(၁)

ညသည် ကြယ်ရောင်ဝိုးတ၀ါးအောက်တွင် ခပ်လဲ့လဲ့ မှောင်လျက်ရှိသည်။ ပတ်ဝန်းကျင်တွင် ဆိတ်ငြိမ်မှုသာ သည်းသည်းကြီး အုပ်စိုးနေဆဲ။ လေတစ်ချက် ကြွေလိုက်တိုင်း ညမွှေးပန်းရနံ့က ဘုရားကုန်း တောင်ဘက် စောင်းတန်းအထိ ဝေ့ကာ ၀ဲကာ ကလူကျီစယ်နေသည်။ ထိုတောင်ဘက်စောင်းတန်းတွင်ပင်ဖြစ်သည်။

“ချွင်”။

ထိုအသံသည် လှဘော်အဖို့ မဉ္ဇူတည်းဟူသော သာယာမှုကိုလည်းကောင်း၊ သ၀နိယာ ဆိုအပ်သော နာချင်ဖွယ်ရှိခြင်းကိုလည်းကောင်း ဖြစ်ပေါ်စေ၏။ လေနှင့်အတူ စေတီထက်မှ လွင့်ပျံ့လာတတ်သော ဆည်းလည်းလှိုက်သံကို ကြားရလေတိုင်း လှဘော်ခမျာ လွမ်းသလို၊ ဆွေးသလို၊ ၀မ်းနည်းသလိုလို လှိုက်ဖိုလှိုက်ဖို ဖြစ်ရလေသည်။ ယခုမူ ထိုဆည်းလည်းလှိုက်သံ တချွင်ချွင်ထက် သာယာသောအသံကို သူကြားလိုနေပေသည်။ ထိုအသံသည် သူ့အတွက် ပို၍ နားဝင်ပီယံဖြစ်၏။ အတိတ်ကို အောက်မေ့တမ်းတခြင်းမျိုး မမြည်စေ။ လာလတ္တံသော ကာလအတွက် ၀မ်းသာကြည်နူးခြင်းများဖြင့် မျှော်လင့်ချက်အား အရောင်တောက်စေသည်။

“ချွင်”

အကြွေစေ့လေးကို ဒုတိယအကြိမ်မြောက် လှဘော် မြှောက်လိုက်ပြန်သည်။ သည်တစ်ခေါက်တော့ အကြွေစေ့သည် အရှိန်ဖြင့် စောင်းတန်းလှေကားများတလျှောက် အောက်သို့ လိမ့်ဆင်းသွားသည်။ ထိုအခါမှ လှဘော်သည် ပြူးပြူးပျာပျာဖြစ်ပြီး သူ့အကြွေစေ့ကို ခေါင်မိုးအပေါက်မှာ ဖြာကျလာသော ဆန်းစလ၏ အရောင်ကို အားပြုလျက် စောင်းတန်းတလျှောက် အထက်အောက် အလီလီ စမ်းတ၀ါးဝါးရှာလေတော့သည်။ အချိန်မှာ မိနစ်မှ နာရီပိုင်းသို့ ကူးပြောင်းလာသော်လည်း သူ့အကြွေစေ့ကို မတွေ့။ နတ်များ ဖွက်လေသလားဟု လှဘော် တွေးမိတွေးရာ တွေးရှာတော့သည်။ ထိုသို့ဆိုလျှင် မနက် မိုးသောက်ချိန်အထိသာ စောင့်ရုံရှိတော့သည်။ ကျပ်စေ့တစ်ခုမှာ မည်မျှအကွာအဝေးအထိ၊ အဘယ်မျှသော အရှိန်ဖြင့် လိမ့်နိုင်အံ့နည်း။ တွေ့မှာပါလေ ဟု မိမိကိုယ် မိမိနှစ်သိမ့်ရင်း လှဘော် အားလျှော့ချင်ချင်ဖြစ်လာတော့သည်။ ညနေစောင်း ကတည်းက သည်အကြွေစေ့လေးကြောင့် သူ၏ စိတ်ကူးတို့ နတ်ဘုံနတ်နန်းတမျှ ဆန်းကြယ်ခဲ့သည်။ သူ့ဘ၀င်တွေ ဘ၀ဂ်သို့ တိုင်ခဲ့ရသည်။ ဟော.. ကြည့်။ သူ့ခံစားမှုတို့ ဘယ်လောက်မှ ကြာကြာမခံလိုက်။ လှဘော်သည် သူ့ကိုယ်သူ အပြစ်တင်သည်။ တဖန် အားတင်းရပြန်သည်။

“ဘယ့်နှယ်လို့ မနက်အထိ စောင့်ရမှာတုန်း။ ငါ့အကြွေစေ့က နှယ်နှယ်ရရမှ မဟုတ်တာ။ မတော် တခြားသူတွေ တွေ့သွားပြီး ကောက်သွားမှ ခက်ရချည်ရဲ့”။

သူသည် တစ်ကိုယ်တည်း ဗျစ်တောက်ဗျစ်တောက် ပြောရင်း ဗေဒင်ဆရာ ဘိုးဗရှိန်နှင့် ပန်းသည် ခင်နုတို့၏ မျက်နှာကို ကွက်ခနဲမြင်ယောင်လာပြန်သည်။ ငါ၏ အကြွေစေ့ ပျောက်သွားသည့်အကြောင်း ဘိုးဗရှိန်တို့ တစ်သိုက်ကြားသော် နှစ်ထောင်းအားရဖြစ်ချိမ့်မည်။ မနာလိုဝန်တိုမှု ရောပြွမ်းလျက် သရော်မော်ကား ပြုချေတော့မည်ဟု အထင်ရောက်လျက် လှဘော်သည် စေတီရင်ပြင်ပေါ်သို့ တရှိန်ထိုး ပြေးတက်ပြီး ဘုရားဖူးသူများ မီးပူဇော်ထားသည့်အထဲမှာ ကျန်ကောင်းကျန်နိုင်သော ဖယောင်းတိုင် အတိုအစ ငုတ်စိများကို လိုက်ရှာသည်။

