တလောက ဆရာကျော်စောမင်း (ခ) ဆရာကြည်မင်းရဲ့ ဆောင်းပါးတပုဒ်မှာ ဖတ်လိုက်ရသေးတယ်။ ဆရာက ဆောင်းပါးထဲမှာ မန္တလေးသားတွေ ဇာတိစွဲကြီးတာနဲ့ ပတ်သက်ပြီး ပြောထားပါတယ်။  ဖတ်မိတဲ့အထဲမှာ စွဲနေတာက ရေချင်း အတူတူတောင် မန္တလေးသားတွေက ငါတို့ ကျုံးရေကမှ ချိုတယ်ဆိုတာတော့ သိပ်မနိမ့်ဘူးဆိုတဲ့အကြောင်း ပြောထားတဲ့ စာပိုဒ်ကိုပါပဲ။ (ဘဘကတော့ ဒီစာဖတ်မိရင် ပေါက်စတစ်ယောက် ဘာရှည်ထားပါလိမ့်လို့ တွေးချင်တွေးနေလိမ့်မယ်။ ကွန့်ချင်တာလေးတွေ ရှိလို့ ရှည်ခွင့်ပြုပါ ဘဘရေ)

 

သဘောမကျလှပေမယ့် သဘောတူရမယ့် အချက်တွေ ရှိနေတာကိုး။ ကျွန်မတို့ ရုံးမှာ မန္တလေးသူ၊ မန္တလေးသား ငါးယောက်ရှိပါတယ်။ ကျွန်မ အပါအ၀င် သုံးယောက်ကတော့ မန္တလေး စာနယ်ဇင်းအသိုင်းအ၀ိုင်းနဲ့ နီးစပ်တဲ့သူတွေပေါ့။ ရုံးမှာ မန္တလေးနဲ့ ပတ်သက်ပြီး မကောင်းကြောင်း တစ်ခုခု မဟလိုက်လေနဲ့။ ငါးယောက်စလုံး ကြားတဲ့နေရာကနေ ထလာပြီး တဗြဲဗြဲနဲ့ ၀ိုင်းငြင်းကြတော့တာပဲ။ အဲဒါသိတော့ ရုံးကလူတွေကလည်း အကြောင်းရှာပြီး စနောက်လေ့ရှိကြတယ်။ “နင်တို့ မန္တလေးကလူတွေကိုတော့ ကြောက်ပါတယ်။ စွာလိုက်ကြတာ” လို့ ရယ်ရယ်မောမော ပြောပြီးပဲ ငြင်းခုံတဲ့ ကိစ္စကို အဆုံးသတ်ရတာ များပါတယ်။

 

တလောကလဲ သူငယ်ချင်းတစ်ယောက်နဲ့ တွေ့တော့ ငေါ့တာ ခံလိုက်ရသေး။ “Facebook ပေါ်မှာဆိုရင် နင်တို့ မန္တလေးအုပ်စုတွေ အော့ကြောလန်တွေပဲ။ အချင်းချင်း မတည့်ရင်သာ ရှိမယ်။ မန္တလေးထိရင်တော့ ကျီးတွေလို ၀ိုင်းအာကြတော့တာပဲ။ မန္တလေးနဲ့ ပတ်သက်တဲ့ ပို့စ်တွေကို တင်လို့ပဲ မပြီးနိုင်ကြတော့ဘူး။ Like လုပ်တဲ့သူတွေကလည်း ဒီလူတွေပဲ။ သူများဝင်ပြောရင်လဲ မကြိုက်ကြဘူး” တဲ့။ ဒွတ်ခနော်။ ကိုယ့်မြို့ကို ချစ်ရတာတောင် မလွတ်လပ်လိုက်တာ။ ရှိသေးတယ်။ သူငယ်ချင်း တစ်ယောက်ကလည်း ပြောဖူးတာပဲ။ “ရန်ကုန်မှာ ချွေးထွက်တာနဲ့ မန္တလေးမှာ ချွေးထွက်တာ တူကို မတူဘူး။ မန္တလေးက ပူလို့ ချွေးထွက်ပြီးရင် သူ့လေနဲ့၊ သူ့နေနဲ့ ခြောက်တာပဲ။ ရန်ကုန်မှာကျတော့ လေကလည်း ကောင်းကောင်းမရတော့ ချွေးတွေက ချွေးစေးတွေ။ အဲဒီ ချွေးစေးတွေနဲ့ပဲ လူက ပိုပြီး နုံးချည့်ကုန်ရော” ဆိုတော့ သူက ချွေးကိုတောင် မန္တလေးနဲ့ ရန်ကုန် သရုပ်ခွဲတာ ကျွန်မကို နည်းနည်းတော့ ပိုလွန်းသတဲ့လေ။ သူပြောတာ ဟုတ်များ ဟုတ်နေမလားပဲ။ လက်ဖက်ရည်သောက်ရင် ဖြစ်ဖြစ်၊ လက်ဖက်သုပ် စားရင်ဖြစ်ဖြစ်၊ အကြော် စားရင်ဖြစ်ဖြစ် တို့ မန္တလေးမှာဆိုရင် ဘယ်သို့ ဘယ်ညာ ဘယ်ချမ်းသာရယ်လို့ စတိလောက်ဖြစ်ဖြစ် နှိုင်းပြီး ပြောလိုက်ရမှ စားလို့ဝင်တယ်။ ရန်ကုန်မှာ ရောင်းနေတဲ့ မန္တလေးကြာဇံချက်တို့ (တကယ်တော့ မန္တလေးမှာ ကြာဇံဟင်းလို့ပဲ ခေါ်တယ်) ၊ မန္တလေးမုန့်တီ၊ မန္တလေးမြီးရှည်ဆိုတာတွေကို အခုထိ ခံတွင်းမတွေ့လှဘူး။ ဒီလောက်ဆိုရင် ကျွန်မ ကိုယ်တိုင်က ဇာတိစွဲ ဘယ်လောက်တောင် ကြီးတယ်ဆိုတာ သိရောပေါ့။

