တလောက သူငယ်ချင်းမတစ်ယောက် သူ့ရဲ့ ဘွိုင်းဖရင့်နဲ့အတူ နာမည်ကြီး ဗေဒင်ဆရာတစ်ယောက်ဆီမှာ ဗေဒင်သွားမေးပါတယ်။ နောက်တစ်ရက် နှစ်ရက်ကြာတော့ နင် စနေသားမလား၊ အဲဒါဆိုရင် ငါယတြာချေတာကို ကူစမ်းပါ လို့ ဆိုလာပါတယ်။ ယတြာချေရခြင်း အကြောင်းရင်းကို စပ်စုကြည့်မိတော့ အဘဆရာကြီးက ဓမ္မာ သောက အင်းဝ ရာဇာ သဘောအရ နင်တို့ နှစ်ယောက်နီးဖို့ အကြောင်းမရှိ၊ တကယ်လို့ ပေါင်းချင်တယ်ဆိုရင်တော့ .. ယတြာချေရမယ်လို့ ဟောတယ်ဆိုပဲ။ ဒါ့ကြောင့် ယကြာချေရတာပါလို့ အပူသည်ရုပ်နဲ့ ခပ်ကုပ်ကုပ် ဖြေပါတယ်။ ပြောင်းလဲလာတဲ့ခေတ်နဲ့ အတူ ဗေဒင်ဟောခတွေလည်း ပြောင်းလဲကုန်ပြီ ဆိုတာကို သူငယ်ချင်းမဆီကနေ ထပ်ဆင့် သိခွင့်ရခဲ့ပါတယ်။ မပြောင်းလဲ တာကတော့ ကလိန်ခြုံဗေဒင်ဆရာတွေ ထင်ရာမြင်ရာပြောတာကို မုချဖြစ်မယ်လို့ ယုံတဲ့သူတွေ ရှိနေကြသေးတာပါပဲ။

သမီးရည်းစား၊ လင်မယား ရေရှည်လက်တွဲရာမှာ တစ်ဦးကို တစ်ဦး အပြန်အလှန် ယုံကြည်မှု၊ လေးစားမှု၊  သည်းခံခွင့်လွှတ် နားလည်မှုတွေထက် ဘယ် ဓမ္မာ သောက ရာဇာ တွေက အရေးပိုပြီးပါဦးမလဲ။  ဒီအကြောင်းကို သတိမမူတဲ့ သူငယ်ချင်းမကို နားသည်မွှေးပြုတ်အောင် နှုတ်ချင်ပါတော့တယ်။

ဥပါဒါန်ကြောင့် ဥပဒ်ရောက်ကြရတဲ့ စုံတွဲတွေကို တွေ့ရတာ မနည်းတော့ပါဘူး။ နှုတ်စီးတဲ့ ဆရာကြီးတွေမှာ နောက်ထပ် အကျင့်တစ်ခု ရှိသေးတယ်။ ဗေဒင်လာမေးတဲ့သူကို တွေ့တွေ့ချင်း ဆောက်နဲ့ထွင်းတဲ့ ကိစ္စပဲ။ နင်တို့ လင်မယားကွဲကိန်း ကြုံနေပြီ။ နင့်ယောက်ျား ခြေများတတ်တယ်။ ဒီလိုမျိုး ရန်တိုက် ပေးတတ်ကြပါသေးတယ်။ နင့်ယောက်ျားခြေများနေပြီလို့ ဗေဒင်ဆရာပြောတာနဲ့ စဉ်းစားဆင်ခြင်ညဏ် မရှိဘဲ လင်ယောက်ျားကို ရန်လုပ်တာလို့ လင်မယားချင်း ပြသနာတက်ရပေါင်းလည်း မနည်းလှတော့ပါဘူး။


ဆရာကြီး လုပ်တဲ့သူတွေဟာ နှုတ်ကို ဆင်ခြင်ရပါမယ်။ မကောင်းတာ ကြုံရမှာ မလွဲ၊ တစ်ထစ်ချ သိရင်တောင်မှပဲ ဗေဒင်မေးသူရဲ့ စိတ်ထဲ ဥပါဒ်ဒါန် မစွဲရလေအောင် ဖျောင်းဖျောင်းဖျဖျ ပြောဆို သင့်ပါတယ်။