စေတီတော်၏ အရှေ့ဘက် အာရုံခံတန်ဆောင်းတွင် ထွန်းလင်းလျက်ရှိသော ၆၀ ၀ပ် မီးသီးလုံးနှစ်လုံးမှ အပ စေတီပုရ၀ဏ်တစ်ခုလုံး အမှောင်အတိကျလျက်။ ထိုဝါကျင့်ကျင့် မီးရောင်မှာ ပန်းချီဦးတော်ခို၏ ဗုဒ္ဓ၀င်ပန်းချီကားများကိုပင် တောက်တောက်ပပ လင်းနိုင်ခြင်းငှာမစွမ်းသာ။ “ငါ့ကွာ… ဒီမီးရောင်ကို တောင်ဘက်တန်ဆောင်းဆီ ရွှေ့လို့ရရင် ရွှေ့လိုက်ချင်တယ်” သည်လို သက်ကြီးခေါင်းချချိန်ကျမှ ဆရာတော်ဦးဝိမလထံမှ ဓာတ်မီးသော်လည်းကောင်း၊ မီးခြစ်နှင့် ဖယောင်းတိုင်သော်လည်းကောင်း သွားငှား၍ မသင့်တော်လေပြီ။ သည်ညကို သူ ဘယ်လို ဖြတ်သန်းရပါလိမ့်။ မြန်မြန်မိုးလင်းရန်သာ ဆုတောင်းတော့သည်။ သည်တစ်ည မအိပ်ဟု လှဘော် အားတင်းလိုက်သည်။ ယခုအချိန်တွင် သူ့အကြွေစေ့ထက် အရေးကြီးတာ ဘာမှမရှိ။ သူ့ပြည်တန်ပတ္တမြားကို မည်သူတစ်ဦးတစ်ယောက်ကိုမှ ယူငင်ရန် ခွင့်မပြုနိုင်။ မည်သို့ဖြစ်စေ ငါက သာမညောင်ညပုဂ္ဂိုလ်မှ မဟုတ်ပေဘဲ။ ကိုင်း ကြည့်…။ ထင်ပေါ်တော့ စင်တော်က ကောက်ချေတော့မည်။ ငါ့အနုပညာ မကြာမီ ကမ္ဘာကျော်ချေတော့မည်ဟု သွေးနားထင်ရောက်သည့် စိတ်ကူးနှင့် အရူးကြီးရူးရသော သူ့အခြေအနေကို သူကိုယ်တိုင် မဆင်ခြင်မသုံးသပ်မိဘဲ အပျံသင်စ ငှက်ငယ် လေဟုန်စီးရန် ကြိုးပမ်းသည့်နှယ် အိပ်မက်ဒီရေ တရိပ်ရိပ်မြင့်တက်လာနေရခြင်းကိုပင် သူကျေနပ်မိလေသည်။ ထိုအကြွေစေ့သည် သူ့အနုပညာကို ကြွားဝင့်မည့် နိမိတ်တည်း။

“သံသာရေ၊ သံသရာ၌။ သံသရန္တာနံ၊ ကျင်လည်ကုန်သောသူတို့၏။ သဗ္ဗဒုက္ခ၀ိနာသနေ၊ ခပ်သိမ်းသော ဆင်းရဲကို ပျောက်တတ်ကုန်ထသော။ မာရသေနာ ပမဒ္ဒေနေ၊ ကိလေသာဟူသော မာရ်စစ်သည်ကို နှိပ်စက်တတ်ကုန်ထသော။ သတ္တ၊ ခုနစ်ပါးကုန်သော။ ဗောဇ္ဈင်္ဂေ၊ အရဟတ္တမဂ်၏ အင်္ဂါဖြစ်ကုန်ထသော။ ယေ ဣမေ ဓမ္မေ၊ အကြင် တရားတို့ကို။ ဗုဇ္ဈိတွာဝ၊ သိ၍သာလျှင်။ သတ္တာ၊ သတ္တ၀ါတို့သည်။ တိဘ၀ါ၊ သုံးပါးသော ဘ၀မှ။ မုတ္တကာ၊ ကင်းလွတ်ကုန်၏” ကပ္ပိယဘဘလေးကမူ လှဘော်၏ ပရိဒေ၀ကို မသိလေသလား။ အစပထမသော် လှဘော်သည် ယင်းပရိတ်ရွက်သံကို အာရုံပြုနိုင်ရန် ကြိုးပမ်းရှာပါသေးသည်။ သို့သော် ထိုသို့ ကြိုးစားရင်းမှပင် ရုတ်တရက်အလစ်ဝင်လာသော မိန္ဓတည်းဟူသော ငိုက်မျည်းခြင်းကို အကြွေစေ့သံယောဇဉ်ဖြင့် ဝေးကွာရှောင်းစေလျက် လှဘော်တစ်ယောက် ငုတ်တိုင်ထိုင်လျက်နှင့်ပင် အရုဏ်တက်လိုက်ရတော့သည်။

(၂)

“လှဘော်ရေ… ဒီနှစ် ဘုရားပွဲတော့ ကိုယ့်အရပ်နဲ့ကိုယ့်ဇာတ်ပဲ နွှဲရတော့မှာပဲဟေ့။ ငါတို့တော့ မင်းပဲ အားကိုးရမှာ” ဘုရားပွဲ ဖြစ်မြောက်ရေးကော်မတီအတွင်းရေးမှူး ကိုစိန်သန်းက လှဘော်ကို ခပ်မြှောက်မြှောက်လေး ဆိုလိုက်ရာ ဒါကိုပင် မသိဟန်ဆောင်လျက် ငါ မကယ် ဒီပွဲ ဖြစ်ချေမရှိဟု ကိုယ့်ဘက်ကိုယ်သာ လှဘော် ယက်တွေးလိုက်တော့သည်။

“ဖြစ်ရစေမယ်လေ။ တမြန်နှစ်က မန္တလေးက ပန်တျာအောင်မျိုးဇာတ်အဖွဲ့လာတော့ ရွာဂုဏ်ပြုသီချင်း ကျုပ်ကိုယ်တိုင် စပ်ပြီး စင်ပေါ်တက်ဆိုခဲ့တာ မှတ်မိဦးမှာပေါ့ ကိုစိန်သန်းရယ်။ ဘာရယ်မဟုတ်ပါဘူး။ အနုပညာသမားဆိုတာ သွေးတောင်းလာတဲ့အခါ တတ်သိပညာ မနေသာလို့ ဆိုရတော့မှာပေါ့။ ငွေရေးကြေးရေးက အဓိကမှ မဟုတ်ဘဲကိုး” လှဘော်လေသံက ပီဘိဝါရင့်အနုပညာသမားကြီးနှယ်။

သူသည် ငယ်စဉ်တောင်ကျေး ကလေးဘ၀ကတည်းက အဆိုတော်ရူး ရူးခဲ့သည်။ ဆိုင်းသံဗုံသံကြားလျှင်လည်း မနေနိုင်။ တစ်ဦးတည်းသောသားဖြစ်သဖြင့် ဖခင်ကွယ်လွန်ပြီးသော်လည်း မိခင်မုဆိုးမကြီးက လှဘော်ဟဲ့ဆိုလျှင် မျက်နှာတစ်ချက်မညှိုးစေရ။ ဖူးဖူးမှုတ်ထား၏။ ယောက်ျားလေးပင် ဖြစ်လင့်ကစား တောသူတောင်သားတို့၏ အသွင်သဏ္ဍန်နှင့် မအပ်စပ်သည့်နှယ်။ သူ့လက်ဖ၀ါးများက နုထွေးသွယ်ပျောင်းနေသည်။ “ ဟဲ့.. ဒွေးကြည် နင့်သား လက်က သဘင်သည်လက်မျိုးကွယ့်။ ကြည့်ပါလား။ လက်ချောင်းလေးတွေ သွယ်ကော့နေတာပဲ။ အနုပညာသုခုမနဲ့ အကျိုးပေးမယ့်ဟန်ပဲဗျား” သူငယ်ငယ်က အိမ်ကိုလာပြီး ဗေဒင်ကြည့်ပေးသည့် ဦးညိုခင်၏ စကားကို စွဲနေအောင် မှတ်ထားသည်။