 

တကယ်တော့ မန္တလေးသူ၊ မန္တလေးသားမှ မဟုတ်ဘူး။ ပုဂံ၊ တောင်ကြီး၊ ကျောက်ဖြူ စတဲ့တခြားမြို့က လူတွေနဲ့ စကားပြောရင်လည်း သူတို့ မြို့အကြောင်း ပြောရမယ်ဆိုရင်ဖြင့် နှုတ်ကလည်း မမောတမ်းပြော၊ မျက်ဝန်းကလည်း တစိုစို တလက်လက်နဲ့ပေါ့။ ဂုဏ်ယူစရာရှိသည် ဖြစ်စေ၊ မရှိသည် ဖြစ်စေ ကိုယ့်မြို့ ကိုယ့်ရွာ ကိုယ့်ဇာတိနဲ့ ပတ်သက်လာရင် ချစ်တဲ့စိတ်၊ မြတ်နိုးစိတ် အရင်းခံတော့ ရှိကြစမြဲပဲ။ မန္တလေးကတော့ ဂုဏ်ယူစရာ၊ ကြွားစရာတွေကလည်း ရှိနှင့်ပြီးသားဆိုတော့ မြို့မငြိမ်းစကားနဲ့ ပြောရရင် ကြောင်ကို အတောင်ပံတပ် ပေးလိုက်သလိုနေမှာပေါ့။ ပြောရင်းနဲ့တောင် မြို့မငြိမ်းက ပါလာပြန်ပြီနော်။ လာဦးမယ်။ စိန်ဗေဒါနဲ့ နန်းတော်ရှေ့ဆရာတင် (ဒီအကြောင်းတွေပဲ ပြောစရာရှိတာကိုး)။ ဆိုလိုချင်တာက အဲသလို ကြွားစရာ၊ ဂုဏ်ယူစရာ ဖြစ်ပေသော်ငြားလည်း လွန်လေပြီးသောအခါက အဖြစ်အပျက်နဲ့ အနုပညာရှင်၊ စာပေပညာရှင်တွေ အကြောင်းနဲ့ ပတ်သက်ပြီးပဲ တူးလိုက် ဆွလိုက်၊ တဖန် ဂုဏ်ယူပြလိုက်လုပ်ရင်းနဲ့ မန္တလေးသားများ ရသေ့စိတ်ဖြေနေရတာ များပါတယ်။ ဒီတော့ မ၀န်ခံချင်လည်း ၀န်ခံရတော့မယ်။ မန္တလေးဆိုတာနဲ့ အကောင်းချည်းတော့ မဟုတ်ဘူး။ ဆရာဆူဒိုနင် ပြောသလိုဖြင့် (အင်း … သူလည်း မန္တလေးသားပါပဲ) ကိုယ့်ပေါင်ကို လှန်ထောင်းတော့ သူများ ၀င်ထောင်းတာထက် ပိုသက်သာတာပေါ့တဲ့။

 

ဥပမာပြောရရင် မန္တလေးမှာ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း မလိုက်နာဘူးလို့ ပြောကြတာတောင် “ဟဲ့ ငါတို့က ဒါ အချင်းချင်း နားလည်မှုနဲ့ သွားလာတာ။ အင်မတန် ချစ်စရာကောင်းတဲ့ စရိုက်” လို့ မျက်စိမှိတ် ငြင်းတာသာကြည့်။ မဟုတ်မှန်းတော့ ကိုယ့်ဟာကိုယ်လည်း သိသားပဲ။ ဒါပေမယ့် သူများ ပြောတာတော့ မခံနိုင်ဘူးလေ။

