလုံးစီးခဲ့ဖူးတဲ့ လမ်းမတွေပေါ် အင်ဂျင်လုံး သေးသေးလေးတွေ တဝေါဝေါနဲ့ ပျော်လာရှာတယ်လို့ ကိုယ်ပြောမိတော့ မန္တလေးဟာ မျက်စိပေါက် ကျဉ်းကျဉ်းလာတယ်…။   စွန့်စားခန်းတွေ၊ မစွန့်ဘဲစားသွားတဲ့ အခန်းတွေနဲ့ ဝံသာနုကာရံ “ကျွန်တော်…ကျွန်တော်”ဆိုတဲ့ အသံမှာ သူမဟာ ခုတော့ မျက်စိပေါက်ကျဉ်းကျဉ်းလာတယ်…။   ဝမ်းပန်းတနည်းလည်း ဖြစ်မနေတော့ဘူး ကြောင်ဖြူကြောင်မည်း လှိုင်းအပုတ်မှာ ငါတို့တွေ ငုတ်တုတ်ကြီး မေ့ဆေးအထိုးခံရင်း မျက်ပေါက်ကျဉ်းကျဉ်းလာတဲ့ ရာဇဝင်ထဲက မင်းသမီးလေးအကြောင်းကို ဒီနေ့မနက်တော့ သတင်းစာဖြတ်ပိုင်းဟောင်းလေးပေါ် ငါအော်ရေးနေမိပေါ့…။         ။   စိမ်းခက်စိုး (ဗုဒ္ဓဟူးနေ့) စက်တင်ဘာ ၀၇၊ ၂၀၁၁ နံနက် - ၀၆း ၀၀ ... Continue Reading