ရွာရှိ ဦးနေမိန္ဒကျောင်းတွင် အတွင်းအောင်ခြင်း အောင်မြင်သော် သားယောက်ျားလေးမို့ ယာထဲမှာ နွားနှင့် ဖက်ရုန်းမလားဟု မာတိမိခင် ဒွေးကြည်တစ်ယောက် လှဘော်ကို စောင့်ကြည့်သေးသည်။ ဝေးစွ။ နော ဧက နော၊ န၀ ဒွေး အဌာရသ စတဲ့ အလီလေး ကရော်ကမယ် ရွတ်တတ်တာက လွဲလို့ ကိုယ်တော်က ယခင် ဆိုင်းနောက်ထလိုက်ဖူးသော ဦးသောင်းဟန်ဆီ ပြေးကာ ဆိုနည်း၊ ပြောနည်း၊ တီးနည်း အတိုအထွာကို ဟိုစပ်စပ် ဒီစပ်စပ် သင်ယူသည်။ သင်ယူသည်ဆိုရာ၌ ဒါကို ဘယ်လို တီးဟဲ့၊ ဘယ်ပုံ ဆိုဟဲ့ဟူ၍ ကိုယ်ဖိရင်ဖိ ညွှန်ပြခြင်းမျိုးမဟုတ်ဘဲ ဦးသောင်းဟန်က တတ်သမျှ မှတ်သမျှကို သူစိတ်ကူးတည့်သလို ပြောပြခြင်းမျိုးသာဖြစ်သည်။ ခမျာမှာလဲ အရွယ်ထောက်လာ၍ စကားပြောဖော်ရှာနေခိုက် လှဘော်က လာပြီး ကိုးကွယ်ဆည်းကပ်တာကို သာယာနေလေသည်။ သို့ပေမယ့် လှဘော်ကတော့ ပညာရှာပမာ သူဖုန်းစားကဲ့သို့ ရှိရာ၏။ ဦးသောင်းဟန်ကဲ့သို့ ဟင်းလေးအိုးကြီးထံမှ စုံစီနဖာဗဟုသုတများ ကြားခွင့်ရသည်မှာ ကံထူးရာ၏ဟု မှတ်ယူရှာသည်။

မိခင်ဒွေးကြည်က “ဟဲ့ လှဘော်… နင်ဘယ်အချိန်မှာ အဆိုတော် ထဖြစ်မလဲတော့ မသိဘူး။ တစ်ဝမ်းတစ်ခါးအတွက်တော့ အရွယ်ရှိတုန်း ရုန်းဦးမှပေါ့” ဟု ဆိုလေတိုင်း “အိုဗျာ.. အမေ့နှယ်… ကျွန်တော်တို့ အနုပညာသည်တွေဟာ ငွေအတွက် ဘ၀ရဲ့ အဖိုးတန်တဲ့ အချိန်တွေကို မကုန်ဆုံးချင်ဘူးဗျ” ဆိုသည့် ဗွီဒီယိုဇာတ်ကားများထဲမှ မကြာခဏ ကြားရတတ်သော ဇာတ်ဆန်ဆန်စကားမျိုးဖြင့် ဆင်ခြေတက်လေသည်။ အမေအိုကြီးမှာတော့ ရှိသည့် ယာနှစ်ကွက်မှာ နေပူကျဲကျဲ၌ ချွေးတဒီးဒီးကျအောင် ပဲရိတ်၊ ပြောင်းချိုး လုပ်နေရချိန်တွင် လှဘော်ကတော့ နေညိုချိန်တိမ်တောက်တဲ့အခါ.. ရွာလမ်းဘေးမှာ .. စာဥတို့ သူငယ်ချင်းမတွေ ရေခပ်ဆင်းလို့လာ.. ဟု အပေါင်းအဖော်တစ်စုနှင့် ကျူးရင့်နေချေတော့သည်။

လှဘော်မို့ လူမစုံလိုက်နှင့်။ လူစုံသည်နှင့် တစ်ပြိုင်နက် ဇာတ်ကိုဘယ်လို ပျိုးရသည်၊ ဇာတ်ခလုတ်ကို မည်သို့ ဆင်ရမည်၊ ဇာတ်တက်၊ ဇာတ်ထွတ်သို့ ဘယ်လို ဆွဲရမည်၊ ဆိုင်းတီးရာတွင် အရော်တီးက ဘယ်ပုံ၊ တောက်တီးက ဘယ့်နှယ် စသဖြင့် သူကိုယ်တိုင် မကြုံဖူးသလို သူဝါသနာပါရာ အဆိုနှင့်လည်း မသက်ဆိုင်သည့်အကြောင်းအရာများအား ဦးသောင်းဟန်ကျေးဇူးဖြင့် လေဖမ်းဒန်းစီးကာ စွယ်စုံရပညာရှင်အလား လူတွင်ကျယ်လုပ်တတ်သေးသည်။ ရပ်ရွာကလည်း အကြောင်းသိတွေမို့ ထူးပြီး ဝေဖန်မနေတော့။ လှဘော်ကျွေးသည့် လက်ဖက်လေးမြှုံ့လိုက်၊ မြေပဲဆံလေး ၀ါးလိုက်ဖြင့် တအင်းအင်း ထောက်ခံခြင်းဖြင့် နှစ်သိမ့်ပေးလိုက်ကြ၏။

တစ်ခါသားမှာတော့ လှဘော်သည် ရွာလူကြီးဦးဖေတင် အိမ်သို့ ဆိုင်းမဆင့် ဗုံမဆင့် ပေါက်ချလာကာ သူ ရွာအတွက် ဂုဏ်ပြုတေးသီချင်း စပ်ဆိုထားကြောင်း ဆိုင်းဆင့်ဗုံဆင့်ကာ ရွတ်ပြတော့သည်။ သူ့သီချင်းက ရွာမှာ တာဝတိ`ံသာနတ်ရွာအလား အေးချမ်းသာယာပြီး စပါးတောင်လိုပုံကာ ဆီကိုရေချိုး၊ ဆေးရိုးမီးလှုံနိုင်သည့်အကြောင်း ဂုဏ်အင်ပြဖွဲ့ဆိုထားသည်။ ဦးဖေတင်ကတော့ “လှဘော်တို့ကတော့ မလုပ်လိုက်နဲ့ဟေ့။ လုပ်လိုက်ရင် အဆန်းချည်းပဲ” ဟု ရွာ၏ မွဲပြာခါလီကျနေသော အခြေအနေကို ရည်ညွှန်း၍ အငေါ်တူးခြင်းကိုပင် သူ့အား ထောပနာပြုသည်အထင်ဖြင့် လှဘော်ခမျာ ပြုံးဖြီးဖြီးနှင့် မနေတတ် မထိုင်တတ် ရှိနေတော့သည်။

“ဦးဖေတင်ရယ်.. လာမယ့်ဘုရားပွဲ ပန်တျာအောင်မျိုးဇာတ်မှာ ကျုပ် ဒီတစ်ပုဒ် တက်ဆိုချင်တယ်ဗျာ။ ကိုယ့်ရွာအကြောင်း စပ်ဆိုထားပဲ ဆိုသင့်တယ်မဟုတ်လား” ဦးဖေတင်က အင်းမလုပ်၊ အဲမလုပ် ငူငူကြီးလုပ်နေတော့ တဆင့်တက်ပြောသည်။

“ဒီလိုဗျာ… ဒီသီချင်းက ရွာအကျိုးပြုဖြစ်နေတော့ ရွာလည်း မျက်နှာပန်းလှမယ်ဗျာ။ အဲ နောက်ပြီး အရေးကြီးတာက ဒီလို သီချင်းမျိုးကို ဒီက ရွာသားကိုယ်တိုင် စပ်ဆိုတယ်ဆိုတာကလည်း ဂုဏ်ယူစရာကောင်းနေတာကိုး။” သည်တစ်ခါ လှဘော်စကားဆုံးတော့ ဦးဖေတင် မနေနိုင်တော့။