 

 

ရန်ကုန်ကို စရောက်ခါစက ရန်ကုန်သား၊ ရန်ကုန်သူဆိုရင် လူလည်တွေပဲဆိုပြီး မပေါင်းရဲ၊ မသင်းရဲ ဖြစ်ရသေးတယ်။ ဒါပေမယ့် ကျွန်မနဲ့ပေါင်းတဲ့သူ တော်တော်မျာများကတော့ သဘောကောင်းတာ များပါတယ်။ လည်တာတော့ တကယ်လည်ကြတာပါပဲ။ မန္တလေးရဲ့ အကျင့်ကြီးကို အရင်ပြောထားရဦးမယ်။ အဲဒါကတော့ ပြောလိုက်ရင် ရှေ့နောက်မကြည့်ဘဲ ထင်ရာမြင်ရာ ၀ုန်းဝုန်းဒိုင်းဒိုင်းနဲ့ အော်ကြီးဟစ်ကျယ် ပြောတတ်တာပဲ။ ဒီနေရာမှာ မန္တလေးဆိုရင် ဘယ်လို၊ ရန်ကုန်ဆိုရင် ဘယ်လိုဆိုပြီး ဘောင်ခတ်ထားတဲ့ အမြင်တစ်ခုတည်းနဲ့ ပြောတယ်လို့ မယူဆစေချင်ဘူး။ ယေဘူယျအားဖြင့် အများစုက ဒီလိုပဲလို့ ဆိုလိုချင်တာပါ။ သူ့သဘော သဘာဝလေးပေါ့နော်။ သူများ ကြိုက်မှန်းမသိ၊ မကြိုက်မှန်းမသိ ပြောတတ်ကြတယ်။ ကိုယ့်မြို့မှာတော့ ကိုယ့်အထာနဲ့ကိုယ် ဒါ ဘာအရေးလဲ။ သူများဆီမှာတော့ မန္တလေးကဟာတွေ စကားပြော ရိုင်းတယ် ဖြစ်ရပြန်ရော။ အမလေး။ မန္တလေး စကားပြောချိုတာ မကြုံဘူးလို့။ “မန္တလေးက စကား” လို့တောင် အဆိုရှိတယ်မဟုတ်လား။ ဈေးချိုမှာ သွားကြည့်။ (ဟိုခေတ်က ပြောပါတယ်) “မောင်ကြီးနှမ ကျားကိုက်ပါရစေရဲ့” လို့ စကားချိုချိုပြောပြီး လူကိုတောင် ရောင်းစားသွားဦးမယ်။ အရောင်းအ၀ယ်ဆိုတော့လည်း အပြောလေးက တယောလေးလို ချိုရတာပ။ အပြောချိုတာအပြင် စကားကြွယ်တာကိုပါ ပြောချင်တာပါ။ သို့ပေမယ့် ခုနကလို မိတ်ဆွေ အရင်းအချာအနေနဲ့ ပြောမယ် ဆိုမယ်ဆိုရင် ပြောမနာ ဆိုမနာတတ်တဲ့ မန္တလေးအထာကို နားလည်ဖို့တော့လိုလိမ့်မယ်။ မန္တလေးမှာက စကားပြောတာတောင် အဆဲမလွတ်ဘူး။ မုန်းမှ မဟုတ်ဘူး။ မန္တလေးအထာက ချစ်ရင်လည်း ဆဲတာပဲ။ စကားပြောရင်လည်း အချင်းချင်းများ တွေ့လို့ကတော့ အင်မတန် အာကျယ်တယ်။ မသိရင် ရန်များဖြစ်နေသလား အောက်မေ့ရတယ်။ တိုးတိုးသက်သာ ပြောရတာကို များသောအားဖြင့် အားမရဘူးတတ်ကြဘူး။ အဲဒါကြောင့် အိမ်က အမကို မကြာခဏ သတိပေးရတယ်။ “ဟဲ့ အိမ်နဲ့ ဖုန်းပြောရင် တိုးတိုး ပြော။ ဒါ နင့် တောမဟုတ်တော့ဘူး။ ရန်ကုန် ရွှေမြို့တော်ကြီး ရောက်နေပြီ” လို့။ ရန်ကုန်လို အပြောကျယ်၊ အလှမ်းကျယ်၊ အသိုင်းအ၀ိုင်းကျယ်ရမယ့် နေရာမှာတော့ ကိုယ့်မြို့မှာလို ဘွင်းဘွင်းပြောတတ်တဲ့ စရိုက်မျိုးနဲ့ သိပ် ကီးမကိုက်လှဘူး။

 