စာခြောက်တန်း ဖြောင့်ဖြောင့် ရွတ်တတ်ယုံနဲ့ ကောဏ္ဍညလောက် နီးနီးသိပြီလို့ ဘ၀င်သွေးနားထင် ရောက်တဲ့ ဗေဒင်ဆရာ အမည်ခံလူဖျင်းတွေကြောင့် ဗေဒင်ပညာဟာ ၀ါးလုံးချေးသုတ် အရမ်းခံရတာ ကြာပါပြီ။ တစ်ချို့က လာသေးတယ်။ ကိုယ်အကြောင်း ကိုယ်မသိ၊ ကိုယ့်အားကိုယ် မကိုးစားဘဲနဲ့ ဆြာကြီး ဘယ်သူ ဘယ်ဝါရဲ့ သားတပည့် မြေးတပည့် ဆိုပြီး ဆိုင်းဘုတ် တပ်သေးတယ်။ ကိုယ့်ဟောခန်းဆိုင်းဘုတ် ကိုတောင် ဘာအရောင် ဆေးသုတ်ရမယ်၊ ဘယ်နေရာမှာ ထားရမယ်မှန်း မသိတဲ့ သားတပည့်၊ မြေးတပည့်တွေကို တွေ့ရတော့ ဂျပန်စိတ်ပေါက်ပြီး ဒင်းတို့ကို နားရင်းအုပ် ချင်လာပါတယ်။ ကိုယ်အသုံးမကျတာကို အထုပ်ဖြေပြရုံတင်သာမက ဆြာကြီးတွေရဲ့ နာမည်စွမ်း၊ ပညာစွမ်းကို စော်ကားမှု
ပုဒ်မတစ်ခုပါ ထပ်တိုးပြီး ဇက်ပိုးကို ထပ်ပြီး ရိုက်ချင်မိပါသေးတယ်။

ဗေဒင်ဆိုတာ လောကီပညာရပ်တစ်ခုသာ ဖြစ်ပါတယ်။ သံသရာ ၀ဲဂယက်ကနေ ရုန်းထွက်နိုင်မယ့် လွတ်မြောက်ရာလမ်းကို ပြနိုင်တဲ့ အရာမဟုတ်ဆိုတာကို ဗေဒင်မေးမယ့်သူတွေ၊ ဗေဒင်ဆရာတွေ ကြပ်ကြပ် ဆင်ခြင်သင့်ပါတယ်။

ဗမာမှုအလေ့ အငွေ့အသက်နဲ့ မကင်းကြတဲ့ သူတိုင်း အောင်ပ၊ ကုလား၊ ဆွေသား၊ တော်ရင်း မိတ်ဖက်ခြင်း  ဦးညို၊ ခေမာ၊ သုတ၊ ဝေရီ ရန်စီစီ ဆိုတဲ့ ဗေဒင်လင်္ကာ သံပေါက်တွေကို ကြားဖူးကြမှာပါပဲ။

ပညာသည် ဟန်ဆောင်တဲ့ ဗေဒင်ဆရာတွေကို ဘာကြောင့် အောင်ပ ဖြစ်ရတာလဲ။ ဘာဖြစ်လို့ ကုလား ဖြစ်ရတာလဲ။ ဦးညိုက ဘာ့ကြောင့် ရန်တစီစီ ဖြစ်ရတာလဲ။ စိတ်တိုတတ်လို့လား။ လူ့ဂွစာကြီးမို့လား ဆိုပြီး အရွဲ့တိုက် မေးကြည့်ရင် ကိုယ်မသိတာကို မသိကြောင်း ၀န်ခံရဲတဲ့ သတိ္တမရှိဘဲ ဒါတွေဟာ လူသာမန်တွေ မသိအပ်တဲ့ ကိစ္စဖြစ်လေဟန် ရွှီးတတ်ကြပါတယ်။ လောကီပညာမှာ လူတိုင်းမသိသင့်တဲ့ ကိစ္စရပ်တွေ ရှိသလို၊ သိသင့်သိထိုက်တာတွေလည်း ရှိပါတယ်။

မယုံကြည်နိုင်စရာတွေကို ကြားရဖန်များလွန်းတော့ ဒီပညာကို မယုံကြည့်ကြတော့တာ မဆန်းပါဘူး။ တကယ်တော့ ဗေဒင်ပညာကို စီရင်ခဲ့ကြတဲ့ ရှေးသူဟောင်းတို့ဟာ ဒီသံပေါက်တွေကို အကြောင်းမဲ့ ဖန်တီးခဲ့ကြတာ မဟုတ်ပါဘူး။ စာခြောက်တန်းဆိုတာက ..