“ငါလခွေးမှပဲကွာ။ မလုပ်ပါနဲ့ မောင်ရာ။ တို့တောသူတောင်သားတွေ မိုးခေါင်တာနဲ့ပဲ အနှံမအောင်တာ ကြာပေါ့။ ဇာတ်ငတ်လွန်းလို့သာ မရှိမဲ့ရှိမဲ့လေးစုပြီး ခေါ်ရတာ မင်းအသိပဲ။ ဘုရားပွဲ မဖြစ်တာ ခုနစ်နှစ် ခုနစ်မိုးရှိရောဟာ။ မြို့က ဇာတ်အဖွဲ့က အထင်မကြီးတဲ့အပြင် အထင်သေးပြီး ပွဲပါ ပျက်နေမှ ဟုတ်ပေ့ဖြစ်နေမယ်” တကယ်ဆို ဦးဖေတင်၏ စကားသည် လှဘော်၏ သွေးနားထင်ရောက်နေသော အနုပညာမာနကို ထိပါးလျက်ရှိသည်။ သို့သော် လှဘော် သည်းခံလိုက်ပါသည်။ တစ်နေ့နေ့တွင် ထင်ပေါ်ကျော်ကြားလာမည့် အနုပညာသမားစစ်စစ်တို့၏ ဖြတ်သန်းရာလမ်းကြောင်းသည် အမြဲတစေ ချောမွေ့မနေနိုင်။ လောကဓံကို ခံနိုင်အားရှိရမည် မဟုတ်လော။ မအောင်မြင်သေးသခိုက် အနစ်နာခံရမှုများ၊ အောက်ကျို့မှုများ တွေ့ကောင်းတွေ့ရမည်ဟု လှဘော်တစ်ယောက် အဆုံးစွန်ဆုံးအထိ ရူးသွပ်ပစ်လိုက်သည်။

ရွာဘုရားပွဲတွင် သီချင်းမဆိုရသဖြင့် တပိန်ပိန်တလိမ်လိမ်ဖြစ်နေသော သားမောင်လှ၏ဖြစ်အင်ကို မကြည့်ရက်ရှာသော မွေးမိခင်ကြီးကပင် ဦးဖေတင်ထံ ဆန်နှစ်ပြည်၊ ဆီတစ်ပုံး၊ ဖျင်ကြမ်းစောင်နှစ်ထည် လာဘ်သိပ်ထိုး၍ ပါရမီဖြည့်ပေးလိုက်မှပင် ခမျာ စင်ပေါ်တက်ခွင့်ရတော့သည်။ ဒါတောင် သူတစ်ယောက်တည်း မဟုတ်။ ရွာတွင် ရုပ်ရည်အသင့်အတင့်ရှိပြီး အသံလည်း နာပျော်ဖွယ်ကောင်းသည်ဟု ယူဆရသော ကာလသား နှစ်ယောက်နှင့် အပျိုချော နှစ်ယောက်အပါအ၀င် ငါးယောက်အဖွဲ့ကို အပျိုတော်အကအပြီးတွင် ၀င်ဆိုစေ၏။ သူ့သီချင်းမှာ သံစဉ်တေးသွား၊ နရည် စည်းဝါး မှန်အောင် စပ်ဆိုထားခြင်းမျိုး မဟုတ်၍ ရွာလူကြီးဦးဖေတင်နှင့် ဆိုင်းနောက်ထဟောင်း ဦးသောင်းဟန်တို့အပါအ၀င် အဆိုအတီးကို တီးမိခေါက်မိရှိသော လူကြီးများ ငါးခါတိတိ အစည်းအဝေးထိုင်၍ လှဘော်၏ သီချင်းအား ပြင်ဆင်ဖြည့်စွက်ရေးသားကြ၏။ နောက်ဆုံး မောင်လှဘော်ရေးသားသည်ဆိုသော စာကြောင်းမှအပ သီချင်းခေါင်းစဉ်ရော၊ စာသားပါ လုံးလုံးကြီး ပြောင်းလဲခဲ့လေသည်။

သို့သော် ကိစ္စမရှိ။ ထန်းရည်အ၀တိုက်မည်ဟူသော သဘောတူညီချက်ကြောင့် လှဘော်စင်ပေါ်သို့ တက်လိုက်သည်နှင့်တစ်ပြိုက်နက် ပွဲခင်းအရှေ့မြောက်ထောင့်ရှိ ကိုစိန်သန်းတို့ လူစုမှ “လှဘော်ကွ… ကြိတ်လိုက်စမ်း.. ဒါ လှဘော်ကိုယ်တိုင် ရေးတာကွ” ဟူ၍ သူ့နာမည် တကြော်ကြော် အော်ပြီး အားပေးလေရာ လှဘော် .. လှဘော်ဆိုသည့် အသံများမှာ ကွင်းလုံးညံနေတော့သည်။ အရူးဘုံမြှောက်ပေးလိုက်သည့်နှယ် လှဘော်ကတော့ ထိုနေ့မှစ၍ သူ့ရည်မှန်းချက် တွေးရင်းနဲ့ ပျော်သည် ပျော်သည်ဖြစ်နေလေတော့သည်။ ဖြစ်ချင်တော့ ဘယ်သူကမှန်းမသိ စပြီး လှဘော်၏ အသံဝါ၀ါကြီးကိုပင် ဟင်္သာတထွန်းရင်နှင့် တထေရာတည်းဟူပြီးသကာလ ပင့်ကော်ပေးလိုက်ရာ သူ့ဝေဒနာပိုဆိုးလေတော့သည်။

လှဘော်ကိုယ်တိုင်ကလည်း “ဟုတ်တော့ဟုတ်ပါတယ်လေ။ ကျွန်တော်ကလည်း မြန်မာမှုကိုပဲ မြတ်နိုးတာပါ။ ဒိုးဒိုးဒန့်ဒန့်တွေ မကြိုက်ပေါင်ဗျာ။ ကျေးလက်သီချင်းတွေပဲ ညည်းရတာ အာတွေ့ပါရဲ့” ဟု ဂိုက်ခံ ဆိုတတ်သေးသည်တမုံ့။

”ပန်းငွေ့ဝေေ၀.. လွမ်းငွေ့ဝေေ၀.. တောင်ငွေ့ဝေေ၀.. လွမ်းပုံတောင်မြေ” ဟင်္သာတထွန်းရင်၏ ပုံတောင်မြေမှ လွမ်းမျက်ရည်သီချင်း၊ ”မစိမ်းပင်ကြီးရယ်.. ဗလိမ်းဗကျံ သက်သက်ကယ်.. စိမ်းတော့မှာလား စိမ်းရုပ်လွှာ.. စိမ်းမြမြမှာ စိမ်းအချစ်နဲ့ စိမ်းမေတ္တာ.. စိမ်းမိုးတွေရွာ…” ဟင်္သာတထွန်းရင်၏ မစိမ်းပင်၊ “အချစ်ရယ်.. မှုန်နံသာလေးလိုအမြဲ.. ပါးမှာကပ်လို့ချွဲတဲ့.. အညာသမားလေး သနပ်ခါးနှယ်.. အနားမှာ နှမ ချစ်ချင်ဘူးကွယ်.. အလှအပဆိုတာကလည်း ခဏခဏ မြင်ရင်ရူးမယ်…” ဟင်္သတထွန်းရင်၏ စက္ကန့်လေးတွေ စိန်စီထားမယ် သီချင်းတွေဆိုလျှင် အပီကျင့်ထားသည်။ နာမည်ကိုတောင် လှဘော်ရင်ဟု ရွာ့တောင်ဘက် ထန်းတောထဲတွင် ကာလသတစ်သိုက်အား ကြက်ကြော်တစ်ကိုက်စီဖြင့် အသိပေး၍ ပြောင်းလိုက်လေသည်။ နာမည်ကသာ နွဲ့လျနေသည်မဟုတ်။ လူကြည့်တော့လည်း ကနွဲ့ကလျ။ ကျားကျားလျားလျားမရှိ။ ထန်းတောသည် သူ့အနုပညာဗီဇ ထက်သန်ရေးအတွက် ပျိုးထောင်ရာ အောင်မြေဖြစ်သော်လည်း သူကိုယ်တိုင် ထန်းရည်ကို တစ်ကျိုက်မျှပင် မမော့ဖူး။ ဆေးလိပ်၊ ကွမ်းဆိုသည်မှာ ဝေးလာဝေး။ စိတ်လည်းနု၊ ကိုယ်လည်းနု၊ ခံစားချက်ကိုလည်း နုစေလိုသော အနုပညာသမား လှဘော်ရင်ဖြစ်ပေသည်။