ရန်ကုန်ရွှေမြို့တော်ကြီးဆိုလို့ ရေးရဦးမယ်။ မန္တလေးမှာ ကျွန်မတို့ နေတဲ့ရပ်ကွက်က သာမန်လက်လုပ်လက်စားနဲ့ သဘင်ပညာသည်အများစု နေတဲ့ နေရာပါ။ ကျွန်မတို့ ငယ်ငယ်တုန်းက ကြုံဖူးတယ်။ အိမ်တအိမ်အိမ်မှာ ရန်ကုန်က ဧည့်သည်ရောက်နေပြီဆိုရင် အိမ်ကြီးရှင်က လူကြားအောင် ကြွားတတ်တယ်။ မျက်နှာလည်း ချီလို့။ တောရွာဇနပုဒ်ကို ရွှေမြို့တော်က လာတဲ့ ဧည့်ကောင်းဆောင်ကောင်းလို သဘောထားကြတယ်။ ရန်ကုန်သူများဆိုရင် ဘေးအိမ်တွေကလည်း ပြူတစ် ပြူတစ်နဲ့ မသိမသာတစ်မျိုး၊ သိသိသာသာတစ်မျိုး အကဲခတ်တာပဲ။ ဘယ်လိုဝတ်စားသလဲ။ ဘယ်လို လိမ်းခြယ်သလဲ။ ခေတ်မီပါပေ့၊ ၀တ်တတ်စားတတ်ပါပေ့ ဆိုသလိုပေါ့။ ဈေးချိုသူများလို ပါးတိတ်ဝမ်းဆက်ဝတ်ပြီး ရွှေငါးကျပ်သား လည်ပင်းဆွဲထားတဲ့ ဖက်ရှင်ဒီဇိုင်းနဲ့ ကွာချင်းတိုင်း ကွာတာကိုး။ စာရေးဆရာတယောက် ပြောတာ အမှတ်ရမိသေးတယ်။ ရန်ကုန်က မရှိတာကို ရှိတယ် ထင်ရအောင် ကြွားတယ်။ မန္တလေးက ရှိတာကို လူတကာသိအောင် ကြွားတယ်တဲ့။

 

ရှိသေးတယ်။ ဆယ်တန်းအောင်စာရင်း ထွက်တဲ့အချိန်မျိုး။ ရိုးရိုးအောင်တဲ့သူရော၊ ဘာသာစုံအောင်တဲ့သူရော တတ်နိုင်ရင် တတ်နိုင်သလို ရတနာပုံသတင်းစာနဲ့ မန္တလေးသတင်းစာတွေကနေ အပြိုင်အဆိုင် ဂုဏ်ယူကြတယ်။ ရန်ကုန်မှာတော့ အဲဒီအလေ့အထ မရှိသလို ဒါကိုလည်း ဂုဏ်လုပ်စရာလို့ မမြင်ဘူး။ လွန်ခဲ့တဲ့ ရှစ်နှစ်က ဇာတ်မင်းသားတယောက် ဆယ်တန်း(ရိုးရိုး) အောင်တာကို သတင်းစာထဲမှာ ထည့်တဲ့ ကျေးဇူးတင်လွှာကို သတိရမိတော့ ပြုံးချင်တယ်။ သူငယ်တန်းကတည်းက စလို့၊ ဆယ်တန်းရောက်သည်အထိ သင်ကြားပြသပေးခဲ့တဲ့ ဆရာ၊ ဆရာမအပြင်၊ ရွာဦးကျောင်းက ဆရာတော်ဘုရားကြီးကိုရော၊ သူ့ ဇာတ်ပွဲပရိသတ်ကိုရော၊ သူ့ဇာတ်မန်နေဂျာနဲ့ မိဘနှစ်ပါး၊ မောင်နှမများနဲ့ ဒွေးလေး၊ ဒွေးကြီး၊ ကြီးတော်၊ အရီးနဲ့ ဦးရီးပါမကျန် အကုန် ကျေးဇူးတင်ထားတာ သတင်းစာ မျက်နှာအပြည့်။ အောက်မှာလည်း ပါသေး။ ပွဲလက်ခံတဲ့ နေရာများဆိုပြီးတော့ သူ့ပွဲကိုလည်း ကြော်ငြာရသေးတာ။ အဲဒါကလည်း ဓလေ့တခု။ ခုနကပြောသလို ဂုဏ်ယူတာတောင် ရိုးရိုးမယူကြဘူး။ သမီးလေး ဘယ်သူ၊ တူမလေး ဘယ်ဝါအတွက် ဂုဏ်ယူ ၀မ်းမြောက်ကြောင်းဆိုပြီး လေးလေး ဒေါက်တာ(xxxx) (ဘွဲ့ ABCD)၊ အန်တီ (xxx) (ဘွဲ့ EFGH)၊ အလှကုန်ဆိုင်၊ ဆိုင် အမှတ် (xx)၊ ဈေးချိုလို့ ကိုယ့်ဆိုင်၊ ကိုယ့်စီးပွားနဲ့ ကိုယ်ရတဲ့ ဘွဲ့ကိုလည်း ထည့်ကြွားကြသေးတာရယ်။ အဲတော့လည်း တွေးမိတယ်။ အဖိုးအဖွားများ ခေတ်က ဘွဲ့ရပညာတတ် ရှားပါးစဉ်ကပေါ့။ ရွာတွေကနေ မြို့ကို တက္ကသိုလ်သွားတက်လို့ ပြန်လာရင် တရွာလုံး အတီးအမှုတ်တွေနဲ့ ထွက်ကြိုကြတာ၊ ဘိလပ်ကို ပညာတော်သင်သွားမယ်ဆိုရင်လည်း အငြိမ့်ပွဲခံကြတာမျိုးတွေ ရှိခဲ့ဖူးတယ်လေ။ ဒီခေတ်ဒီအခါမှာတော့ ဘွဲ့ရတာ၊ နိုင်ငံခြားသွားတာ မဆန်းတော့ပေမယ့် အရင်ကတော့ ဆန်းနေခဲ့တယ်။ ဂုဏ်လုပ်စရာဖြစ်နေခဲ့တယ်။ အားမနာစတမ်း ပြောရရင် မန္တလေးက အဲဒီခေတ်မှာ ကျန်နေခဲ့တုန်းပဲ။