အပြင်မိတ် (မိတ်တု)
အောင်ပ ကုလား ဆွေသား တော်ရင်း

အတွင်းမိတ် (မိတ်စစ်)
ဦးသာ စိန်ပန်း ဒါန်းလှ ကိုရှာ

အပြင်ရန် (ရန်တု)
ဦးညို ခေမာ သုတ ဝေရီ

အတွင်းရန် (ရန်စစ်)
ဓမ္မာ သောက အင်းဝ ရာဇာ

ဓါတ်မိတ်
အန္တော စရေ ဂဗ္ဘေ ၀ံသေ

ဓါတ်ရန်
ဦးဝေ စံကူး ရေဗူး တောသူ တို့ပဲ ဖြစ်ပါတယ်။

လောကီပညာမှာ စာခြောက်တန်းသာ ရှိတယ်လို့ အများက သိကြပါတယ်။ တကယ်တော့ စာခုနစ်တန်းရှိပါတယ်။ တိမ်မြုပ်နေပြီဖြစ်တဲ့ နောက်ထပ် စာတစ်တန်းအကြောင်းကို သိသူ၊ အသုံးချသူကတော့ တော်တော်နည်းပါတယ်။ တစ်ချို့ဆရာတွေကလည်း မသူတော်တွေ အသုံးချမှာ စိုးတဲ့အတွက် လွယ်လင့်တကူ လက်ဆင့်ကမ်းခဲ့တာမျိုး မလုပ်ကြပါဘူး။ ဒီလိုနဲ့ ကာလကြာတော့ တိမ်မြုပ် ကွယ်ပျောက် သွားတော့တာပါပဲ။ တိမ်မြုပ်နေတဲ့ နောက်ထပ်စာတစ်တန်း အကြောင်းကိုလည်း တလက်စတည်း အောက်မှာ ဖော်ပြထားပါတယ်။

အင်တာနက်ကို အသုံးပြုကြလေတဲ့ နောင်လာနောက်သားတွေ သိရလေအောင် ဒီဗေဒင်လင်္ကာတွေ ဘယ်လို ဖြစ်လိုဖြစ်ပေါ်လာတယ်။ ရှေးသူဟောင်းတွေ ဘယ်လို စီရင်ခဲ့တယ်ဆိုတာကို ဗဟုသုတရအောင် အကျဉ်းရုံးပြီး ပြောချင်ပါသေးတယ်။

လောကီပညာရပ်ကို စလေ့လာမယ်ဆိုရင်တော့ ရှေးကျမ်းတွေမှာ ကပ္ပလို့ သုံးနှုန်းကြတဲ့ ကမ္ဘာကြီး ဘယ်လိုဖြစ်ပေါ်လာတယ် ဆိုတာကိုပြတဲ့ ကမ္ဘာတည်ခန်းကနေ စပြီးလေ့လာရပါတယ်။ ဒီအကြောင်းအရာဟာ ဘုရားဟော မဟုတ်ပါဘူး။ ဟိန္ဒူကျမ်း အလိုသာ ဖြစ်ပါတယ်။ လောကီကျမ်းများ အလိုအရ န၀င်းဟာ အချုပ်လို့လည်း ယုံကြည်ကြပါတယ်။ ဒီနေရာမှာတော့ ဗေဒင်ကျမ်းတွေနဲ့ မိရိုးဖလာ ဗုဒ္ဓဘာသာ ကိုးကွယ်မှုတွေဟာ ထွေးရောယှက်တင် နေပါတယ်။

အစဉ်အလာအရ ဗုဒ္ဓရဲ့ ခြေတော်မှာ စက်လက္ခဏာ ၁၀၈ ကွက် ပါရှိတယ်။ စကြ၀တေးမင်းတို့မှာတော့ စက် ၁၀၇ ကွက်သာလျှင် ရှိကြကုန်တယ်လို့ ယုံကြည်ကြပါတယ်။ ဒီယုံကြည်မှုအကြောင်းကို ဦးပုညရေးခဲ့တဲ့ ၀ိဇယပြဇာတ်မှာ မာလာကုမုဒ်၊ လက်သွယ်ပျောင်းကို၊ ဆယ်ချောင်းရုပ်လို့၊ ရှိအုပ်မြှောက်တင်၊ တရာ့ခုနစ်ကွက်၊ ၀င်းထိန်လက်တဲ့၊ စက်ရွှေစင်ကို၊ ရွက်တင်ထိပ်ပေါ်၊ ရွှေဖယောင်းအိ၊ နေညောင်းရိသို့၊ ရှိခိုးပူဇော်၊ သားတော်ကန်တော့ခဲ့ပါသည် လို့ဆိုပြီး ဖွဲ့နွဲ့ထားတာကို အထင်အရှားမြင်နိုင်ပါတယ်။