”မွေး.. မွေးမေကျေးဇူး.. ဆပ်ဖူးချင်တယ်လေ… ဝေး.. တမြေဆီခြားလို့.. ဝေးကွာခဲ့ပေ.. သားချစ်တဲ့ မွေးမေမေ.. သားချစ်တဲ့မွေးမေမေ” ဟု အိမ်ခေါင်းထဲမှနေ၍ အဆိုကျင့်ရင်း မွေးမေကျေးဇူးဆပ်နေလေရာ သူ့အမေ ဒွေးကြည်ကလည်း “သေနာကျရဲ့… လက်ကြောကဖြင့် မတင်းဘူး။ ဒင်းသီချင်းဆိုခတွေနဲ့ ဒွေးကြည်တို့ ထမင်းစေ့ နံကြားကပ်ရချည်သေးရဲ့” ဟု ငေါ့လေသည်။ သီချင်းလေးတအေးအေးဖြင့် အဆိုတော်ရူး ရူးနေသူကို မည်သည့်သမီးရှင်ကမှ သမက်မဖမ်းလိုကြချေ။ သည်လိုကျတော့လည်း လှဘော်တို့က ခပ်ကင်းကင်း။ ငါလို အောင်မြင်မယ့်သူ ဒီလိုဇနပုဒ်က ဘယ်လုံမနဲ့မှ မတန်ဟု သဘောပိုက်သည်။ အဲ.. တစ်ယောက်သောသူက လွဲလျှင်ပေါ့။ သူက မြို့တွင် ကျောင်းတက်နေသော မေသီခင် ခေါ် ၀ိုင်းစိန်မ။

ဝိုင်းစိန်ကလည်း ၀ိုင်းစိန်ပင်။ လှဘော်ဆိုလျှင် သူ့မျက်စိထဲတွင် နည်းနည်းမှ ထောင့်မကျိုး။ လှဘော်က အစကတော့ ”မေတ္တာလှိုင်သော တစ်နေ့ကို မေတ္တာလှိုင်သော တစ်နေ့ကို တွေ့များတွေ့ပါ့မလား.. ဆုံမှ ဆုံပါ့မလား.. အားငယ်စိုးထိတ်ပွေလီ” ဟု နွဲ့ပြပါသေးသည်။ ဒါကို ၀ိုင်းစိန်က “ဖက်ခွက်စားမယ့် အကောင်ကများ” ဟု ပက်လိုက်ရာ ဆွေ့ဆွေ့ခုန်ပြီး ဟေ့.. နင်သိရစေမယ် ၀ိုင်းစိန်.. လှဘော်ရင်တို့ နာမည်ကြီးအဆိုတော် မဖြစ်ရင် ဒီရွာကို ပြန်မလာဘူး ဟူ၍ ကြွေးကြော်လေသည်။

ထိုအတောအတွင်း လှဘော်ရင်တစ်ယောက် ဟင်္သာတထွန်းရင်၏ “ဖြစ်ရလေ ၀ိုင်းစိန်” သီချင်း ရွာလုံးကြားအောင် အော်ဆိုဖြစ်ခဲ့သည်။

“ငါ့လို အနှိမ်ခံပစ္စည်းမဲ့တဲ့ ချက်ကြီးတစ်ယောက်ကိုတောင်မှ သတိမှရပါလေစ ၀ိုင်းစိန်ရယ်.. အေးလေ.. မင်းရဲ့ဘ၀ ကျန်းမာပါစေ.. မင်းရဲ့ဘ၀ ချမ်းသာပါစေ.. ရွာဦးကျောင်းက မြစေတီမှာ ငါဆုတောင်းပါတယ်ကွာ….”

သူက ဆွေးနင့်ပြီး ခံစားချက်အပြည့်ဖြင့် တစ်ပိုဒ် ထဆိုလိုက် ရွာလယ်လမ်းမှ ခွေးတစ်အုပ်က အူသံပေးလိုက်နှင့် အတော်အောင်မြင်ပြီးသွားသည့်နောက်တွင် လှဘော်ရင်တစ်ယောက် ရွာမှ ပျောက်သွားလေတော့သည်။

(၃)

ယခုတော့ ဘ၀တွေလည်း စုံခဲ့ပြီ၊ အိပ်မက်တွေလည်း အရောင်ဖျော့ခဲ့လေပြီ။ ဟိုတုန်းက ပဲပွဲစား ခင်ကျော်၏ အဆက်အသွယ်နှင့် စိန်ဖိုးနောင်ဇာတ်ကို လိုက်ရတုန်းကတော့ လှဘော်မှာ မနိုင်မနင်း အတ္တ၀န်ကြီး ထမ်းလို့ပေါ့။ ဇာတ်ထဲ လက်တိုလက်တောင်းခိုင်းဖတ်ဖြစ်ရတာကိုတောင် သူ မငြီးငြူခဲ့။ အောင်မြင်သည့် အနုပညာသမားဖြစ်ရန် ဘ၀စုံရမည်။ အောက်သက်ကျေရမည်ဟူသော သူ့သီအိုရီကိုသာ ယုံကြည်ဆဲ။ သည်လိုနှင့် ဇာတ်ထဲတွင် ပရိသတ်ရှေ့ ထွက်ကာ သီချင်းဆိုရန် မပြောနှင့်။ ဝေလေလေအခန်းမှာတောင် ပါခွင့်မရသည်ကိုပင် သူ စိတ်ရှည်ဇွဲသန်နေသေးသည်။

မိခင်ဒွေးကြည် ဆုံးကြောင်း အကြောင်းကြားတော့ သူ့ဘ၀မှာ သံယောဇဉ်အနှောင်အဖွဲ့ ကင်းရပြီပေါ့။ ရှိသည့် ယာနှစ်ကွက်ကို ရောင်းချကာ မြို့တွင် တေးစီးရီးထုတ်ရန် ကြံသေးသည်။ သူ့အသပြာ ပိစိညှောင့်တောင့်နှင့် ဂီတလောကတွင် အဘယ်မှာ ခြေချစရာရှိအံ့နည်း။ ဇာတ်သက် လက်တစ်ဖက်ပင် မပြည့်သေး ။ စိန်ဖိုးနောင် ဇာတ် ဇာတ်ခေါင်းကွဲလေရာ လှဘော်မှာလည်း ရင်နာနာဖြင့် သူ့ဘ၀ကို စိတ်တိုင်းကျ ရွက်လွှင့်တော့သည်။ လှဘော်ရင်ဆိုသော အမည်မှာ ရွာထန်းတောထဲတွင်သာ ပဲ့တင်သံ ကျန်ခဲ့ပေသည်။ အဆုံးမတော့ လှဘော်သည် လှဘော်ပင် ဖြစ်ရပြန်ချေတော့သည်။