 

တိုက်တိုက်ဆိုင်ဆိုင်ပဲ ဆရာကြီး လူထုစိန်ဝင်းက ဒီတပတ် Weekly Eleven မှာ မန္တလေးက ပညာရေးနဲ့ ပတ်သက်ပြီး ချီးမြှောက်ကြောင်း၊ ဂုဏ်ယူတတ်ကြောင်း ရေးထားသေးတယ်။ ဆယ်တန်းအောင်မြင်သူတွေကို သတင်းစာထဲကနေ ဂုဏ်ပြုတတ်တာကို ဆရာကြီးက အကောင်းမြင်စိတ်နဲ့ ပြောထားတာပေါ့လေ။ ပညာရေးကို အားပေးလား၊ မပေးလားတော့ မသိဘူး။ မန္တလေးက ကလေးတွေ မိုးရွာရင် ကျောင်းသွားလေ့ သိပ်မရှိကြဘူး။ ကလေးတွေတင် မကဘူး။ လူကြီးတွေရောပဲ။ အညာသားများ မိုးကြောက်တတ်ကြတော့ ကိုယ့်အိမ်ထဲ ကိုယ်အောင်းနေကြတာ များပါတယ်။ ကျွန်မတို့လည်း ငယ်ငယ်က မိုးရာသီဆိုရင် မနက်တိုင်း ကျောင်းသွားခါနီးရင် မိုးရွာပါစေ ဆုတောင်းရတာအမော။ ခုထိ မိုးကြောက်တဲ့ စိတ်က ခွာချလို့ မရသေးဘူး။ ရန်ကုန်ကလည်း မိုးက များပါဘိနဲ့။ မိုးရွာတဲ့နေ့ဆိုရင် ဘာမှန်းမသိဘူး။ အလိုလိုကို စိတ်တိုနေတာ။

 

အဲဒါထားပါတော့။ ခုနက ပညာရေးအကြောင်း ပြန်ဆက်ရမယ်ဆိုရင် မန္တလေးက ဆယ်တန်းအောင်ရင်တမျိုး၊ ဆယ်တန်းမှာ အမှတ်စာရင်းထွက်ရင် တခါ၊ ဆေးကျောင်းဝင်ခွင့်ရရင် တကြိမ် သတင်းစာထဲမှာ အဖန်ဖန်အလီလီ ဂုဏ်ယူမဆုံး တပြုံးပြုံးဖြစ်နေတဲ့အချိန်မှာ ရန်ကုန်က ကလေးများကတော့ ဆယ်တန်းစာမေးပွဲပြီးတာနဲ့ သင်တန်းတွေ တခုပြီး တခု ဆက်တိုက် တက်နေကြတော့တာ။ တက်စရာနေရာတွေလည်း ပေါတယ်။ ရွေးချယ်စရာတွေလည်း များတယ်။ အခွင့်အရေးကိုလည်း ယူတတ်ကြတယ်။ မန္တလေးမှာတော့ ဆယ်တန်း အောင်စာရင်းနဲ့ အမှတ်စာရင်းထွက်တဲ့ အချိန်အထိ အနည်းဆုံး (၆) လလောက်က ဝေလေလေနဲ့ ပြီးတာများတယ်။ ကွန်ပြူတာလေး၊ အင်္ဂလိပ်စာ သင်တန်းလေးလောက်ပဲ ခေတ်ရဲ့ ပြဌာန်းချက်ကြောင့် ၀တ်ကျေတန်းကျေ တတ်ရုံနဲ့ ပြီးသွားကြတာပဲ။ နောက်တခု လူနေမှုစနစ်နဲ့ စရိုက်ကလည်း မန္တလေးနဲ့ ရန်ကုန် ကွာပါသေးတယ်။ ရန်ကုန်မှာ ည (၇) နာရီ၊ (၈) နာရီ၊ (၉) နာရီ သင်တန်းတွေမှာ လူရှိနိုင်ပေမယ့် မန္တလေးဆိုရင်တော့ တက်မယ့်သူ သိပ်ရှိမှာမဟုတ်ဘူး။