ဒီယုံကြည်မှုတွေနဲ့ ဗေဒင်ပညာ ဆက်စပ်နေတာကို ထပ်ပြီးဖော်ပြပါ့မယ်။ ဒီအကြောင်းကို မပြောခင်မှာ အရင်ဆုံး ပါပဂြိုဟ်၊ သောမဂြိုဟ်တွေ အကြောင်းကို ပြောပါဦးမယ်။ တနလာင်္၊ ဗုဒ္ဓဟူး၊ ကြာသပတေး၊ သောကြာ စတဲ့ဂြိုဟ်တွေဟာ သောမဂြိုဟ်တွေဖြစ်ပြီး၊ ဣဋ္ဌသဘောကိုဆောင်တယ်။ တနင်္ဂနွေ၊ အင်္ဂါ၊ စနေ၊ ရာဟု စတဲ့ဂြိုဟ်တွေကတော့ အနိဋ္ဌသဘောကို ဆောင်ပါတယ်။

တနင်္ဂနွေဟာ ၁ ဂဏန်းကို အစိုးရတယ်။ တနင်္လာက ၂ ဂဏန်း၊ အင်္ဂါက ၃ ဂဏန်း၊ ဗုဒ္ဓဟူးက ၄ ဂဏန်း၊ ကြာသပတေးက ၅ ဂဏန်း၊ သောကြာက ၆ ဂဏန်း၊ ရာဟုက ၈ ဂဏန်းနဲ့ စနေဟာ ၇ ဂဏန်း (သို့) ၀ (၀လုံးမဟုတ် သုညသာဖြစ်တယ်။) ကို အသီးသီး စိုးမိုးကြပါတယ်။ လောကီပညာမှာတော့ စနေကို ၀ လို့သာ ရေးထုံးရှိပါတယ်။

ဂြိုဟ်တွေရဲ့ ပရိယာယ်အကြောင်းကိုတော့ မပြောတော့ဘူး။ ဘုရားစောင်းတန်းက စာအုပ်တွေသာ ၀ယ်ဖတ်ပေတော့။ ဂြိုဟ်သက်တွက်နည်း အကြောင်းကိုပဲ ဆက်ပြီးပြောပါ့မယ်။

ဘုရားရှင်တော်ရဲ့ ခြေတော်စက် ၁၀၈ ကွက် ကို အရင်းတည်၊ အရပ် ၈ မျက်နှာနဲ့ စားရင် ရလဒ် ၁၂၊ အကြွင်း ၄ ရမယ်။ ရလဒ် ၁၂ ကို နေလ ၂ ပါး ရှိတာ အကြောင်းပြုပြီး၊ ၂ နဲ့ နောက်တစ်ခါထပ်ပေါင်း၊ ရလဒ် ၁၅ ဟာ တနလာင်္သောမဂြိုဟ်သက်ဖြစ်တယ်။ (ရှေးကျမ်းတွေမှာတော့ ဒီလောက် မရှည်ဘူး၊ ရလဒ်၊ အကြွင်းကို နေလနှစ်ပါးနှောလေ လို့ပဲ တိုတိုတုတ်တုတ်ရေးပါတယ်။)

ကဲ … ရလာတဲ့ တနင်္လာဂြိုဟ်သက်ကို နောက်တစ်ခါ နေလ နှစ်ပါးထပ်နှောရင်၊ ဗုဒ္ဓဟူး သောမဂြိုဟ်သက် ရပြီ။ ဗုဒ္ဓဟူး ဂြိုဟ်သက်ကို နေလနှစ်ပါးထပ်နှောရင် ကြာသပတေးဂြိုဟ်သက်ရ၊ ကြာသပတေးဂြိုဟ်သက်ကို နေလနှစ်ပါး ထပ်နှောရင်တော့ သောကြာဂြိုဟ်သက်ရတယ် ဆိုတာကို မြင်ပြီလို့ ယူဆပါတယ်။ သောကြာဂြိုဟ်သက် ရပြီဆိုရင်တော့ ဘရိတ် အုပ်ပေတော့။

ပါပဂြိုဟ်သက် တွက်နည်းကလည်း ဒီနည်းအတိုင်းပါပဲ။ အကြွင်း ၄ ကို နေလနှစ်ပါးနှော၊ တနင်္ဂနွေ၊ အင်္ဂါ၊ စနေ၊ ရာဟု အစဉ်အတိုင်း ရပါမယ်။