ပုံတောင် ပုံညာကြောတလျှောက်တွင်သာမက၊ ရှမ်းရိုးမတစ်ခွင်လုံး ပြဲပြဲစင်အောင် ဘီးလှိမ့်နေသော ကုန်တင်ကားမျိုးစုံတွင် စပယ်ယာရာထူးဖြင့် သူ အသက်မွေးဝမ်းကြောင်းပြုသည်။ သူ့ဘ၀တွင် ရွာဘုရားပွဲ၌ တစ်ခါမျှ သီချင်းဆိုခဲ့ဖူးသော အတွေ့အကြုံကိုသာ အောင်မြင်မှုအဖြစ် စားမြုံ့ပြန်စရာရှိလေတော့သည်။ တကယ်တော့ သူသည် ပြေးဟယ်၊ လွှားဟယ်စသည့် ခါးချိုးလုပ်ရမည့်အလုပ်မျိုးကို ၀ါသနာမထုံသည့်အတိုင်း မည်သည့်မြို့၊ ရွာရောက်သည်ဖြစ်စေ သူအဆိုတော် ဖြစ်နိုင်ရေးကိုသာ စနည်းနာခဲ့လေ၏။ သည်လိုနှင့် လှဘော်မှသည် ဘိုးလှဘော်အရွယ်သို့ တိုင်ခဲ့သော် ဇရာကလည်း ထောင်းလာပြီ။ ၉၆ ပါးသော ဝေဒနာများ အလှည့်ကျနှိပ်စက်မှုကိုလည်း ကျောကော့အောင် ခံရချေပြီ။ ထိုအခါတွင်မှ ဦးဝိမလ ကျေးဇူးဖြင့် သည်ဇရပ်တွင် ဘ၀ခရီးလမ်းတလျှောက် တထောက်ခိုနားခွင့်ရခြင်းဖြစ်သည်။

သည်အချိန်တွင် ၀ယ်ယူသိမ်းဆည်းထားသော စည်းဝါးတစ်စုံသာ သူ့အဖို့ မြတ်နိုးရာရှိတော့သည်။

“ဟေ့.. စည်းနဲ့ဝါးနဲ့သာ တချွင်ချွင်သီချင်းလုပ်ဆိုနေရပေမယ့် ငါ ဒွန်းစဏ္ဍား မဟုတ်ဘူးကွ” ထိုသည်မှာ သူ့မာန။ အနုပညာနှင့် ပတ်သက်လျှင် ယခုအချိန်အထိ မာန်မချသေး။ စောင်းတန်းထဲတွင် အေးအတူ ပူအမျှ ဘ၀တူလူသားချင်းဖြစ်သော ဗေဒင်ဆရာဘိုးဗရှိန်တို့၊ ပန်းသည်ခင်နုတို့ကို သူက တူသည်၊ တန်သည် မထင်။

“လူ့အောက်ကျရတာခြင်းအတူတူ ငါက သူမတူတဲ့ အနုပညာသမား။ ခုခေတ်မှာ ငွေယားလေးရှိရုံ၊ အပေါင်းအသင်း၊ အဆက်အသွယ်ကောင်းရုံနဲ့ အောင်မြင်တတ်ကြတာ ဘာဆန်းတုန်း။ တကယ့် အနုပညာသမားစစ်စစ်တွေဟာ ချောင်ထိုးခံထားကြရတာပဲ။ နာမည်ကျော်တာ ဘာလုပ်ရမှာတုန်း။ ကိုယ်တတ်တဲ့ အနုပညာအားနဲ့ လောကကြီးကို အလှဆင်နိုင်ရင် လူဖြစ်ရကျိုးနပ်တာပဲ”

လှဘော်သည် သူ၏ ရင်ဘတ်ကြီးနှင့် ခံစားပစ်လိုက်သော အနုပညာဒဿနများဖြင့်  လူ့မလိုင် အထက်လွှာတို့အား ထိုသို့ မကြာခဏ သရော်တတ်လေသည်။

(၄)

“ငယ်စဉ်က ဆရာတော်ကျောင်းမှာ… ကကြီးအစ အ,အဆုံး စာလုံးပေါင်း သဘောနားလည်… မိဘဆရာသမားများက သားအလှကို ပညာပေးတယ်.. ဘ၀ရှေ့ရေး တွေးပါသတဲ့ကွယ်.. ကျွန်တော့်အရွယ်.. ငယ်ငယ်လေးမို့… ပြေးကာ လွှားကာ ရွာမှာ ပျော်ခဲ့တယ်”။

လှဘော်သည် “အမေနဲ့ ရွာကိုလွမ်းတယ်” သီချင်း ဆိုရင်းနှင့်ပင် အသံတိမ်ဝင်သွားသည်။ ယခုလို အိုမင်းမစွမ်းချိန် ရောဂါမျိုးစုံကို အံ့တုနေရခိုက်တွင် ရွာရှိ ရပ်ဆွေရပ်မျိုးတို့၏ ရင်ငွေ့ကို လှဘော်လွမ်းလှပါသည်။ သို့သော် လေကြီးမိုးကြီး ပြောပြီးခါမှ ခေါင်းငုံ့ပြန်လာရမည့်အဖြစ်မျိုးနှင့်လည်း ရွာသို့ ပြန်မလှမ်းချင်တော့ပါ။ သည်သီချင်းဆိုရတိုင်း သူ ရင်နင့်လှပေ၏။

“ယုံကြည်ချက်မြင့်မား.. အမေ့သားက.. ဘ၀အကြောင်းနားလည် အတုအယောင်လိုက်စား မိုက်မှားဖို့ မရည်ရွယ်.. အချောအလှ မဒီကညာတွေ အစီအရီပေါပေမယ့် သားသဘောက ကျောင်းစာကိုခင်တွယ်… ကျေးဇူးရှင်.. အမေ့ထံသို့ကွယ်.. ပညာစုံမှ ပြန်မယ် အမေရယ်…”

“ဖျတ်” သီချင်းထဲတွင် ဈာန်ဝင်စားခိုက် တဖျတ်ဖျတ်နှင့် လင်းခနဲ၊ လက်ခနဲဖြစ်သွားသော မီးရောင်များကြောင့် သူ လန့်ဖျပ်သွားသည်။ အလို.. နိုင်ငံခြားသားနှစ်ယောက် သူ့ရှေ့မှာ.. ကင်မရာတစ်လုံးစီနှင့် အနီးအဝေး ရှုထောင့်မျိုးစုံမှ မှတ်တမ်းတင်နေကြောင်း လှဘော် သိလိုက်ရသည်။ ပထမသော် သူ့မှာ ကြောင်တက်တက်။ နောက်မှ ငါ၏ စစ်မှန်သော အနုပညာကို ချီးမြှောက်ခြင်းဖြစ်ရာ၏ဟု ခပ်မြင့်မြင့် ကောက်ချက်ချလျက် သီချင်းများကို တစ်ပုဒ်ပြီး တစ်ပုဒ် မရပ်မနား စိတ်ပါလက်ပါ သီကြွေးတော့သည်။ “မာယာတစ်သိန်းနဲ့ ပန်းမမ”၊ “မိနွေမ”၊ “ရင်ခွင်မဲ့သား”၊ ထို့နောက် “သတိရလျက်ပါ မွေးရပ်မြေ” ကို ဆိုနေဆဲ အနှီအနောက်ကမ္ဘာမှ လူသားနှစ်ယောက်သည် သူ့ခွက်ထဲသို့ အကြွေစေ့တစ်စေ့ ပစ်ချသွားလေသည်။