 

စီးပွားရေးနဲ့ ပတ်သက်လို့ ပြောရရင်တော့ မန္တလေးက မိသားစုလုပ်ငန်းနဲ့ မျိုးရိုးစဉ်ဆက် ကြွယ်ဝခဲ့တဲ့ လုပ်ငန်းရှင် ပိုပေါပါတယ်။ ဒါပေသိ တချို့တလေ အလှမ်းကျယ်၊ အမြင်ပွင့်တဲ့ စီးပွားရေးသမားတချို့ကလွဲလို့ တော်တော်များများကတော့ စီးပွားရှာရာမှာ မိရိုးဖလာနည်းအတိုင်း လမ်းဟောင်းလိုက်ကြတာ များတယ်။ ကျွန်မ ဂျာနယ်တိုက်တခုမှာ အလုပ်လုပ်ခဲ့တုန်းက ပြောရဦးမယ်။ ကြော်ငြာဌာနက ကျွန်မ သူငယ်ချင်းဆိုရင် အမြဲညည်းရှာတယ်။ သူက မှန်လုပ်ငန်းတခုကို ကြော်ငြာသွားကောက်တော့ ပြောတာပေါ့နော်။ “အမရေ.. ကျွန်မတို့ ဂျာနယ်က မြန်မာပြည်မှာဆိုရင် လူသိများတယ်။ နာမည်ကြီးတယ်ပေါ့နော်။ နောက်ပြီး အင်္ဂလိပ်လိုလည်း ထုတ်ဝေတော့ နိုင်ငံတကာလည်း ရောက်နိုင်တာပေါ့နော်။ ကျွန်မတို့ဆီမှာ ကြော်ငြာထည့်ရင် အမလုပ်ငန်း မြန်မာပြည်တင်မကဘူး။ ကမ္ဘာမှာတောင် လူသိများသွားမယ်” လို့ပြောတော့ ဟိုက ဘာပြန်ပြောတယ် မှတ်တုန်း။ “အမလေးအေ၊ ကမ္ဘာမပြောနဲ့။ ငါ့မှန်တွေ မော်လမြိုင်လို နေရာမျိုးကတောင် လာမ၀ယ်ပါဘူး။ မဟုတ်လဲ ဒီအတိုင်းလဲ ရောင်းနေရတာပဲ။ ရတနာပုံသတင်းစာလောက်ဆို တော်ရောပေါ့”တဲ့။ အဲသလို ခေတ်မီမီ ကမ္ဘာကြည့် ကြည့်မြင်ကြတာ။ သူတို့ ကြော်ငြာဌာနဆိုရင် ရန်ကုန်ရုံးကနေ ပူညံပူညံလှမ်းလုပ်တာ အမြဲခံရတယ်။ မန္တလေးမှာ နာမည်ကြီး သူဌေးတွေ ပေါပြီး ကြော်ငြာရအောင် မလိုက်နိုင်ဘူးလားလို့ လှမ်းထုတာပေါ့။ အမလေး အဲဒီ သူဌေးတွေက ကြော်ငြာထည့်ဖို့သာ လက်တွန့်တာ။ အင်တာဗျူးဆိုရင် လာခဲ့။ သူတို့လုပ်ငန်း အကြောင်းအပြင် သူတို့မျိုးဆက်ရဲ့ ချမ်းသာကြွယ်ဝမှုနဲ့ ကြီးမြတ်မှုအကြောင်း ဘုန်းတော်ဘွဲ့ကို သီတဂူဆရာတော် တရားပွဲတပွဲစာလောက် နာကြားရပါလိမ့်မယ်။

 