စကားမစပ်ပြောချင်တာက ဘီအေ၊ ဘီအက်စ်စီရတဲ့ ဗေဒင်ဆရာတစ်ချို့တွေမှာ အကျင့်ရှိတတ်တယ်။ ဂဏန်းတွက်တဲ့ နေရာမှာ မြန်မာအက္ခရာနဲ့ မရေးချင်ကြဘူး။ အင်္ဂလိပ်အက္ခရာသုံးပြီး မြန်မာ့ရိုးရာ ပညာရပ်တွေကို တွက်ကြချက်ကြပါတယ်။ ဒါဟာ ဘာနဲ့တူသလဲဆိုတော့ ၀ိသာခါကျောင်းအမကို မီနီစကပ်ဝတ်ပေးတာနဲ့ တူပါတယ်။ မြန်မာမှုကို လေးစားကြတဲ့ ပညာသည်တိုင်း သတိထားသင့်ပါတယ်။ အဖြေရတာချင်းတော့ တူပါတယ်။ ဒါပေမယ့် အစဉ်အလာတစ်ခုကို မပပျောက်ရ လေအောင် ထိန်းသိမ်းသင့်ပါတယ်။

အထက်ကဆိုခဲ့တဲ့ လင်္ကာတွေကို ရှေးသူဟောင်းတွေက ပရမ်းပတာ စီရင်ခဲ့တယ်လို့ ထင်ရင်တော့ မှားပါလိမ့်မယ်။ လူအများ သိကြတဲ့ န၀င်းနဲ့ပဲ ဥပမာတစ်ခု ပြချင်ပါတယ်။ အတွင်းမိတ်ဖြစ်တဲ့ ဦးသာ စိန်ပန်း ဒါန်းလှ ကိုရှာ ဆိုတဲ့ ကိန်းကို လေ့လာကြည့်ပါ။ ဒီလင်္ကာကို နံသင့် သချာင်္သွင်းရင်

ဦးသာ (၁+၆)
စိန်ပန်း (၃+၅)
ဒါန်းလှ (၀+၄) နဲ့
ကိုရှာ (၂+၈) ဆိုပြီး အသီးသီး ရပါတယ်။

ဒီဂဏန်းတွေကို နောက်တစ်ခါ သောမ ပါပ ခွဲကြည့်ပါဦးမယ်။

ဦးသာ (၁+၆) ပါပဂြိုဟ်+သောမဂြိုဟ်
စိန်ပန်း (၃+၅) ပါပဂြိုဟ်+သောမဂြိုဟ်
ဒါန်းလှ (၀+၄) ပါပဂြိုဟ်+သောမဂြိုဟ်
ကိုရှာ (၂+၈) သောမဂြိုဟ်+ပါပဂြိုဟ် ဆိုပြီး အသီးသီးထပ်ရပါတယ်။

ဒါကိုပဲ ဂြိုဟ်သက်စဉ်တွေ သွင်းကြည့်ပြန်ရင်

ဦးသာ (၁+၆) ပါပဂြိုဟ်+သောမဂြိုဟ် (၆ နှစ် + ၂၁ နှစ်)
စိန်ပန်း (၃+၅) ပါပဂြိုဟ်+သောမဂြိုဟ် (၈ နှစ် + ၁၉ နှစ်)
ဒါန်းလှ (၀+၄) ပါပဂြိုဟ်+သောမဂြိုဟ် (၁၀ နှစ် + ၁၇ နှစ်)
ကိုရှာ (၂+၈) သောမဂြိုဟ်+ပါပဂြိုဟ် (၁၅ နှစ် + ၁၂ နှစ်) ဆိုပြီး ရပါသေးတယ်။

ဂြိုဟ်သက်တွေကို ပေါင်းကြည့်ကြဦးစို့။ ဦးသာကို ပေါင်းရင် ၂၇ နှစ် န၀င်းဖြစ်တယ်။ စိန်ပန်းကို ပေါင်းရင် ၂၇ နှစ် န၀င်း ဖြစ်သေးတာပဲ။ ဒါန်းလှကို ပေါင်းရင်လည်း ၂၇ နှစ် န၀င်း ထပ်ဖြစ်ပြန်တယ်။ ကိုရှာကို ပေါင်းရင် ၂၇ နှစ် န၀င်းပဲ ရပြန်ပါတယ်။ ဒါဆိုရင် ရှေးသူဟောင်းတွေဟာ ဒီကိန်းတွေကို စနစ်တကျ စီရင်ခဲ့ကြတာဆိုတာ သိသာလောက်ပြီလို့ ထင်ပါတယ်။