သူတို့ထွက်သွားသည်နှင့် တစ်ပြိုင်နက် ပန်းသည်ခင်နုက အရင် ပြေးလာသည်။

“တော့်ကို ဒင်္ဂါးပြားကြီး ဆုချသွားတာ ထင်တယ် ကိုလှဘော်”။ ခင်နု ထင်မည်ဆိုလျှင်လည်း ထင်လောက်သည်။ ဒင်္ဂါးပြား ပတ်ပတ်လည် ဘိုစာများဖြင့် ရေးသားထားပြီး အလယ်၌ ဆံပင်ဂုတ်ထောက်နှင့် အမျိုးသမီးတစ်ဦး၊ ကျောဘက်တွင်မူ ခေါင်းတွင် အချွန်အတက် ခေါင်းဆောင်းကြီး ဆောင်းထားသော မိန်းမက ရေခဲမုန့်ကြီး မြှောက်လျက်။

“ဟုတ်ပါ့မလား ခင်နုရာ။ ဒီမှာ “၀မ်း” တဲ့။ ရေးထားတယ်။ ဘိုစာ ဟုတ်တိပတ်တိ မတတ်ပေမယ့် ၀မ်း၊ တူး၊ သရီးလောက်တော့ ငါ သိပါတယ်ဟ”

“ဘယ့်နှယ့်မဟုတ်ရမှာလဲ ကိုလှဘော်ရဲ့။ ကျုပ် ပန်းသွားယူနေတယ့် ခင်မာဦးဆိုရင် သူ့လည်ပင်းမှာ ငါးကျပ်သားရွှေဆွဲကြိုးကြီးနဲ့။ ဒီလိုပဲ အရုပ်ပါတဲ့ ဒင်္ဂါးပြားကြီး ဆွဲထားတာ။ တော်တော့ ကော်တာပဲတော်”

ဗေဒင်ဆရာဘိုးဗရှိန်ကတော့ ခပ်ဆဆလေး မှတ်ချက်ပေးပါသည်။

“ရွှေဒင်္ဂါးတော့ မဖြစ်နိုင်ပါဘူးကွယ်။ သူ့ဒင်္ဂါးစေ့က အဲသလောက်မှ မပြောင်ရောင်တာကို” ဘိုးဗရှိန် ထိုသို့ ချက်ကျလက်ကျ တစ်ခွန်းဝင်တောလိုက်သည်ကိုပင် လှဘော်က ငါ့အပေါ် မစ္ဆရိယစိတ် ၀င်ချေပြီဟု စိတ်ထဲမှ တစ်ထစ်ချ သမုတ်လိုက်သည်။ ညနေစောင်းမှ ဆရာတော်ဦးဝိမလထံသို့ လာရောက်ဦးခိုက်သော မြို့မှ တပည့်သာဝကတစ်ဦး ရှင်းပြမှပဲ ပြေလည်တော့သည်။

“ မိန်းမပုံ မဟုတ်ပါဘူးဗျာ။ အဲဒါ သူတို့ အမေရိကန်ပြည်မှာ သမ္မတဖြစ်ဖူးတဲ့ ဂျော့ခ်ျဝါရှင်တန်ရဲ့ ပုံပါ။ ဒီဘက်က လက်မြှောက်ပြီး မီးရှူးတိုင်ကိုင်ထားတာက လစ်ဘာတီရုပ်ထုပေါ့။ ဘယ်ကလာ ရေခဲမုန့်မြှောက်ထားရမှာလဲ။ ဒါ အမေရိကန် တစ်ဒေါ်လာတန် အကြွေစေ့ပါ”

“အေးကွယ့်.. ဒေါ်လာ ဒေါ်လာနဲ့တော့ ကြားဖူးတာကြာပါပြီ။ ခုမှပဲ မြင်ဖူးတော့တယ်။ တစ်ဒေါ်လာဆိုတော့ ဘယ်လောက်များ တန်သတုန်း” ဦးဝိမလ၏ အမေးကို “တစ်ဒေါ်လာဆိုတော့ အကြမ်းဖျဉ်းပြောရရင် တစ်ထောင်ဝန်းကျင်နဲ့ ညီမှာပေါ့ဘုရား” ဟု ပြန်လည်လျှောက်ထားသည်တွင် အနားတွင် ထိုင်နေရသော လှဘော်ခမျာ အားလျော့သွားတော့သည်။

သူသည် တစ်ညနေလုံး ဒေါ်လာအကြွေစေ့ကို လက်ဖြင့် ဆရင်းနှင့် အတွေးနယ်ချဲ့လေရာ တွေးလေ ကျေနပ်လေဖြစ်ရပြန်သည်။ “ဒီဒေါ်လာကျပ်စေ့ တစ်ထောင်ပဲ တန်လဲ ဘာပြုတုန်း။ လောကီ၊ လောကုတ္တရာ နှံစပ်ပါတယ်ဆိုတဲ့ ဆရာတော်တောင် ဒေါ်လာစေ့ကို အရင်က မမြင်ဖူးဘူးတဲ့။ စိန်ဖိုးနောင်ဇာတ် ဒီလောက် နာမည်ကြီးတာ။ သူ့ဇာတ်နဲ့ လိုက်ခဲ့တဲ့တလျှောက်လုံး ဘယ်နိုင်ငံခြားသား လာကြည့်ဖူးတုန်း။ ဘယ်မှာ ဒေါ်လာစေ့ ဆုအချခံရဖူးတုန်း” လှဘော်သည် အကြွေစေ့ကို ဘယ်ပြန်ညာပြန်ကြည့်မ၀ဖြစ်နေလေသည်။ သူ့ဘ၀တလျှောက်လုံး တစ်ခါမျှသာ ကောင်းစားဖူးသည်ဟုဆိုနိုင်သော ရွာဘုရားပွဲတွင် သီချင်းတက်ဆိုစဉ် ကတောင် ဒေါ်လာစေ့မပြောနှင့်၊ ကျပ်စေ့ကျပ်တန်မျှပင် ဆုချမခံခဲ့ရဖူး။

“ကိုင်း ဘယ်သူတွေများ တစ်ပြည်တစ်ရွာက လူတွေ လာပြီး ချီးမြှောက်တာ ခံရဖူးလဲ။ ဂီတဆိုတာ လူမျိုးဘာသာ တူစရာမလိုဘူး။ ခံစားတတ်တဲ့သူက ခံစားတတ်တာပဲ။ အစစ်အမှန်ကို ချပြလိုက်တော့.. ဟော ကြည့်.. ပတ္တမြားစစ်ရင် နွံမနစ်ဘူးလေ” အကြွေစေ့ကို တစ်ချက်နမ်းရှုံ့လိုက်ပြန်သည်။ သူ့ဓာတ်ပုံတို့သည် ထိုနိုင်ငံခြားသားနှစ်ဦးနှင့်အတူ အခြားကမ္ဘာတစ်ဖက်သို့ ရောက်ရှိပေတော့မည်။ ထိုမှတဆင့် တစ်ယောက်စကား တစ်သောင်းကြားပြီး သူ့ကို လာရောက်လေ့လာချေတော့မည်။ လှဘော်သည် အတွေးနှင့်ပင် သူ၏ အောင်မြင်မှုကို ကြက်သီးတဖြန်းဖြန်းထအောင် ခံစားပစ်လိုက်တော့သည်။