ပြီးတော့ မန္တလေးစာနယ်ဇင်းဆိုတာကလည်း ဇာတိပုည ဂုဏ်မာနတွေနဲ့ ပိတ်လှောင်နေတာ များတယ်။ မင်းတုန်းမင်းလက်ထက်က စပြီး “မန္တလေး.. ကျွန်တော်တို့ ရွှေမန္တလေး” လို့ အလွမ်းသယ်လို့ ကောင်းလိုက်၊ တို့မြို့က ဘယ်လို ဂုဏ်ယူစရာပေါတာလို့ အာဘောင်အာရင်း သန်သန် ပြောလိုက်၊ ဆိုလိုက်နဲ့။ အဲဒါမျိုးကျတော့ ရန်ကုန်က သိပ်နပ်တာပဲ။ မြန်မာသဒ္ဒါလည်း မတတ်၊ စာဖတ်လည်း မနာပေမယ့် ရန်ကုန်က သတင်းထောက်ပေါက်စနများက သိပ်ခြေသွက်တယ်။ မန္တလေးကလူတွေက သူတို့ကို ဘာညာသာဓကာ ဝေဖန်နေရင်လည်း အထူးတလည် ပြန်ချေပတာမျိုး မရှိဘူး။ အပြုံးမပျက်ဘဲ ကိုယ်လုပ်စရာရှိတာ လုပ်။ ရနိုင်သမျှ အခွင့်အရေးတွေကို အကုန်ချိတ်။ အဲသလိုနဲ့ ဆရာကြီးတွေ ဖြစ်ကုန်ရောပေါ့။ မန္တလေးကတော့ လွန်ခဲ့တဲ့ နှစ်တရာထဲက အကြောင်းအရာတွေနဲ့ပဲ တ၀ဲလည်လည်ဖြစ်လို့ ကောင်းတုန်း။

 

ပြောလို့သာ ပြောရတာ။ မန္တလေးရဲ့ အတိတ်အရိပ်တွေကို ကျွန်မလည်း လွမ်းတာပါပဲ။ စာပေ၊ ဂီတ၊ ရုပ်ရှင်၊ သဘင်အနုပညာ သုခုမမှာ မန္တလေးက ထိပ်မို့လား။ လွမ်းရတာတွေ ပေါသပေါ့။ မန္တလေးသူ၊ မန္တလေးသားမှန်ရင် အနုပညာချစ်စိတ်တော့ ရှိကြတာ များတယ်။ ဒါပေသိ တသသ စွဲကျန်ရစ်ခဲ့မယ့် ဖန်တီးမှုအသစ်တွေ ဘာလို့ နောက်လူတွေ မလုပ်တော့တာလဲလို့ အားမလို အားမရဖြစ်မိရဲ့။

 

ကျွန်မ ဖခင် မကြာခဏ ပြောတတ်တဲ့ စကားရှိတယ်။ “မန္တလေးသားတွေက ဟာသဥာဏ် သိပ်ရှိတာ။ စိတ်ညစ်စရာကောင်းတဲ့ ကိစ္စမျိုးမှာတောင် သဘ၀ကျကျ အရွှန်းဖောက်တတ်သေး။ ဒါကလည်း ဖေဖေတို့တွေက လွတ်လွတ်လပ်လပ် ပေါ့ပေါ့ပါးပါး ကြီးပြင်းရတာကိုး။ တယောက်နဲ့ တယောက် လက်ဖက်ရည်ဆိုင်မှာ တွေ့ကြ၊ ပြောကြ၊ ဆိုကြ၊ နောက်ကြနဲ့။ အဲလို ပေါ့ပေါ့ပါးပါးနေတော့ စိတ်က အရွှင်ဓာတ်ခံရှိတာပေါ့”။ သူ့ဟာသူ ရွှင်ပျော်ပျော် ဖြစ်နေတာက အကြောင်းမဟုတ်ပေမယ့် အဲဒီ “ပေါ့ပေါးပါးပါး” ဆိုတာကြီးကိုတော့ စိတ်ထဲ ဘ၀င်မကျမိဘူး။ (ကျွန်မ အသက်ကြီးလာရင်တော့ အတွေးတမျိုး ပြောင်းမလား မဆိုတတ်ဘူး။) ပေါ့ပါးတာများလွန်းရင် ပေါ့သွမ်းသွားမှာ စိုးရတယ်။ အခုခေတ်မှာ တိုးတက်တာလဲ မလိုချင်ဘူး။ ဆုတ်ယုတ်တာလဲ မလိုချင်ဘူး။ ပိုနေမြဲ၊ ကျားနေမြဲဆိုတာ လုပ်ကို လုပ်လို့ မရတော့ဘူး။ မသွားလို့ ရပ်နေရင် နောက်ကောက်ကျ ကျန်ခဲ့မယ်။ မမြတ်ရင် အရှုံးပဲ ရှိတယ်။ အရင်းဆိုတာ မမျှော်လင့်နဲ့တော့။ သွားတာတောင် တနေ့တလံ ပုဂံဘယ်မရွေ့ပုံစံနဲ့ ရွေ့နေလို့လည်း မလုံလောက်ဘူး။ အနှစ် ၄၀ စာ နောက်ကျကျန်ခဲ့တဲ့ အနေအထားမှာ ဒုန်းစိုင်းပြေးလိုက်နိုင်မှ တော်ကာကျမှာ။

 