ဒီန၀င်းတွေဟာ ပါပဂြိုဟ်နဲ့ သောမဂြိုဟ်တွေ ပေါင်းစည်းမှုကနေ ဖြစ်ပေါ်လာတဲ့ အတွက် ကောင်းကျိုး၊ ဆိုးကျိုးကို အထိုက်အလျောက်သာလျှင် ပေးစွမ်းနိုင်တယ်၊ ပါပနဲ့ပါပချင်း၊ သောမနဲ့ သောမချင်း ပေါင်းစည်းမှ သာလျှင် ကောင်းကျိုးဆိုးကျိုးကို သိသာထင်ရှားလိမ့်မယ် လို့ ပညာသည်များက မြွက်ဟ ခဲ့ကြပါတယ်။

ဒီလိုဆိုရင် ဘယ်န၀င်းအတွဲတွေက ကောင်းကျိုး၊ ဆိုးကျိုးကို တိတိပပ ပေးစွမ်းနိုင်သလဲလို့ အမေးထုတ်စရာ ရှိပါမယ်။ အဲဒါကတော့ တိမ်မြုပ်ပျောက်ကွယ်နေတဲ့ နောက်ထပ် လောကီဗေဒင် စာတန်းတစ်ခု ပါပဲ။ ဒီပျောက်ကွယ်နေတဲ့ စာတစ်တန်းကိုတော့ သူဟောင်းတွေက အရိုင်း၊ ခေါင်သောက်၊ လူမိုက်၊ စိတ်တို ဆိုတဲ့ လင်္ကာနဲ့ ညွှန်းဆိုခဲ့ပါတယ်။ အူရိုင်းကလေး တစ်ယောက် ခေါင်းရည် သောက်ယုံနဲ့တင် လူမိုက်စိတ်ဝင်ပြီး စိတ်တိုလာတယ်။ ရိုက်မောင်းပုတ်မောင်း ပြုချင်လာတယ်လို့ ဆိုလိုချင်တာများလားတော့ မသိပါဘူး။

အရိုင်း၊ ခေါင်သောက်၊ လူမိုက်၊ စိတ်တို လင်္ကာကို ဂြိုဟ်သက်စဉ်သွင်း၊ ပါပ သောမခွဲကြည့်ရင်တော့ ဟောသလို တွေ့ရပါမယ်။

အရိုင်း (၁+၈)၊ (ပါပ+ပါပ)၊ (၆ နှစ် + ၁၂ နှစ်) ပေါင်း ၁၈ နှစ်၊ န၀င်း၊
ခေါင်သောက် (၂+၆)၊ (သောမ+သောမ)၊ (၁၅+၂၁) ပေါင်း ၃၆ နှစ်၊ န၀င်း၊
လူမိုက် (၄+၅)၊ (သောမ+သောမ)၊ (၁၇ နှစ် + ၁၉ နှစ်) ပေါင်း ၃၆ နှစ်၊ န၀င်း၊
စိတ်တို (၃+၀)၊ (ပါပ+ပါပ)၊ (၈ နှစ် + ၁၀ နှစ်) ပေါင်း ၁၈ နှစ်၊ န၀င်း၊

ရှေးသုဟောင်းတွေဟာ ဒီလင်္ကာတွေကို လောကီနဲ့ အပ်စပ်ရလေအောင် စနစ်တကျ စီရင်ခဲ့တာကို လယ်ပြင်မှာ ဆင်သွားသလို ထင်ထင်ရှားရှား မြင်နိုင်ပြီလို့ ယူဆပါတယ်။ ဗေဒင်ပညာ ဘယ်လောက်ကောင်းတယ်။ မှန်တယ်ပဲ ပြောပြော ဘုရားရှင် ဟောကြားတော်မူခဲ့တဲ့ သစ္စာလေးပါးထက် မှန်တာ မရှိသေးဘူး။ ဒီတော့ လောကီလူ့သဘာဝအရ အပူလုံးဆိုက်လို့ ဗေဒင်လေး ဘာလေး ပြေးမေးရင်လည်း အလွန့်အကျွံ စွဲစွဲလမ်းလမ်း မဖြစ်ရလေအောင် အသိတရားကို လက်ကိုင် ထားကြပါလို့ ပြောချင်ပါတယ်။

မောင်ကြပ်ခိုး