(၅)

ထိုနေ့မှစ၍ လှဘော်ခမျာ သူ့အကြွေစေ့အတွက် အမြဲတစေ ဥစ္စာခြောက်ရတော့သည်။ အကြွေစေ့ရသည့် ညက တောင်ဘက်စောင်းတန်းတွင် ကျပျောက်ကတည်းက ပိုပြီးသတိထားတော့သည်။ မနက်အရုဏ်ကျင်းချိန်တွင် စောင်းတန်းလှေကားမှ ချော်ပြီး ဘေးရှိ ရွက်ကြွေခြောက်များကြားတွင် ရောက်နေသော အကြွေစေ့ကို ပြန်တွေ့လေမှ သူ့မျက်နှာ ရွှင်ပျလာတော့သည်။ စားလည်း ဒီစိတ်၊ သွားလည်း ဒီစိတ်။ ပုဆိုးလိပ်ကြားတွင် ထည့်ထားသော အကြွေစေ့ကို အားတိုင်း ထုတ်ကြည့်သည်မှာ ဘယ်နှကြိမ်၊ ဘယ်နှခါမှန်းပင် မမှတ်မိနိုင်တော့။ အကြွေစေ့ စရခါစကတော့ ဘိုးဗစိန်နှင့် ခင်နုတို့က အသစ်အဆန်းမို့ လှဘော်ခမျာ ရူးနေရှာတာနေမှာပါလေဟု တွေးကြသည်။ သို့သော် ရက်မှ လ၊ လမှ နှစ် ကူးလာသော်လည်း လှဘော်အမူအရာက မပြောင်းလဲ။ သူဝေဒနာသည်း၍ နေထိုင်မကောင်းဖြစ်လျှင် ပိုဆိုးသည်။

“အဖျားက အာဂန္တုအဖျားပါဗျာ။ ဆရာတော့်ဆီက အခိုးပွင့်ဆေး တောင်းသောက်လဲ ဖြစ်တာပဲ။ ကျားပရုပ်ဆီကို နာနာသုံးတယ်ဗျာ၊ နေလို့မကောင်းရင် ၀မ်းသာနှုတ်ပစ်လိုက်။ အပူအပုပ်ချဆေးလဲ ဆရာတော့်ဆီက တောင်းလို့ရနေတာပဲ” လှဘော်သည် ဆရာတော်ဦးဝိမလ၏ ကျောင်းကို ဆေးဘဏ်တိုက်ဟု ထင်မှတ်လေသည်။ အင်္ဂလိပ်ဆေးသောက်ရန်၊ ဆေးခန်းသွားရန် တိုက်တွန်းလျှင် ခါးခါးသီးသီးငြင်းဆန်သည်။ သူ့ရောဂါ ဝေဒနာအတွက် အသပြာတစ်ပြားတစ်ချပ်မှ မကုန်လို။ ခင်ဗျား ဒေါ်လှပြား ရောင်းပစ်လိုက်ပါလားဟု သွားပြောလျှင် ရောဂါပိုဆိုးလေတော့သည်။

ဇရာပစ္စယာ မရဏာ ဆိုသည့်အတိုင်း အရွယ်ကလည်း အို၊ အာဟာရမပြည့်၍ ကြုံလှီနေသော ခန္ဓာကိုယ်ကလည်း ဝေဒနာကို ကြာရှည်တွန်းလှန်ခြင်းငှာ မစွမ်းသာသဖြင့် ဒေါ်လာကျပ်စေ့ ရပြီး ၀ါနှစ်ခါကျွတ်လတ်သော် လှဘော်တစ်ယောက် အသက်နှင့်ခန္ဓာ အိုးစားကွဲလေတော့သည်။

မြူနှင်းခပ်ပါးပါးကျလျက်ရှိသည့် ဆောင်းမနက်ခင်းတစ်ခုတွင် လှဘော်၏ အတ္တဘောကြီးက သူကျက်စားရာ တောင်ဘက်စောင်းတန်း ချောင်ကျကျတစ်နေရာတွင် ဆန့်ဆန့်ကြီး လဲနေသည်ကို တွေ့ရသည်။ တစ်ခဏအတွင်း ဆရာတော် ဦးဝိမလ၊ ကပ္ပိယ ဘဘလေးနှင့် ကျောင်းမှ ကိုရင်များ၊ ဗေဒင်ဆရာဘိုးဗရှိန်နှင့် ပန်းသည် ခင်နုတို့ ရှေ့ဆင့် နောက်ဆင့်ရောက်လာကာ အသုဘကမ္မဌာန်းစီးဖြန်းကြသည်။ ခင်နုက မိန်းမသားမို့ စေ့စေ့စပ်စပ်ရှိလှသည်။

“ဒါထက် ဘိုးဗရှိန် ကိုလှဘော်ရဲ့ ဒေါ်လှစေ့ရော ရှာတွေ့ကဲ့လား”

“ကျောင်းအမရယ်.. ခင်ဗျား ပြောတာဖြင့် နောက်ကျနေပြီ။ လှဘော်တို့က သေတာတောင် အကြွေစေ့ကို သံယောဇဉ်မပြတ်ဘူးဗျ။ တစ်ခါတည်း ပါးစပ်ထဲမှာ အံနဲ့ အသေကိုက်ထားတာ”

တစ်ကိုယ်ရည်တစ်ကာယသမား လှဘော်တစ်ယောက် သေပွဲဝင်ရာတွင် မည်ကဲ့သို့  ကြီးကြီးကျယ်ကျယ် တ၍ ငိုရပါမည်နည်းဟု အကြံအိုက်နေသည့် ခင်နုမှာ ဘိုးဗရှိန်စကားဆုံးသည်နှင့် အကြောင်းရှာလို့ ရသွားတော့သည်။

“အမလေး.. ကိုလှဘော်ရဲ့။ သေတာတောင် ကျပ်စေ့ကြီး ခဲလို့တဲ့။ သူ့ဆုတော်ငွေကို ကူးတို့ခအတွက် ယူသွားတာပေါ့နော်.. အမယ်မင်း… အနုပညာသမားကြီး.. သူများနဲ့မတူတဲ့ ဒေါ်လှစေ့ ကူးတို့ခကြောင့် အဆိုတော်ဘ၀ကို ကူးပြောင်းပါစေ.. ဟီး ဟီး ဗြီး”

ခင်နု၏ ငိုချင်းကိုသာ လှဘော်ကြားပါက မိန့်မိန့်ကြီး ပြုံးကာ ကျေနပ်နေပေတော့မည်။ ထို့ထက် ပိုပြီး မည်သူကမှ ဂီတလောက၊ အနုပညာလောကအတွက် ယူကျုံးမရလေခြင်းဆိုသည့် သဘောမျိုးဖြင့် တမ်းတ မှန်းဆမနေကြပါ။ အရူးတစ်ယောက် ထွက်သွားရုံမျှဖြင့် လောကတစ်ခုလုံး မည်သို့ ပြောင်းလဲစရာ ရှိအံ့နည်း။

မျက်ရှု

ဇန်န၀ါရီ ၁၉၊ ၂၀၁၁

2:20 AM