ဒီတော့ မေးချင်တယ်။ “မန္တလေးဟာ တကယ်ပဲ အထနှေးသလား။” ကမ္ဘာရွာမှာ ရန်ကုန်နဲ့ ယှဉ်ရင်တော့ ရှေးရိုးစွဲ ဓလေ့တချို့ကလွဲလို့ သိပ်ခြားနားစရာ မရှိလှပါဘူး။ အဆောက်အအုံပိုင်းကြည့်ရင် မန္တလေးက တချို့နေရာတွေမှာ သာပြီးတောင် ခေတ်မီသေး။ လမ်းတွေ ကောင်းတယ်။ မြို့အကွက်ချပုံ သပ်ရပ်တယ်။ ရန်ကုန်နဲ့ ယှဉ်ရင် အများကြီး သန့်ရှင်းတယ်။ တိုက်တာတွေ ခေတ်မီတယ်။ ဒါပေမယ့်… ဒါပေမယ့်…။

 

ကျွန်မ ရန်ကုန်ရောက်စတုန်းက ရန်ကုန်မြို့လယ်က တိုက်ခန်းတွေကို ကြည့်ရင်း ပျို့အန်ချင်စိတ်တောင် ပေါက်မိတယ်။ သူငယ်ချင်းကိုလည်း ပြောမိတာပေါ့။ “နင်တို့ ရန်ကုန်ကလူတွေ လူဖြစ်ကျိုး မနပ်ဘူး။ ဘတ်စ်ကားပေါ်မှာလည်း ငါးပိသိပ်၊ ငါးချဉ်သိပ် ကျပ်သိပ်နေအောင် စီးရတယ်။ အိမ်ရောက်တော့လည်း လေကောင်းလေသန့် မရှုရဘူး။ ပေ ၂၀ ပတ်လည် အခန်းကို မိသားစု ၃ စုလောက် ပေါင်းနေ နေကြတာ။ တို့ မြို့မှာဆိုရင်လေ အဲလို သုံးထပ်တိုက်၊ လေးထပ်တိုက်ဆိုတာ မိသားစု တစ်စုတည်းကပဲ ပိုင်တာ”။

 

ကျွန်မ ပြောသမျှကို သူငယ်ချင်းက ဘာမှ ၀င်မပြောဘူး။ ပြုံးပြုံးလေးပဲ နားထောင်နေပြီး စကားဆုံးသွားမှ ၀င်ပြောတယ်။ “အဲဒီ ပိုင်တယ်ဆိုတဲ့ မိသားစုတစ်စုတည်းဆိုတာက တကယ်တမ်း မန္တလေးသူ၊ မန္တလေးသား အစစ်တွေမှ မဟုတ်တာ” တဲ့။ အဲဒီတချက်တည်းနဲ့ ကျွန်မကို အလဲထိုးလိုက်တာ။ အရှိုက်ကို အထိုးခံလိုက်ရတော့  ကျွန်မ ရုတ်တရက် ကြောင်အသွားတယ်။ ဒီလို ဒီလို ဖြစ်ဖို့ အခြေအနေတွေ ဖန်တီးလာခဲ့ပြီလေ။ ဒါပေမယ့် အသစ်ကို ထုတ်ဖော်ပြောစရာမရှိလို့ အဟောင်းကို လွမ်းပြရုံနဲ့ ပြဿနာက ပြီးမှ မပြီးသွားတာ။ “မန္တလေးဆို ရွှေမြို့ တို့ရတနာပုံနေပြည် တင့်တယ်သာယာ စည်ကား ဟိုတုန်းအခါကလေ.. အဲဒါတွေ မတွေးနဲ့တော့ ရှေ့ဆက်ခါ စီမံကြံစို့လေ” တဲ့။ အထနှေးတာ၊ ရှေးရိုးဆန်တာတွေ ပြင်သင့်တာဆိုရင်လည်း ပြင်ရမှာပဲ။ မဟုတ်ရင် လူရွှင်တော်တွေ ပြက်သလိုပဲ။ “ကလေးတို့ရေ… တခါတုန်းက မန္တလေးဆိုတဲ့ မြို့ကြီး ရှိခဲ့ဖူးသတဲ့ကွယ်။ အဲဒီမှာ ဗမာတွေ နေခဲ့ကြသတဲ့” ဆိုတာလို ရွှေထီးဆောင်းခဲ့တဲ့ အတိတ်ကာလတွေကလည်း ဒဏ္ဍာရီတွေ ဖြစ်ကုန်မှာပဲ။ အဲဒီအချိန်အထိ ဒေသစွဲစိတ်တွေ လွန်ကဲပြီး “မန္တလေး.. ကျွန်တော်တို့ ရွှေမန္တလေး” လို့ အော်နေကြဦးမှာလား။

 

မျက်ရှု

30th June, 2011

7:00 PM